အလုပ်လက်မဲ့ဖြစ်ခြင်း

အလုပ်လက်မဲ့ဖြစ်ခြင်း
Published 24 November 2021

အလုပ်လက်မဲ့ဖြစ်ခြင်းဟူသည် လူတစ်ဦးတွင် အလုပ်အကိုင်မရှိသော်လည်း အလုပ်ကို ရှာဖွေခြင်းမပြုသော အခြေအနေကို ခေါ်ဆိုခြင်းဖြစ်သည်။ အလုပ်လက်မဲ့နှုန်းကို တိုင်းတာရာတွင် အလုပ်လုပ်ကိုင်နိုင်သော အလုပ်သမားထုအတွင်းမှ အလုပ်လက်မဲ့ဖြစ်နေသော လူဦးရေနှင့် စုစုပေါင်းလူဦးရေ အချိုးအစားကို တိုင်းတာခြင်းဖြစ်သည်။ အလုပ်လုပ်ကိုင်သော အလုပ်သမားထုတွင် ၁၈ နှစ်ပြည့်ပြီး၍ အလုပ်လုပ်ရန် အသင့်ဖြစ်နေသော သူများပါဝင်သည်။ ထိုသူများတွင် စစ်မှုထမ်းနေသူများ၊ အကျဉ်းကျနေသူများနှင့်  စိတ် ကျန်းမာရေးဆေးရုံတွင် ရောက်ရှိနေသူများကို ထည့်သွင်းတွက်ချက်ခြင်း မရှိပေ။ အလုပ်သမားထုတွင် မပါဝင်သော အခြားသူများမှာ အိမ်ထောင်ထိန်းသိမ်းသူများ၊ အငြိမ်းစားများနှင့် အချိန်ပြည့် ပညာသင်ကြားနေသော ကျောင်းသားများဖြစ်သည်။

စီးပွားရေးကျဆင်းနေချိန်များတွင် အချို့သောသူများသည် အလုပ်ရှာဖွေရန် ခက်ခဲသဖြင့် ဆက်လက်ရှာဖွေခြင်း မပြုတော့ပေ။ လူတစ်ဦးသည် ရက်သတ္တပတ်လေးပတ်ထက်ပို၍ အလုပ်ကို ရှာဖွေခြင်းမရှိတော့ပါက ထိုသူကို အလုပ်သမားထုတွင် ထည့်သွင်းတွက်ချက်ခြင်း မပြုတော့ပေ။ ထို့ပြင် အချို့သူများမှာ အချိန်ပြည့် အလုပ်အကိုင်ကို ရှာဖွေသော်လည်း မရသဖြင့် အချိန်ပိုင်းအလုပ်တွင် ဝင်ရောက်လုပ်ကိုင်ပါက ထိုသူများကို အလုပ်ရှိသူဟု သတ်မှတ်သဖြင့် အလုပ်လက်မဲ့စာရင်းတွင် ပါဝင်ခြင်းမရှိပေ။ အချို့သူများမှာ အလုပ်နှစ်ခု လုပ်ကိုင်ခြင်း၊ အချိန်ပိုနာရီများစွာ လုပ်ကိုင်ခြင်းတို့ရှိသော်လည်း အလုပ်တစ်ခုအဖြစ်သာ ရေတွက်သတ်မှတ်သည်။ ထို့ပြင် ဥပဒေပြင်ပမှ အလုပ်အကိုင်များဖြစ်သော မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခြင်းနှင့် လောင်းကစားမှုပြုခြင်း စသည်တို့ကိုလည်း အလုပ်အကိုင်အဖြစ် ထည့်သွင်းတွက်ချက်မှု မပြုပေ။ အလုပ်လက်မဲ့ဖြစ်ရသည့် အကြောင်းရင်းများတွင် ပညာရေးအဆင့်နိမ့်ခြင်းအပြင် လိင်၊ အသက်အရွယ်၊ လူမျိုးခွဲခြားဆက်ဆံခံရခြင်းများလည်း ပါဝင်သည်။

အလုပ်လက်မဲ့ဖြစ်ခြင်း၌ အဓိကသက်ရောက်မှု သုံးရပ်ရှိသည်။ ပထမဆုံးမှာ ရေရှည်အလုပ်လက်မဲ့ ဖြစ်ခြင်းမှလာသည့် ဘဏ္ဍာရေးပြဿနာများဖြစ်သည်။ ငွေမရှိပါက မည်သည့်အရာကိုမျှ ဝယ်နိုင်မည်မဟုတ်သည်ကို လူတိုင်းသိပြီး ဖြစ်သည်။ ပုံမှန်ဝင်ငွေရှိမှသာ အစားအစာ၊ အဝတ်အထည်နှင့် နားခိုစရာတို့ကို ဝယ်ယူနိုင်မည်ဖြစ်သည်။ ဝင်ငွေမရှိတော့သောကြောင့် အလုပ်လက်မဲ့ဖြစ်နေသူများသည် ဘဏ္ဍာရေးလိုအပ်ချက်များ ပြည့်မီစေရန် ငွေရှာနိုင်စွမ်းမရှိတော့ပေ။ အကျိုးဆက်အားဖြင့် အလုပ်လက်မဲ့ဖြစ်မှုသည် နိုင်ငံ၏စီးပွားရေးကို ဆင်းရဲတွင်းထဲသို့ ဆွဲချသွားတော့သည်။ ဘဏ္ဍာရေးအကျပ်အ တည်းနှင့် နိုင်ငံ၏ စုစုပေါင်းဝယ်လိုအားကျဆင်းမှုရလဒ်ကြောင့် အလုပ်လက်မဲ့ဖြစ်နေသူများသည် အနိမ့်ဆုံးလူနေမှုအဆင့်အတန်းကိုပင် ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပေ။

