ရေစကြိုမြို့တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက အမှတ် ၁ ရပ်ကွက် ၊ ထင်တန်းရပ်ရှိ နေအိမ်တစ်လုံးတွင် ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး သုံးဦး သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
နေအိမ်သို့ လာရောက်ပစ်ထားသည့် ကြွပ်ကြွပ်အိတ်အား ဖွင့်ကြည့်ရာမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူများ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများပြောကြားချက်အရ သိရသည်။
ပေါက်ကွဲမှုကြောင့် အမျိုးသမီး သုံးဦး နေရာတွင် သေဆုံးပြီး ကျန်အမျိုးသားမှာ ရေစကြိုမြို့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေစဉ်သေဆုံးသွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
“ည ၈ နာရီလောက်မှာ အုန်းကနဲ အသံကြားလိုက်တယ်။ ဘယ်က ပေါက်မှန်း မသိဘူး။ နောက်မှ ထင်းတန်းဘက်က ပေါက်တာလို့ သိတာ။ အမျိုးသမီး သုံးယောက်ကတော့ နေရာတင် သေတယ်။ အမျိုးသားကတော့ ဆေးရုံရောက်ပြီး နာရီဝက်လောက်ကြာမှ သေတာ။ သွားသယ်တော့ကို သွေးက အတော်ထွက်နေပါပြီ။ မိသားစု သုံးယောက်နဲ့ အိမ်နီးချင်းတစ်ယောက်” ဟု ရေစကြိုမြို့ခံတစ်ဦးက ပြောကြားသည်။
သေဆုံးသူ လေးဦးတွင် အိမ်ရှင် ဦးအေးလှိုင် ၅၂ နှစ် ၊ ဇနီးဖြစ်သူ မမာစီ ၄၅ နှစ် ၊ သမီးဖြစ်သူ မအေးသင်း ၂၀ နှစ် နှင့် အိမ်နီးချင်းဖြစ်သူ ဒေါ်စီ ၄၇ နှစ်တို့ ဖြစ်ကြောင်း သိရသည်။
သေဆုံးသူများ၏ နာရေးအား နိုဝင်ဘာ ၁၈ ရက် နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။















