မူများ (Principles)

မူများ (Principles)
Published 26 December 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူ ငယ်ရွယ်စဉ် မိမိတို့တိုင်းပြည်နိုင်ငံတွင် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ် နိုင်ငံရေးစနစ်ကို ကျင့်သုံးနေသည့်အချိန် ကြားသိနေရသည့် စကားစုတစ်ရပ်မှာ “မူကတော့ ကောင်းပါတယ်။ လူတွေက မကောင်းလို့ပါ” ဟု ဖြစ်ပါသည်။ စာရေးသူအနေနှင့် ထိုစဉ်အချိန်အခါကာလက မည်သည့်အတွက် ထိုကဲ့သို့ ပြောဆိုနေကြသည်ကို သေသေချာချာ ဂဃနဏ နားလည်သိမြင်နိုင်ခြင်းမရှိခဲ့ပါ။ အကြမ်းဖျင်းအနေနှင့်သာ မူကတော့ကောင်းတယ်။ လူတွေက မကောင်းသည့်အတွက် မအောင်မြင်ခြင်း၊ ကျဆုံးခြင်းများ ဖြစ်ပေါ်နေရပါသည်ဆိုသည့် အဓိပ္ပာယ်လောက်ကိုသာ စိတ်တွင် သိမြင်နားလည်ခဲ့ရပါသည်။

မန္တလေးဒေသကောလိပ်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဘွဲ့ကြိုတန်းတက်ရောက်သည့်အချိန်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ယူလေ့လာခဲ့ရပါသည်။ အဆိုပါ နိုင်ငံရေးသိပ္ပံဘာသာရပ်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဘာသာရပ်တစ်ခုအနေနှင့် သင်ယူခဲ့ရခြင်းဖြစ်ပါသည်။ သင်ယူလေ့လာခဲ့ရသည့် အကြောင်းအရာများကို အခြေခံကာ ဆရာကြီးတစ်ဦးက လက်ဖက်ရည်ဆိုင်ထိုင်သည့် အချိန်လွတ်လပ်ပေါ့ပါးစွာ ဘက်ပေါင်းစုံဆွေးနွေးချက်များကို နားထောင်ခွင့်ရသည့်အခါတွင် အထက်ဖော်ပြပါ မူကတော့ ကောင်းပါတယ်။ လူတွေက မကောင်းလို့ပါ ဆိုသည့် အကြောင်းအရာနှင့် ဆက်စပ်စဉ်းစားနိုင်စေခဲ့ပါသည်။

ဆရာကြီး၏ ဆွေးနွေးပြောပြချက်များမှာ လေးစားမှတ်သားဖွယ် ကောင်းလှပါသည်။ ဆရာကြီး၏ ရှင်းလင်းပြောပြချက်များ၏ အကျဉ်းချုပ်ကို တင်ပြရပါလျှင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်၏ သဘော တရားအများစုမှာ မိမိတို့တိုင်းပြည်နိုင်ငံတွင်နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားနိုင်ငံသားများ၏ သဘောထား သဘာဝအခြေအနေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေ့လာပြီး အခြေခံခြင်းမပြုဘဲ “လူတိုင်းသည် ဘုရားလောင်းများ ဖြစ်ကြပါသည်” ဆိုသည့် ယူဆချက် (Assumption) အပေါ်တွင် အခြေခံထားသည်ဟု ပြောပြပါသည်။ ထိုအခါ ဘုရားလောင်းများ၏ အကျင့်အပြုအမူများကို “မူများ” အဖြစ် ဖော်ပြထားသည့်အတွက် မူများမှာ ကောင်းမွန်လျက်ရှိနေပြီး မိမိတို့ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိသည့် လူအများစုက သဘောကျ လက်ခံနိုင်သည့် သဘောတရားများအဖြစ် တည်ရှိနေပါသော်လည်း လူများကို အခြေခံထားခြင်းမရှိသဖြင့် လည်းကောင်း၊ လူတိုင်းသည် ဘုရားလောင်းကဲ့သို့ ကျင့်ကြံနိုင်ခြင်းမရှိသဖြင့်လည်းကောင်း “လူတွေက မကောင်းလို့ပါ” ဆိုသည့် အပြစ်တင် ဝေဖန်သည့်အသံ ထွက်ပေါ်လာစေခဲ့ခြင်းဖြစ်ပါသည်။