အလုပ်လက်မဲ့ဖြစ်မှုကြောင့်ဖြစ်ပွားသော သိသာထင်ရှားပြီး အထောက်အထားမှတ်တမ်း ခိုင်ခိုင်လုံလုံရှိသည့် လူမှုရေးပြဿနာပေါင်းများစွာရှိသည်။ အားလပ်နေသည့် အချိန်များလာခြင်းနှင့် စိတ်ဖိစီးခြင်းတို့ကြောင့် အရက်သောက်မှုနှုန်း၊ မူးယစ်ဆေးစွဲမှုနှုန်းနှင့် အိမ်တွင်းအကြမ်းဖက်မှုဖြစ်ပွားနှုန်းတို့ မြင့်တက်လာသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်မှုနှုန်းမြင့်မားခြင်းသည် အိမ်ထောင်ပြိုကွဲမှုနှုန်း၊ လူ့အဖွဲ့အစည်းအတွင်း သဘောထားကွဲ လွဲခြင်းနှင့် ခွဲခြားဆက်ဆံခြင်း၊ မိမိကိုယ်ကိုယ်သတ်သေမှုနှုန်းနှင့် ရာဇဝတ်မှုဖြစ်ပွားမှုနှုန်း (အထူးသဖြင့် လူငယ်များအကြား) တို့ကို မြင့်တက်လာစေသည်။

အလုပ်လက်မဲ့ဖြစ်မှုသည် မိသားစုအတွင်း တာဝန်ဝတ္တရားပျက်ယွင်းခြင်းနှင့်လည်း ဆက်နွှယ်နေသည်။ အလုပ်လက်မဲ့ဖြစ်မှုသည် မိဘနှင့်ကလေးများအကြား အပြန်အလှန် ဆက်ဆံရေး၊ လင်နှင့်မယား ဆက်ဆံရေး အစရှိသည်တို့အပေါ် သက်ရောက်မှုရှိသည်။ အလုပ်လက်မဲ့မိဘများသည် ကလေးများနှင့် အချိန်ပို၍ကြာစွာ အတူရှိနေနိုင်သော်လည်း အပြန်အလှန်ဆက်ဆံမှု အရည်အသွေးသည် အလုပ်ရှိသော မိဘများနှင့်နှိုင်းယှဉ်ပါက နိမ့်ကျ၍နေသည်။ ထို့ကြောင့် အချိန်ပို၍ ကြာကြာရှိခြင်းက ပြဿနာများများ ဖြစ်နိုင်ခြေကိုပင် ပို၍မြင့်မားစေသည်။

အလုပ်လက်မဲ့ဖြစ်မှုသည် လူတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေနိုင်သည်။ လေ့လာမှုများစွာတို့အရ အလုပ်လက်မဲ့ဖြစ်မှုနှင့် မိမိကိုယ်မိမိ ယုံကြည်မှုလျော့နည်းခြင်းတို့အကြား ဆက်နွှယ်ချက်သည် စိတ်ကျရောဂါဖြစ်မှုဆီသို့ ဦးတည်၍သွားစေကြောင်း တွေ့ရှိရသည်။ ၎င်းအပြင် စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုတို့လည်း မြင့်တက်လာပြီး အခြားစိတ်ပိုင်းဆိုင်ရာရောဂါများဖြစ်မှုဆီသို့လည်း ဦးတည်သွားစေနိုင်သည်။ ၂၀၀၆ ခုနှစ်တွင် အလိန်းအန်းဒါးဆင်း ဦးဆောင်သောအဖွဲ့၏ လေ့လာချက်အရ ရေရှည်အလုပ်လက်မဲ့ဖြစ်ပွားခြင်းသည် လူ၏ မျှော်လင့်နိုင်သောဘဝသက်တမ်းကို ခုနစ်နှစ်ပို၍တိုစေကြောင်း တွေ့ရှိရသည်။

ထို့ကြောင့် အလုပ်လက်မဲ့ဖြစ်မှု၏ သက်ရောက်မှုများတွင် ဘဏ္ဍာရေး၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာပြဿနာများ ပါဝင်နေပြီး အလုပ်လက်မဲ့ဖြစ်မှုသည် လူတစ်ဦးချင်းစီ၏ ဘဝ၊ ကျန်းမာရေးနှင့် စီးပွားရေးကိုသာမက လူ့အသိုင်းအဝိုင်းတစ်ခုလုံးကိုပါ များစွာထိခိုက်စေနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent