ပေကျင်း အိုလံပစ်ပြိုင်ပွဲကို သံတမန်နည်းအရ သပိတ်မှောက်မည်ဟု အမေရိကန် ကြေညာ

ပေကျင်း အိုလံပစ်ပြိုင်ပွဲကို သံတမန်နည်းအရ သပိတ်မှောက်မည်ဟု အမေရိကန် ကြေညာ
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃ ရက်က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ပေကျင်းအိုလံပစ် ပြိုင်ပွဲကို သပိတ်မှောက်ရန် တောင်းဆိုနေသည့် တက်ကြွလှုပ်ရှားသူများကို မြင်တွေ့ရစဉ် Photo: AFP
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃ ရက်က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ပေကျင်းအိုလံပစ် ပြိုင်ပွဲကို သပိတ်မှောက်ရန် တောင်းဆိုနေသည့် တက်ကြွလှုပ်ရှားသူများကို မြင်တွေ့ရစဉ် Photo: AFP
Published 7 December 2021
Ref:AFP

၂၀၂၂ ဆောင်းရာသီ ပေကျင်း အိုလံပစ်ပြိုင်ပွဲကို သံတမန်နည်းအရ သပိတ်မှောက် မည်ဖြစ်ကြောင်း အမေရိကန်က ဒီဇင်ဘာ ၆ ရက်တွင် ကြေညာခဲ့သည်။

၎င်းသည် တရုတ်၏ လူ့အခွင့်အရေး မှတ်တမ်းနှင့်ပတ်သက်ပြီး အမေရိကန်၏ ဒဏ်ခတ်မှု ဖြစ်သော်လည်း အဆိုပါ အိုလံပစ်ပြိုင်ပွဲတွင် အမေရိကန် အားကစားသမားများကို ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်သွားမည် မဟုတ်ပေ။

အမေရိကန်အစိုးရ အနေဖြင့် လာမည့် နှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ အပေါ် မည်သို့မည်ပုံ တုံ့ပြန်သွားမည်ဆိုသည့် သဘောထားနှင့် ပတ်သက်ပြီး လပေါင်းများစွာ အချေအတင် ဆွေးနွေးခဲ့ပြီးနောက်တွင် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ် သည်။ တရုတ်အာဏာပိုင်များသည် နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဒေသရှိ ဝီဂါမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသည်ဟု အမေရိကန်က စွပ်စွဲထားသည်။

လတ်တလောတွင် တရုတ်အစိုးရဘက်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးသော်လည်း မည်သည့်သပိတ်မှောက်မှုမျိုးကို မဆို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်းတွင် သတိပေးထားသည်။

အမေရိကန် အစိုးရ၏ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် အမေရိကန် နိုင်ငံရေးသမားများက ကျယ်ကျယ် ပြန့်ပြန့် ထောက်ခံကြိုဆိုခဲ့ကြသည်။ သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် တရုတ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်ရလျက်ရှိသည်။

ရှင်ကျန်းဒေသတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပွားနေဆဲ အခြေအနေတို့ကို ထောက်ရှုပြီး အမေရိကန် အစိုးရအနေဖြင့် အိုလံပစ်ပြိုင်ပွဲသို့ သံတမန်ရေးအရ သို့မဟုတ် အစိုးရကို ကိုယ်စား ပြုသည့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည် မဟုတ်ကြောင်း အိမ်ဖြူတော်သတင်း ပြန်ကြားရေး တာဝန်ခံ ဂျန်ဆာကီက ပြော ကြားသည်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခြင်းသည် အိုလံပစ်ပြိုင်ပွဲနှင့် ပတ်သက်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်ပြီး  ယခုအခြေအနေတွင် ယင်းကဲ့သို့ လုပ်ဆောင်၍ မရနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

အစိုးရ တာဝန်ရှိသူများကို စေလွှတ်ခြင်း ပြုမပြုသည် အစိုးရတစ်ရပ်၏ နိုင်ငံရေးသဘော သက်သက်ဖြင့် ဆုံးဖြတ်မှုသာ ဖြစ်ပြီး ယင်းဆုံးဖြတ်ချက်အပေါ် အပြည့်အဝ လေးစားမှု ရှိမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) က ပြောကြားသည်။

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့် လက်ထက်တွင် အမေရိကန်-တရုတ် ဆက်ဆံရေးသည် သိသိသာသာ ယိုယွင်းလာခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့သည့်အပြင် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်နှင့် ပတ်သက်ပြီးလည်း အငြင်းပွားမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ သမ္မတဘိုင်ဒင် လက်ထက်တွင်မူ တရုတ်နှင့် ဆက်ဆံရေး ပြန်တည်ဆောက်ရန် ကြိုးပမ်းလာခဲ့ပြီး တစ်ဖက်တွင်လည်း မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးကို တိုးမြှင့်ခဲ့သည်။ 

Most Read

Most Recent