ထွက်ပြေးမှုဝါဒ

ထွက်ပြေးမှုဝါဒ
Published 1 January 2022
ကေဝိုင်

လွန်ခဲ့သည့် တစ်နှစ်ခန့်က စာအုပ်ဆိုင် မှ ဘာသာပြန်စာအုပ်တစ်အုပ် ဝယ်ခဲ့သည်။ စာအုပ်၏ မျက်မှာဖုံးတွင် ရေးထားသည့် စာ သားကို စိတ်ဝင်စားမိ၍ဝယ်ခဲ့ခြင်းဖြစ်၏။

“၁၉၉၂ ခုနှစ် ဧပြီလအတွင်း၌ အရှေ့ ဘက်ကမ်းရိုးတန်းဒေသ၏ ကြွယ်ဝချမ်းသာသော မိသားစုနောက်ခံရှိ လူငယ်တစ်ဦးသည် အလာစကာပြည်နယ်သို့ ကားကြုံစီး၍ ခရီးထွက်လာခဲ့ပြီး မက်ကင်လေးတောင်၏မြောက် ဘက် လူသူနေထိုင်ခြင်းမရှိသော ကန္တာရတောကြီးအတွင်း တစ်ဦးတည်းလမ်းလျှောက် ဝင်ရောက်သွားခဲ့သည်။ ထို့နောက် လေးလ အကြာတွင် ဆတ်မုဆိုးအဖွဲ့တစ်ဖွဲ့က သူ၏ပျက်စီးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ သည်။”

ဝယ်ပြီး တော်တော်နှင့် မဖတ်ဖြစ်၊ ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေကတော့ ပျင်းပျင်းရှိ သည်နှင့် စာအုပ်ကိုကောက်ကိုင်လိုက်ရာ လက်က မချနိုင်ဘဲ ခရစ္စမက်ကန်းဒလက်စ်က သူနှင့်အတူ အလာစကာအထိ ခေါ်သွားခြင်းကို ခံခဲ့ရသည်။ မိဘ၊ ပတ်ဝန်းကျင်၊ ရုပ်ကမ္ဘာကြီးနှင့် အဆင်မပြေသူတစ်ဦးက သဘာဝတရား၏ ခေါ်ဆောင်ရာ လိုက်ပါရင်း နောက်ဆုံး သူ အကျွမ်းမဝင်သည့် တောကြီးကန္တာ အလယ် အသက်ဆုံးခဲ့ရသည့် အဖြစ်။

သူ့အကြောင်း ဖတ်မိသည့် လူများစွာက ရူးသွပ်မှုတစ်ခုဟု ပြစ်တင်ဝေဖန်ကြသော်လည်း စာရေးဆရာကတော့ ထိုလူငယ်၏ ထွက်ပြေးမှုဝါဒကို အကာအကွယ်ပေးထားသည်။ ဤသို့သောလူမျိုး အများကြီးရှိပါသည်။ ထိုအကြောင်းကို ဖွဲ့သီကြသည့် အနုပညာလက်ရာများလည်း အများကြီးရှိကြပါသည်။

“လူတွေနဲ့ ဝေး ... ဝေး ... ဝေးတဲ့နယ် မြေ၊ အတူတူသွား ... သွား ... သွားကြမယ် လေ၊ နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာ ပျော်နေ ... သဘာဝရဲ့ ရင်သွေးငယ်တွေ”ဟူ၏။

တစ်ခေတ်တစ်ခါ စိုင်းထီးဆိုင်က ဤသို့ ဟစ်ကြွေးခဲ့ဖူးသည်။ ထိုသီချင်းကို ရေးဖွဲ့ သူမှာ ဆရာစိုင်းခမ်းလိတ်ဖြစ်ရာ လူတို့နှင့် ဝေးဝေးနေလိုခြင်းမှာ အနုပညာသမားတို့၏ ပင်ကိုယ်သဘာဝဟု ဆိုရမည်လား မပြောတတ်ပါ။

ကဗျာဆရာကြီး ဒဂုန်တာရာကတော့ သူ့ခေတ်သူ့အခါက နိုင်ငံရေးတို့နှင့် ဝေးရာ၊ လူတို့ ဖန်တီးထားသည့် စိတ်ကူးဝတ္ထုများ၊ အတုရုပ်ရှင်များမရှိရာ၊ အဘွား၏ ဆူသံ ငေါက်သံတို့ ကင်းရာ ပြင်သစ်ပိုင် ပိုလီနီးရှား ကျွန်းစုထဲက တဟီတီကို ထွက်ပြေးချင်သည်။ သူ၏ တဟီတီကိုသွားရအောင်ကဗျာမှာ နာမည်ကြီး။ ထိုကဗျာ၏ ခေါင်းစဉ်အောက်တွင် ကဗျာဆရာ၏ထွက်ပြေးမှုဝါဒဟု သုံးနှုန်းထားသည်ကို မှတ်မိနေ၏။

 

“သရက်ပွင့်တို့၊ နီကျင့်ဝါ၀ါ

ကြွေရင့်ဖွာကြ၊ လွင့်ကာရှပ်ရှပ်

ရေကမ်းစပ်သို့၊ ပြေးကပ်တော့မည်

ပင်လယ်ဆီသို့၊ တီဟီတီဆိုတဲ့

ကျွန်းကလေးလေ။”

 

သူ့ကဗျာကို ဖတ်မိမှ မြင်နေကျ သရက်ဖူး၊ သရက်ပွင့်တို့ပင်လျှင် ပိုလှလာသည် ထင်မိသည်။ ပင်လယ်ကမ်းစပ်ကို တက်လာလိုက် ပြန်ဆင်းသွားလိုက်ဖြစ်နေသည့် လှိုင်းတို့၏သဘာဝကို မြင်ယောင်လာသည်။ လှိုင်းပုတ် သံကိုကြားယောင်လာသည်၊ ကဗျာထဲက အသံထွက်လာသည်မှာ လှပသည့် အနုပညာဖန်တီးမှုဟု ဆိုနိုင်ပါသည်။

 

“ဘယ်လိုလဲမေ

လူထဲသူထဲ၊ ဟန်ဆောင်ဝဲမှ

တိုးရှဲဝေးရာ၊ ထိုကျွန်းသာကို

ဘယ်ခါလိုက်မည် ပြောစမ်းပါ့။   ။”

 

သို့သော် တစ်ယောက်တည်းတော့ မသွားချင်၊ ချစ်သောမေ့ကိုပါ အတူလိုက်ဖို့ ခေါ်နေသည်၊ ဘယ်သို့ ဖြေမည်ကိုသိချင်လှ၏၊ သို့သော်ကဗျာက ဤမှာ ဆုံးသွားသဖြင့် နောက်ပိုင်းဖြစ်ပျက်သမျှကို စိတ်ကူးတွင်သာ ပုံဖော်ကြည့်ရမည်ထင်သည်။

အချို့ကတော့ ဤကဲ့သို့သော ထွက်ပြေးမှုဝါဒကို လက်မခံချင်ကြပါ။ပစ္စက္ခအခြေအနေကို မျက်ကွယ်ပြု၍ တစ်ကိုယ်တော် လွတ်ရာလွတ်ကြောင်းရှာခြင်းဟု ဆိုကြသည်။ ကိုယ်ရောက်နေသည့်ခေတ်က တင်ပေးလိုက်သည့် သမိုင်းပေးတာဝန်ကို ပခုံးပေါ်မှ ခါချခြင်းဟု မြင်ကြသည်။ တစ်ကိုယ်ကောင်းဆန်သည့် စိတ်ထား၊ ကိုယ်ကျင်လည်ရာ လူ့ဘောင်လူ့ အဖွဲ့အစည်းကို သစ္စာဖောက်ခြင်းဟု ပြောကြ အပြစ်တင်ကြသည်။

ကိုးကွယ်ရာ ဘာသာအယူဝါဒများအရ ကတော့ လူ့ရွာငြီးလို့ တောရပ်မှီးသည်မှာ ရှေးသူတော်စင်တို့၏ထုံး၊ တောထွက်သည်ဆိုသည်မှာ ကောင်းသောအလေ့ဟု အများက လက်ခံထားသော်လည်း ရံဖန်ရံခါတွင် လော ကီအမြင်နှင့် လောကုတ္တရာအမြင်မှာ ကွာခြားမှုရှိနိုင်ပါသည်၊ ထို့ကြောင့် ဦးပုညကတော့ သူ့ဝသီအတိုင်း ခပ်ထေ့ထေ့ဆိုသည်။

 

“သပိတ်ကိုလွယ်

သားရေနွယ်ကွဲ့ရှာတုန်း

ချောင်အနီးမှာလ

မောင်ကြီးတစ္ဆေကိုက်လိမ့်မယ်

မင်းလိုက်ခဲ့အုံး”တဲ့။

 

လူ့လောက လူ့ပတ်ဝန်ကျင်တွင် နေကြသူတိုင်း သူ့ဘဝ၊ သူ့ပတ်ဝန်းကျင်ကို ကျေနပ် ပျော်မွေ့နေကြသည်မဟုတ်ချေ။ စစ်မက်များ၊ အငတ်ဘေးများ၊ ဖိနှိပ်မှုများ၊ သဘာဝဘေး အန္တရာယ်များ ကြုံတွေ့လာကြသည့်အခါ သူ့ဘဝသူ့ပတ်ဝန်းကျင်ကို စွန့်ခွာထွက်ပြေးလိုစိတ်များ ပေါ်လာတတ်သည်။ အဆင်မပြေမှုများ၊ အစိုးမရမှုများ၊ အလိုမပြည့်မှုများ ကြုံလာရသည့်အခါ လူတို့နှင့် ဝေးရာမှာ ပုန်း ရှောင်နေချင်ကြသည်။ လူအချို့ကတော့ လူ့အသိုင်းအဝိုင်း လူ့ပတ်ဝန်းကျင်မှ ထွက်ပြေးကြသည်။ ထို့ထက်လွန်ကဲသူ အချို့ကတော့ လူ့ဘဝလူ့လောကမှ ထွက်သွားကြသည်။ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်အနေဖြင့် လူ့အသိုင်းအဝိုင်းမှ ထွက်ပြေးခြင်းကို ထွက်ပြေးသူ၏ ရည်ရွယ်ချက်ကို မူတည်၍ လက်ခံကောင်း လက်ခံသော်လည်း ဘယ်အကြောင်းကြောင့်မဆို လူ့ဘဝမှ ထွက်သွားခြင်းကိုမူ လက်မခံပေ။ “အဖန်ငါးရာငါးကမ္ဘာ”ဟု ဆို ထားပြီး တရားဥပဒေအရလည်း တားမြစ်ထားသည်။

လူ့ဘဝမှ ထွက်သွားကြခြင်းမှာ အချို့လူများအတွက် လောကဓံဆိုးကို ကြုံရ၍လည်း ဖြစ်မည်။ အချို့အတွက် ဂုဏ်သိက္ခာအတွက် ဖြစ်မည်။ ဂျပန်နိုင်ငံသည် ကမ္ဘာတွင် မိမိကိုယ် မိမိသတ်သေမှုနှုန်း အမြင့်ဆုံးဟု ဆိုကြသည်။ ဂျပန်လူ့အဖွဲ့အစည်းသည် အရှက်တရားကို အဓိကထားရာ မိမိဂုဏ်သိက္ခာအတွက် သတ် သေခြင်းကို ဂုဏ်ယူစရာ ကိစ္စတစ်ရပ်အနေဖြင့် မှတ်ယူထားသည်ဟူ၏။ တချို့တလေကျတော့ ကြံရာမရခြင်းဖြစ်မည်။ ဘာလုပ်၍ ဘာကိုင်ရမည်မသိဘဲ အလွယ်ဆုံးလမ်းကို ရွေးချယ်သွားခြင်းလည်း ဖြစ်နိုင်သည်။

ဆင်းရဲဒုက္ခကြုံရခြင်းကြောင့်ဟု ယေဘုယျဆိုနိုင်သော်လည်း အမြဲတမ်းမှန်နိုင်သည် မဟုတ်ချေ။ ကဗျာဆရာ သုခမိန်လှိုင်က သူ၏ မာရီလင်မွန်ရိုးတမ်းချင်း ကဗျာတွင် အောင်မြင်ကျော်ကြားနေချိန်၌ မိမိကိုယ်မိမိ သတ်သေသွားသော မွန်ရိုးကို ဤသို့ မေးခွန်း ထုတ်ခဲ့ဖူးသည်။

 

“မရမ်းရောင်ရှမ်ပိန်

ရေခဲစိမ်မာတနီ

ငွေချည်ရောင်ရေခဲသေတ္တာတို့ကြားက

အဆိပ်သောက်၍ သေဆုံးသွားသော

ဟောလိဝုဒ်ရဲ့ကြယ်ပွင့်အပြာ

အို... မာရီလင်မွန်ရိုး

ချမ်းသာခြင်းမှာ

ဘာဒုက္ခများတွေ့ခဲ့ပါသလဲ” ဟူ၏။

မည်သို့ပင်ဆိုစေ၊ လူသည် တစ်ခါတစ်ခါ စိတ်ထွက်ပေါက်ရှာတတ်ကြသည့် သဘောရှိသည်။ လက်ရှိအခြေအနေနှင့် ဝေးဝေးနေချင်သည့်အခါများ ရှိသည်။ ထိုအခါမျိုးတွင် စိတ်ပုတီးနှင့် ရိပ်ကြီးခိုချင်စိတ်များ ပေါ်လာတတ်သည်။ သစ်တစ်ပင်အောက် ၀ါးတစ်ပင်အောက်မှာ ဧကစာရီ ကျင့်လိုသည့်စိတ်များ ပေါ်လာတတ်သည်။ အနည်းဆုံးတော့ လူများနှင့်ဝေးသည့်နေရာမှာ စိတ်အေးလက် အေးနေချင်သည့်စိတ်များ ပေါ်လာတတ်သည်။ သွားဖြစ်သည် မသွားဖြစ်သည်က အသာထား လူတိုင်းလိုလို ဤသို့ စိတ်ကူးခဲ့ကြဖူးမည်။ ယင်းသည်ပင်လျှင် လူ့သဘာဝဖြစ်၏။ မိတ်ဆွေ ... သင်ရော လူနှင့် လူ့ပတ်ဝန်း ကျင်ကို ငြီးငွေ့လာ၍ တောရပ်ကို ဝင်မည်ဟု စိတ်တွင် ထင်မြင်ခဲ့ဖူးသလား။ ထင်မြင်ခဲ့ဖူး သည်ဟုဆိုလျှင် မည်သို့မည်ပုံ သွားမည်ကို သိလိုပါသေးသည်။

တစ်ယောက်တည်းလား၊ ချစ်သူနှင့် လား၊ အဖော်များနှင့်လား။ စကားအဖြစ်သာ မေးရသော်လည်း ဤမေးခွန်းအတွက် အဖြေ သင့်မှာ အဆင်သင့်ရှိနေမှာမဟုတ်ဟု ကျွန်တော်ထင်ပါသည်။