လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်နှင့် စပါးနည်းပြ ကွန်တီတို့သည် လိဂ်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ကို ဖျက်သိမ်းပေးရန် ဦးဆောင်တောင်းဆိုခဲ့ကြကြောင်း သိရသည်။
လိဂ်ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ တစ်ကျော့တည်း ယှဉ်ပြိုင်ကစားခဲ့ရသော်လည်း ဆီမီးဖိုင်နယ်တွင် နှစ်ကျော့ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပွဲစဉ်ရေးဆွဲထားမှုအရ လီဗာပူးလ်က အာဆင်နယ်၊ စပါးက ချယ်လ်ဆီးတို့နှင့် ဆုံတွေ့နေပြီး လီဗာပူးလ်နှင့် စပါးအသင်းတို့မှာ ပထမအကျော့တွင် အဝေးကွင်းပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ထို့ကြောင့် ဒုတိယအကျော့ကို ဖျက်သိမ်းမည်ဆိုပါက ၎င်းတို့အတွက် နစ်နာမည်ဖြစ်သော်လည်း ယာဂန်ကလော့ပ်နှင့် ကွန်တီတို့က ကစားသမားများအတွက် ပွဲအရေအတွက် လျော့ကျစေရန် ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
စပါးနည်းပြ ကွန်တီက ''ကျွန်တော်သာ ဆုံးဖြတ်ခွင့်ရမယ်ဆိုရင်တော့ နှစ်ပွဲမကစားဘဲ တစ်ပွဲပဲ ကစားချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် စည်းမျဉ်းတွေကို လေးစားပါတယ်''ဟု ပြောကြားခဲ့သည်။
ယာဂန်ကလော့ပ်ကလည်း ''နှစ်ပွဲဆိုတော့လည်း နှစ်ပွဲကစားရမှာပါပဲ။ ဒါပေမဲ့ တစ်ပွဲပဲကစားတာ ပိုကောင်းမယ်လို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။
လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇန်နဝါရီ(၅)ရက်တွင် ပထမအကျော့၊ ဇန်နဝါရီ(၁၂) ရက်တွင် ဒုတိယအကျော့အဖြစ် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။















