၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ လုပ်ကြံသတ်ဖြတ်ခံရသည့် ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း ၁၂ ဦးရှိပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေ ရန် Social Punishment ပြုလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများအပြင် ပညာသင်ကြားရေးကို အခက်အခဲဖြစ် စေရန်ရည်ရွယ်၍ စာသင်ကျောင်းများကို မိုင်းများ၊ လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများနှင့် စာပေသင်ကြားမှု မပြုလုပ်နိုင်စေရန် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခံရလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း ၁၂ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် လေးဦး၊ ပဲခူးတိုင်းဒေသကြီးတွင် တစ်ဦး၊ မကွေးတိုင်း ဒေသကြီးတွင် နှစ်ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် လေးဦးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် တစ်ဦးဖြစ်ကြောင်း သိရသည်။
ထို့ပြင် လုပ်ကြံသတ်ဖြတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း ၁၅ ဦးမှာ ကချင်ပြည်နယ်တွင် တစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် သုံးဦး၊ ပဲခူးတိုင်းဒေကြီးတွင် ငါးဦး၊ မကွေး တိုင်းဒေသကြီးတွင် တစ်ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် လေးဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထက်ပါကဲ့သို့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်းများ သေဆုံးခဲ့ရခြင်းအပြင် မိုးမောက်၊ မိုးညှင်း၊ မင်းတပ်၊ ကနီ၊ ပုလဲ၊ မင်းကင်း၊ ကောလင်း၊ ကလေး၊ မုံရွာ၊ ဝမ်းတွင်း စသည့်မြို့နယ်များ တွင်လည်း လုပ်ကြံသတ်ဖြတ်မှုကြောင့် ရဟန်း သံဃာ ၁၂ ပါး ပျံလွန်တော်မူခဲ့ကြောင်း သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။















