ထိုင်းဘက်သို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားအချို့ကို ထိုင်းတာဝန်ရှိသူများက ထိန်းသိမ်းထားစဉ် (ဓာတ်ပုံ- Internet)
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားများ နိုဝင်ဘာ ၁၈ ရက် တန်ဆောင်မုန်း လပြည့်နေ့တစ်ရက်တည်း ၁၀၀ ခန့် ဖမ်းဆီးခံရကြောင်း သိရသည်။
တန်ဆောင်တိုင်ပွဲတော်ကာလ နိုဝင်ဘာ ၁၈ ရက်တွင် နယ်စပ်ငါးနေရာမှ တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၉၇ ဦးမှာ ထိုင်းနယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရကြောင်း မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
“မွန်ပြည်နယ် ဘုရားသုံးဆူ-ကန်ချနဘူရီနယ်စပ်၊ စံခနဘူရီခရိုင်၊ ကရင်ပြည်နယ် မြဝတီ-မဲဆောက်နယ်စပ်၊ တနင်္သာရီတိုင်းနဲ့ ထိစပ်နေတဲ့ ပရာကျွတ်ခီရီခန်၊ ရနောင်းနဲ့ ခန်ဖွန်ခရိုင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ စပ်နေတဲ့ ချင်းရိုင်ခရိုင်၊ ကယားပြည်နယ်နဲ့ထိစပ်နေတဲ့ မယ်ဟောင်ဆောင်ဒေသတွေမှာ တစ်ရက်တည်း ဖမ်းဆီးခံကြရတာပါ” ဟု ဦးမိုးကြိုးက ပြောကြားသည်။
မြန်မာနိုင်ငံသားများသည် တစ်ဦးလျှင် ထိုင်းဘတ်ငွေ နှစ်သောင်းအထိ ပွဲစား (အကျိုးဆောင်လမ်းပြလုပ်သူ) ကို ငွေသားများအကျေ ပေးချေထားပြီးဖြစ်ကြောင်း သိရသည်။
ယခုလအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု များပြားလာခြင်းမှာ ထိုင်းနိုင်ငံအတွင်း လုပ်သားလို အပ်ချက်မြင့်တက်ခြင်း၊ အထောက်အထားမရှိသူများအား အထောက်အထားပြုလုပ်ပေး မည်ဟုကြေညာခြင်းနှင့် ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှု၊ သံသယဖြင့် ဖမ်းဆီးမှု များပြားလာခြင်းတို့ကြောင့် နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသူပိုမိုများပြားလာခြင်းဖြစ်ကြောင်းလည်း JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။