စာရေးသူ၏ အမြင်သက်သက်ဖြင့်တင်ပြရပါလျှင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ သဘောတရားများကို ဖော်ထုတ်ခဲ့ကြသူများမှာ ပြည်သူပြည်သားနိုင်ငံသားများ၏ ပကတိအခြေအနေမှန်ကို အသေးစိတ် လေ့လာခြင်းမပြုဘဲ မိမိတို့ စိတ်ထင်ရာနှင့် လောကုတ္တရာစာပေများရှိ အကြောင်းအရာများကို အခြေခံကာ သာမန်ပြည်သူပြည်သားများ အလွယ်တကူ သိမြင်နားလည်နိုင်ခြင်း မရှိနိုင်သည့် စကားလုံး၊ စကားရပ်များကို အသုံးပြုကာ တိုင်းပြည်နိုင်ငံအနှံ့ သွားရောက်ဟောပြောပြီး အတည်ပြု ပြဋ္ဌာန်းခဲ့ကြပါသည်။ အကျိုးဆက်များကိုမူ စာဖတ်သူတို့ ကိုယ်တိုင်တွေ့မြင်သိရှိနေကြမည်ဟု မျှော်လင့်ပါသည်။

ဤတွင် “ မူများ” (Principles) နှင့် ပတ်သက်ပြီး မေးခွန်းများ ဖြစ်ပေါ်လာစေပါသည်။ “မူ” များသည် ဘယ်လောက်အရေးကြီးပါသလဲ။ “မူ” များကို မည်ကဲ့သို့ ချမှတ်ဆောင်ရွက်ရပါသလဲ ဆိုသည့် မေးခွန်းများ ဖြစ်ပေါ် လာစေပါသည်။ ထို့ပြင် မိမိတို့ တိုင်းပြည်နိုင်ငံတွင် နိုင်ငံတော်၏ အာဏာကိုရယူပြီး တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့်၊ ဆောင်ရွက်ခဲ့ကြသည့် အစိုးရအဆက်ဆက်က ချမှတ်ပြဋ္ဌာန်းခဲ့သည့် တိုင်းပြည် နိုင်ငံတော်နှင့် ပတ်သက်သည့် “မူ” များသည် စာရေးသူကဲ့သို့ သာမန် ပြည်သူပြည်သားတစ်ယောက်၏ အသိအမြင်အရ ကြည့်ရှုလေ့လာလျှင်ပင် မူ (Principle)၊ မူဝါဒ (Policy) နှင့် လုပ်ငန်းစဉ်လုပ်ထုံး လုပ်နည်း (Procedure) စသည်တို့ကို သဟဇာတ ကိုက်ညီပြီးလျှင် အကြောင်းအရာတစ်ခုနှင့်တစ်ခု ကွဲပြားခြားနားစေရန် ချမှတ်ဆောင်ရွက်နိုင်ခြင်းမရှိသည့် အခြေအနေကို တွေ့မြင်နေရခြင်း ဖြစ်ပါသည်။ 

စာရေးသူငယ်ရွယ်စဉ်အချိန် မိမိလေ့လာထားရှိသည့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများနှင့် လေ့လာသိမြင်ချက်များအရ ကြည့်ရှုလေ့လာသည့်အခါတွင် အစိုးရများက ၎င်းတို့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတွက် ချမှတ်ပြဋ္ဌာန်း ခဲ့သည့် မူ၊ မူဝါဒနှင့် လုပ်ငန်းစဉ်လုပ်ထုံးလုပ်နည်းများ ရောထွေးနေတတ်သည်ကို တွေ့ရှိရသည့်အခါတွင် မိမိ၏ အသိပညာ၊ အတတ်ပညာ၊ နည်းပညာများ လေ့လာအားထုတ်ရန် လိုအပ်နေသည့်အတွက် ဖြစ်မည်ဟု ယူဆခဲ့မိပါသည်။

သို့သော်လည်း ယနေ့အချိန်အခါတွင်မူ မိမိတို့တိုင်းပြည်နိုင်ငံတော်၏ အရင်းအမြစ်များ (Resources) အရ မည်သို့မျှ မဖြစ်နိုင်သော်လည်း ဖွံ့ဖြိုးမှုအနည်းဆုံး (LDC) အဖြစ် ရောက်ရှိစေခဲ့သည့်အပြင် တိုင်းသူပြည်သားများ၏ အသက်ပေါင်းများစွာ သေကျေပျက်စီးစေခဲ့သည်မှာ အထက်ဖော်ပြပါ မရှင်းမလင်း၊ ရှုပ်ရှုပ်ထွေးထွေး မူ၊ မူဝါဒနှင့် လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများ ရောထွေး ချမှတ်ခဲ့မှုများသည် အကြောင်းတစ်ရပ်ဖြစ်နိုင်သည်ဟု ထင်မြင်ပါသည်။

စာရေးသူသည် စာရင်းအင်း ပညာဘာသာရပ်ကို အထူးပြုလေ့လာထားသည့်အားလျော်စွာမူများကို ရှင်းလင်းတင်ပြရာတွင် အခြေခံလေ့လာဆန်းစစ်သည့် ယူနစ်များ (Unit of Analysis) အဖြစ် တိုင်းပြည်နိုင်ငံတော်နှင့် လူတစ်ဦးချင်းကို အခြေခံမည်ဖြစ်ပါသည်။ မူများနှင့် ဆက်စပ်လျက်ရှိသည့် မူဝါဒများ (Policies)၊ လုပ်ငန်းစဉ်လုပ်ထုံးလုပ်နည်းများ (Procedures)၊ လုပ်ငန်းများ (Processes) စသည်တို့ကိုမူ သီးခြားခေါင်းစဉ်များဖြင့် ဆောင်းပါးများကို အဆင်ပြေသင့်တော်သည့် အချိန်တွင် တင်ပြပေးပါမည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ မူ၊ မူဝါဒနှင့် လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများကို မရှင်းမလင်း၊ ရှုပ်ရှုပ်ထွေးထွေးနှင့် ရောထွေး ချမှတ်တတ်ကြသည့် အလေ့အထ၊ ယဉ်ကျေးမှုများ တတ်နိုင်သမျှ လျော့နည်း ပပျောက်နိုင်စေရေးနှင့် အကယ်၍ မရှင်းမလင်း၊ ရှုပ်ထွေးနိုင်စေမည့် အခြေအနေများ ဖြစ်ပေါ်နိုင်ပါကလည်း အင်အားအသုံးပြုပြီး ဇွတ်အတင်းလက်ခံခိုင်းတတ်သည့် သဘောသဘာဝထက် ရှင်းလင်းညှိနှိုင်း (Justification) ခြင်းများ ပြုလုပ်ပြီး သဘောတူလက်ခံနိုင်ရန် အကြောင်းနှင့် အကျိုးကို အခြေခံကာ လူအများ ကျေနပ်သည်အထိ ဆွေးနွေးအဖြေရှာတတ်သည့် ယဉ်ကျေးမှုထွန်းကားပြန့်ပွားလာစေရေးနှင့် မူများ ချမှတ်ပြဋ္ဌာန်းရာတွင် စာရေးသူသိမြင်နားလည်ထားသည့် အရေးကြီးသည်ဟုယူဆရသော အချက်အချို့ကို စာဖတ်သူတို့အတွက် ဝေမျှပေးရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ တိုင်းပြည်နိုင်ငံတော်ကို အောင်မြင်စွာတည်ဆောက်ရာတွင်သော်လည်းကောင်း၊ လူတစ်ဦး တစ်ယောက်ချင်းအတွက် ၎င်း၏ ဘဝရည်မှန်းချက်များ သို့မဟုတ် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စေရန် ဆောင်ရွက်ရာတွင်သော် လည်းကောင်း မူများ အရေးကြီးပုံကို တင်ပြပါမည်။ တိုင်းပြည်နိုင်ငံတော်ကို ထူထောင်တည်ဆောက်ကြရာတွင် မည်ကဲ့သို့သော တိုင်းပြည်နိုင်ငံ အမျိုးအစားအဖြစ် ထူထောင် တည်ဆောက်ကြမည်ကို နိုင်ငံခေါင်းဆောင်ကြီးများ၊ ပညာရှင်ကြီးများအနေဖြင့် လက်လှမ်းမီရရှိနိုင်သမျှ အကြောင်းအရာ အချက်အလက်များကို အခြေခံကာ မိမိတို့တိုင်းပြည်နိုင်ငံရှိ တိုင်းသူပြည်သားနိုင်ငံသားများ၏ တည်ရှိနေသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံယဉ်ကျေးမှုများနှင့် တိုင်းပြည်နိုင်ငံတော်တည်ရှိနေသည့် နေရာ၊ ဒေသ၊ အချိန်အခါ၊ ပတ်ဝန်းကျင် အခြေအနေများအပေါ်တွင် မူတည်ကာ တိုင်းသူပြည်သား နိုင်ငံသားများက သဘောတူလက်ခံသည့် အကောင်းမွန်ဆုံး တိုင်းပြည်နိုင်ငံအဖြစ် တည်ရှိပေါ်ပေါက်လာစေရေးအတွက် အစွမ်းကုန်ကြိုးပမ်းအား ထုတ်ကြရပါသည်။

ပုံတွင် အမေရိကန်ပြည်ထောင်စုကို ထူထောင်တည်ဆောက်ခဲ့ကြသည့် နိုင်ငံခေါင်းဆောင်ကြီးများ အနေဖြင့် ဂရိနှင့် ရောမတို့၏ အခြေ ခံအကြောင်းအရာများကို လေ့လာဆန်းစစ်ကာ မိမိတို့တိုင်းပြည်နိုင်ငံ ထူထောင်နိုင်ရန်အတွက် မူများ ချမှတ်ပြဋ္ဌာန်းခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ စာဖတ်သူများအတွက် အနီးဆုံးတွေ့မြင်နိုင်စေမည့် အချက်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း (၁) တွင် နိုင်ငံတော်၏ အခြေခံမူများ (Basic Principles of the Union) အဖြစ် ဖော်ပြထားပါသည်။ လူတစ်ဦးချင်းအနေနှင့်လည်း ဘဝတစ်သက်တာ ရည်မှန်းထားရှိသည့် အောင်မြင်မှုများကို ရရှိနိုင်စေရေး အလို့ငှာ အမှန်တရားများအဖြစ် ထိန်းသိမ်းထားရှိပြီး ယုံကြည်ချက်များ၊ ဦးထိပ်ပန်ဆင်ထားရှိသည့် အချက်များမှာ မူများပင် ဖြစ်ပါသည်။

ဒုတိယအနေဖြင့် မူများနှင့် ဆက်စပ်ပတ်သက်လျက်ရှိသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တင်ပြပါမည်။ အဓိပ္ပာယ်များကို ထုတ်ဖော်တင်ပြရာတွင် ခက်ခဲနက်နဲသည့် အကဲဒမစ်ဆန်သော စာအုပ်စာတမ်းများရှိ အဓိပ္ပာယ်များကို အသုံးမပြုဘဲ အလွယ်တကူ နားလည်စေပြီး အလွယ်တကူလက်လှမ်းမီ ရရှိနိုင်စေသည့် အင်တာနက် စာမျက်နှာများရှိ အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုသာ ဦးစားပေးအသုံးပြုပါမည်။

တိုင်းပြည် နိုင်ငံတော်ထူထောင်တည်ဆောက်ရာတွင်သော်လည်းကောင်း၊ ကြီးမားသော အင်စတီကျူးရှင်းကြီးများ၊ အဖွဲ့အစည်းကြီးများ၊ ကော်ပိုရေးရှင်းကြီးများ၊ ဌာနကြီးများ စသည်ဖြင့် တည်ဆောက်ရာတွင်သော်လည်းကောင်း စတင်စဉ်းစားကြရသည်မှာ ဗွီရှင်း (Vision) ပင် ဖြစ်ပါသည်။

ဗွီရှင်း (Vision) ကို အရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်အဖြစ် အောက်ပါအတိုင်း တွေ့ရှိရပါသည်။ “Vision: an aspirational descrip-tion of what an organization would like to achieve or accom-plish in the mid-term or long-term future.” (Internet). အဓိပ္ပာယ် ဖော်ပြချက်အရ “ဗွီရှင်းဆိုသည်မှာ အဖွဲ့အစည်းတစ်ရပ်၏ အနာဂတ် ရေရှည် သို့မဟုတ် ရေလတ် ကာလအတွက် အောင်မြင်ပြီးမြောက်စေရန် သို့မဟုတ် အောင်မြင်မှု ရရှိစေရေး စွမ်းဆောင်ဖန်တီးနိုင်ရန်အတွက် မဖြစ်မနေ ဆောင်ရွက်မည်ဟု ရည်မှန်းချက်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြထားချက် ဖြစ်ပါသည်။”

ဗွီရှင်း (Vision) ကို သတ်မှတ်ပြဋ္ဌာန်း ချမှတ်ပြီးသည်နှင့် တစ်ပြိုင်နက် အရေးအကြီးဆုံး မဖြစ်မနေ ချမှတ်ပြဋ္ဌာန်း ထားရှိရမည့်အချက်မှာ “မူများ” (Principles) ပင်ဖြစ်ပါသည်။ တိုင်းပြည်နိုင်ငံတော်နှင့် ကြီးမားသော အင်စတီကျူးရှင်းကြီးများအတွက် “မူများ” ကို ဖော်ပြရာတွင် “Principles: a fundamental truth or proposition that serves as the foundation of system of belief or behaviour or for a chain of reasoning.” (Internet: Defini-tion from Oxford Languages.). အဓိပ္ပာယ်ဖော်ပြချက်အရ “မူများ ဆိုသည်မှာ အခြေခံမူလ အမှန်တရား သို့မဟုတ် အဆိုပြုချက် တစ်ရပ်သည် တွေးခေါ်မြော်မြင်မှု ကွင်းဆက်တစ်ခုအတွက်သော်လည်းကောင်း သို့မဟုတ် အပြုအမူ သို့ မဟုတ် ယုံကြည်ချက်ဆိုင်ရာ စနစ်တစ်ခု၏ အခြေခံအုတ်မြစ်အဖြစ် လည်းကောင်း ချမှတ်ပြဋ္ဌာန်း လုပ်ဆောင်ပေးခြင်း ဖြစ်ပါသည်။”

တိုင်းပြည်နိုင်ငံတော်နှင့် ကြီးမားသော အင်စတီကျူးရှင်းကြီးများအတွက် “မူများ” ကို ဖော်ပြထားပြီး ဖြစ်သည့် အားလျော်စွာ လူတစ်ဦးချင်း သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် သက်ဆိုင်သည့် “မူများ” နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုမူ (Reference 1) စာအုပ်ကို ရည်ညွှန်းအသုံးပြုပါမည်။ စာအုပ်တွင် ဖော်ပြထားသည်မှာ “Principles are fundamental truths that serves as the foundations for behavior that gets you what you want out of life.” (Reference 1: pp-ix.). ဖော်ပြထားချက်အရ အဓိပ္ပာယ်မှာ “လူတစ်ဦး သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးအတွက်မူများဆိုသည်မှာ အခြေခံမူလအမှန်တရားများသည် သင် (အဆိုပါလူပုဂ္ဂိုလ်) မသေမီ မကွယ်လွန်မီ သင်အလိုရှိသည်ကို ရရှိပိုင်ဆိုင်စေလိုသည့် အချက်များအပေါ် ထားရှိသည့် သင်၏ အပြုအမူအတွက် အခြေခံအုတ်မြစ်များအဖြစ် ချမှတ်ပြဋ္ဌာန်းလုပ်ဆောင်ထားချက်များပင် ဖြစ်ပါသည်။”

တတိယအနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံတော်အတွက် “မူများ” ချမှတ်ပြဋ္ဌာန်းရာတွင် မဖြစ်မနေ လိုက်နာသင့်သည့် အချက်အချို့နှင့် ဆောင်ရန်၊ ရှောင်ရန် အချက်အချို့ကို စာရေးသူ၏ အမြင်သက်သက်ဖြင့် ဆွေးနွေးအဆိုပြုတင်ပြပါမည်။ စာဖတ်သူတို့ တွေ့မြင်သိရှိနေကြမည်ဟု ယုံကြည်ပါသည်။ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးသည့်နောက်ပိုင်း အခြေအနေမှာ တိုင်းပြည်နိုင်ငံကို အုပ်ချုပ်သည့် အစိုးရများသာ တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲသွားခဲ့ပါသော်လည်း တိုင်းပြည်နိုင်ငံကို စနစ်တကျတည်ဆောက်ရန် ကြိုးပမ်းအားထုတ်သည့် အုပ်ချုပ်သူ အစိုးရမှာ မရှိသလောက်လွန်စွာ နည်းပါးခဲ့ပါသည်။

ထိုကဲ့သို့ နည်းပါးခဲ့သည် အကျိုးဆက်ကြောင့် ယနေ့အချိန်အထိ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရာတွင် ဗွီရှင်း (Vision) နှင့် မူများ (Principles) ကို စနစ်တကျ ချမှတ်ပြဋ္ဌာန်းနိုင်ခြင်းမရှိဘဲ မူများ (Principles) ၊ မူဝါဒများ (Policies)၊ လုပ်ငန်းစဉ်လုပ်ထုံးလုပ်နည်းများ (Procedures)၊ လုပ်ငန်းများ (Processes) စသည်တို့ကို ရောထွေးစေကာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မရှိသဖြင့် ဗျူရိုကရေစီ ယန္တရားတွင်ရှိ ဝန်ထမ်းများ၊ ပုဂ္ဂလိက လုပ်ငန်းများတွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိသူများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ဂုဏ်သိက္ခာရှိစွာ တည်တည်ငြိမ်ငြိမ် အလွယ်တကူ လိုက်ပါဆောင်ရွက် နိုင်ခြင်းမရှိကြတော့ဘဲ ရေတို ချက်ချင်း အကျိုးအမြတ်ရရှိစေမည့် အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား ယဉ်ကျေးမှုသာလျှင် ထွန်းကားလျက်ရှိနေပါသည်။

စာရေးသူအနေဖြင့် အဆိုပြု တင်ပြလိုသည့်အချက်မှာ တိုင်းပြည်နိုင်ငံတော်ကို အုပ်ချုပ်သူအစိုးရများအနေနှင့် တိုင်းပြည်နိုင်ငံကို အုပ်ချုပ်ရန် သက်သက်သာ မဖြစ်စေဘဲ တိုင်းပြည်နိုင်ငံကို တည်ဆောက်ကြစေလိုပါသည်။ တိုင်းပြည်နိုင်ငံတော်ကို စနစ်တကျ တည်ဆောက်ရန် ကြိုးပမ်းအားထုတ်ခဲ့မည်ဆိုပါလျှင် ယခုစာရေးသူတင်ပြခဲ့သည့် ဗွီရှင်း (Vision)၊ မူများ (Principles)၊ တာဝန်ခံဆောင်ရွက်မည့်နည်းလမ်းများ မစ်ရှင်များ (Missions)၊ မူဝါဒများ (Policies)၊ လုပ်ငန်းစဉ်လုပ်ထုံးလုပ်နည်းများ (Procedures)၊ လုပ်ငန်းများ (Porcesses) စသည်တို့ကို အလုံးစုံ ပါဝင်သည့် အကြောင်းအရာ (Package) အလိုက် အလွယ်တကူ လိုက်ပါဆောင်ရွက်နိုင်စေရန် လမ်းခင်းပေးမည့် အထူးလုပ်ငန်းအဖွဲ့ (Special Task Force) များဖြင့် ဖွဲ့စည်းဆောင်ရွက်စေပြီးလျှင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း လေ့လာစောင့်ကြည့် ထိန်းသိမ်းခြင်းနှင့် အကဲဖြတ်ဆန်းစစ်ခြင်းအဖွဲ့ (Monitoring and Evaluation Team) များ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။

ရှောင်ရန်အချက်မှာ မိမိတို့ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးသည့်အချိန်မှ စတင်ကာ အုပ်ချုပ်ခဲ့ကြသူ အစိုးရအဆက်ဆက်တို့သည် ပြည်သူပြည်သားများ သို့မဟုတ် ပြည်သူပြည်သားတစ်ဦး တစ်ယောက်ချင်းစီ၏အသက်ကို သတ်ဖြတ်ခံရခြင်းနှင့် သေကျေပျက်စီးခြင်းတို့မှ ကာကွယ်ပေးရန် သို့မဟုတ် ပြည်သူပြည်သားတို့၏ အသက်ကို တန်ဖိုးထားရှိရန်နှင့် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားတို့ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများအား ဖျက်ဆီးခံရခြင်းနှင့် ပျက်စီးဆုံးရှုံးခြင်းတို့ကို မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်တို့ကို အလေးအနက်ထား စဉ်းစားခြင်းမပြုဘဲ လျစ်လျူရှုတတ်သည့် အလေ့အကျင့်ကို ရှောင်ရန်ဖြစ်ပါသည်။

ထို့ပြင် တိုင်းပြည် နိုင်ငံတော် တည်ဆောက်ရေး ကိစ္စရပ်များတွင် ပေါ့ပြက်ပြက်၊ ဖြစ်ကတတ်ဆန်း ချမှတ်ပြုလုပ်ဆောင်ရွက်တတ်သည့် အလေ့အထနှင့် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ပြုလုပ်တတ်သည့် လုပ်ပုံလုပ်နည်းများကို ပြောင်းလဲပြင်ဆင်ရန် ဖြစ်ပါသည်။ စာဖတ်သူတို့အနေဖြင့် လေ့လာစေလိုသည့် အချက်မှာ ခေတ်အဆက်ဆက်အုပ်ချုပ်သူ အစိုးရများက တိုင်းပြည်နိုင်ငံတော်အတွက် ချမှတ်ပြဋ္ဌာန်းခဲ့ကြသည့် ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ ပန်းတိုင်များနှင့် မူများ (Principles) ၊ မူဝါဒများ (Policies)၊ လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများ (Procedures)၊ လုပ်ငန်းများ (Processes) စသည်တို့သည် အဓိပ္ပာယ် သဘောတရားများအရသော်လည်းကောင်း၊ သက်ဆိုင်ရာကဏ္ဍများအရသော်လည်းကောင်း သဟဇာတ ဖြစ်ခြင်း၊ ကိုက်ညီခြင်း ရှိ၊ မရှိကို ယနေ့ထက်တိုင် သက်သေအထောက်အထားများနှင့် တွေ့မြင်နိုင်ပါသည်။

နိဂုံးချုပ်အနေနှင့် တင်ပြလိုသည်မှာ တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရေးအတွက် ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ ပန်းတိုင်များ ချမှတ်ထားရှိ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မရှင်းမလင်း၊ ရှုပ်ရှုပ်ထွေးထွေးဖြစ်စေမည့် မူများ၊ မူဝါဒများနှင့် လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများ ရောထွေးချမှတ်တတ်ကြသည့် အလေ့အထ၊ ယဉ်ကျေးမှုများ တတ်နိုင်သမျှ လျော့နည်း ပပျောက်နိုင်စေရန်နှင့် အကယ် ၍ မရှင်းမလင်း၊ ရှုပ်ထွေးနိုင်စေမည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ပါကလည်း အင်အားအသုံးပြုပြီး ဇွတ်အတင်း လက်ခံခိုင်းတတ်သည့် သဘောသဘာဝထက် ရှင်းလင်းညှိနှိုင်း (Justification) ခြင်းများ ပြုလုပ်ပြီး သဘောတူ လက်ခံနိုင်စေမည့် အကြောင်းနှင့် အကျိုးကို အခြေခံကာ လူအများ ကျေနပ်သည်အထိ ဆွေးနွေးအဖြေရှာတတ်သည့် ယဉ်ကျေးမှု ထွန်းကားပြန့်ပွားလာစေရေးကို ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference:1. Ray Dalio (2017), “Principles”, Simon & Schuster.