ရန်ကုန်တိုင်း ကြည့်မြင့်တိုင်မြို့နယ်ရှိ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှာ တတိယအကြိမ်မြောက်ကထိန်လှူဒါန်းမှုအဖြစ် Eleven Media Group ၏ ယခုနှစ်ကထိန်ကာလ ငါးကျောင်းမြောက် ကထိန်အလှူတော်ကို နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြုလုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
၁၃၈၃ ခုနှစ် တန်ဆောင်မုန်းလပြည့်၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းကြည့်မြင်တိုင်မြို့နယ်ရှိ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် သီတင်းသုံးသည့် ပါမောက္ခချုပ်ဆရာတော်နှင့် ကထိက၊ စာချဆရာတော်များအတွက် Eleven Media Group မှ အလှူတော်ငွေ ကျပ် သိန်း (၃၀) မတည်လှူဒါန်းပြီး Eleven Media Group ဌာနအသီးသီးမှ ဝန်ထမ်းများ၏ စုပေါင်းပစ္စည်းပဒေသာပင် ကထိန်အလှူတော်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
Eleven Media Group ကထိန်အလှူတော်ကို ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာတော် နှင့် ကထိက၊ စာချ ဆရာတော်များ ကြွရောက်ခဲ့ကြပြီး ပရိတ်တရားတော် ရွတ်ဖတ်ချီးမြှင့်ခဲ့သည်။ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်နှင့် ကထိက၊ စာချဆရာတော် များအပါအဝင် ပင့်သံဃာစုစုပေါင်း အပါး ၄၀ အတွက် ကထိန်လှူဘွယ်ဝတ္ထုပစ္စည်းများကိုလည်း Eleven Media Group မှ ဆက်ကပ်လှူဒါန်းခဲ့သည်။
ကထိန်အလှူတော် နှင့်ပါတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဦးဝိမလ က ကထိန်အနု မောဒနာတရား ချီးမြင့်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကြားတောရရပ်ကွက်ရှိ သီရိမင်္ဂလာ စန္ဒာရုံကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော်အတွက် Eleven Media Group က ကထိန်အလှူတော် လှူဒါန်းခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၇ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group ၏ (၁၃) ကြိမ်မြောက် ကထိန်အလှူတော် မတည်လှူဒါန်းမှုဖြင့် ရွာသူရွာသားများပူးပေါင်းပါဝင်သည့် ကထိန်အလှူပွဲကို ပြုလုပ်ခဲ့သည်။
Eleven Media Group ၏ ကထိန်အလှူတော်ကို သကြားဟင်းအိုးကျေးရွာနှင့် ရွာနီးချုပ်စပ်မှ ပင့်သံဃာ ၃၈ ပါး ကြွရောက်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခဲ့သည်။
Eleven Media Group ၏ မတည်လှူဒါန်းမှုနှင့် ကျေးရွာသူကျေးရွာသားများ စုပေါင်းလှူဒါန်းသည့် ကထိန်လှူဒါန်းဖွယ်ရာ ဝတ္ထုပစ္စည်းများကိုလည်း ပင့်သံဃာတော် ၃၈ ပါးက အလှူခံတော်မူခဲ့ကြောင်း သိရသည်။
အဆိုပါ သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံကို ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူများအတွက် Eleven Media Group နှင့် မိတ်ဆွေဆရာဝန်များအဖွဲ့က ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်သည်။
အောက်တိုဘာ ၃၁ ရက်တွင်လည်း မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းတွင် Eleven Media Group ၏ သတ္တမအကြိမ်မြောက် ကထိန်သင်္ကန်းကပ်အလှူတော် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၁၅ ခုနှစ်က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မုန်းချောင်းရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ခဲ့ရသည့် ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းတွင် သံဃာတော်များနှင့် ကျေးရွာနေပြည်သူများအတွက် သဘာဝဘေးအန္တရာ ယ်ထပ်မံကြုံတွေ့လာရပါက လေမိုးလုံစွာ နေထိုင်နိုင်ရန် ရည်ရွယ်ပြီး ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ သံကူကွန်ကရစ်ဘုန်းတော်ကြီးကျောင်းကို တည်ဆောက်လှူဒါန်းထားခြင်းဖြစ်သည်။
အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် နှစ်စဉ် ဝါဆိုသင်္ကန်းကပ်အလှူတော်နှင့် ကထိန်သင်္ကန်းကပ်အလှူတော်များ ကျင်းပခဲ့ပြီး ယခုနှစ်တွင် သတ္တမအကြိမ်မြောက် ကထိန်အလှူတော် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် Eleven Media Group က ကြေးဆင်းတုတော်တစ်ဆူနှင့် ပလ္လင်တော်အပါအဝင် နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် သိမ်တော်တစ်ဆောင်ကိုလည်း လှူဒါန်းထားကြောင်း သိရသည်။
Eleven Media Group အနေဖြင့် စာချစာသင် သံဃာတော်အရှင်သူမြတ်များအတွက် ဆွမ်းအစရှိတဲ့ ပစ္စည်းလေးပါး အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပြီး နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလမှာ လက်လှမ်းမီရာ စာသင်တိုက်များကို ဆက်သွယ်လျှောက်ထားကာ ဝါဆိုသင်္ကန်း နှင့် နေ့ဆွမ်းဆက်ကပ်လှူခြင်းအပြင် ကထိန်ကာလမှာလည်း ကထိန်အလှူတော်တို့ကို ပြုလုပ်နေခြင်း ဖြစ်သည်။ ပြီးခဲ့တဲ့သင်္ကြန်ကာလမှာလည်း ဆွမ်းဆန်အစရှိတဲ့ လှူဒါန်းဖွယ်ရာတွေကို ဆက်ကပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။















