ဦးဖြိုးဇေယျာသော်အား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်

ဦးဖြိုးဇေယျာသော်အား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်
Published 19 November 2021

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်အား လက်နက်/ခဲယမ်းများနှင့်အတူ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်အဖွဲ့က ထုတ်ပြန်ထားသည်။

NLD ပါတီဝင် ဦးဖြိုးဇေယျာသော် အား နိုဝင်ဘာ ၁၈ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာ၊ တိုက်အမှတ်(3/B)၊ အခန်းအမှတ်(B-0907)၌ Sigsauer အမျိုးအစား ပစ္စတို နှစ်လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် တစ်လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

သန်လျင်တံတား၊ မြောက်ဥက္ကလာပတံတား၊ ထန်းတပင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရားမီးပွိုင့်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သူများနှင့် ရန်ကုန်မြို့အတွင်း ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များတွင် ပါဝင်ကျူးလွန်ခဲ့သူ အမျိုးသား ၄၀ ဦးနှင့် အမျိုးသမီးခုနစ်ဦးတို့အား လက်နက်ငယ်မျိုးစုံ ၃၄ လက်၊ ကျည်အိမ်မျိုးစုံအခု ၇၀ ၊ ကျည်မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမ ဗုံးသီး ၁၇ လုံး၊ လက်လုပ်ဗုံး ၁၀ လုံး၊ ရီမုမိုင်း လေးလုံး၊ ရှေ့ထွက်မိုင်း လေးခု၊ မီးခိုးဗုံး ငါးလုံး၊ ရှို့ပစ် နှစ်လုံး၊ ယမ်းမှုန့်(မီးခိုးရောင်) ၇ ထုပ်၊ မှန်ပြောင်းတစ်ခု၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား နိုဝင်ဘာ ၁၇ ရက်တွင်သတင်းထုတ်ပြန်ပြီးဖြစ်ကြောင်းနှင့် ၎င်းတို့အား NUG နှင့် NLD ပါတီဝင် ဦးဖြိုးဇေယျာသော်က စေခိုင်းခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် NLD ပါတီဝင် ဦးဖြိုးဇေယျာသော်၏ ဆောင်ရွက်မှုများအား ဆက်လက်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

Most Read

Most Recent