အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က အာဏာကိုရယူရန် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အချိန်တွင် ဟက်ကာများသည် ယင်းအချိန်က အာဖဂန်အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များနှင့် ဆက်နွှယ်မှုရှိသူများ၏ Facebook အကောင့်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ယင်းဟက်ကာအဖွဲ့ကို ပိတ် ပင်ရန် လုပ်ဆောင်ခဲ့ရသည်ဟု Facebook က နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
SideCopy အမည်ရှိ ပါကစ္စတန်အခြေစိုက် ဟက်ကာအဖွဲ့သည် Facebook ပေါ်တွင် အမျိုးသမီးငယ်များကဲ့သို့ ဟန်ဆောင်ပြီး ၎င်းတို့၏ ပစ်မှတ်များကို လှည့်ဖြားကာ ၎င်းတို့၏ ပေ့ချ်များအတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။
Facebook ၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta မှ အမှုဆောင်များကမူ ယင်းတိုက်ခိုက်မှု၏ ရည်ရွယ်ချက်ကို အသေးစိတ်ပြောကြားခြင်း မရှိခဲ့သော်လည်း ပစ်မှတ်ထားခံခဲ့ရသူများသည် အာဖဂန်အစိုးရ၊ စစ်တပ်နှင့် တ ရားဥဒေစိုးမိုးရေးအဖွဲ့များနှင့် ဆက်နွှယ်မှုရှိနေသူများ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဟက်ကာများ၏ အဓိကနည်းလမ်းတစ်ခုမှာ အဖျက်ဆော့ဖ်ဝဲများ ထည့်ထားသည့် ဝက်ဘ်ဆိုက်များမှ link များကို ၎င်းတို့ပစ်မှတ်ထားသူများ၏ အကောင့်များကို ပေးပို့ပြီး ယင်း link များကို download ဆွဲရန် တိုက်တွန်းခြင်းဖြင့် ဆိုက်ဘာတိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုများသည် ဧပြီနှင့် သြဂုတ်လအတွင်း အရှိန်မြင့်ခဲ့သည်ဟု ဆိုသည်။
အာဖဂန်နစ္စတန်တွင် နှစ်ပေါင်း ၂၀ နီးပါးကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် သြဂုတ်တွင် တာလီဘန်တို့သည် အာဏာကို ပြန်လည်ရယူခဲ့ကာ အမေရိကန်က ထောက်ပံ့ပေးခဲ့သည့် အစိုးရနှင့် စစ်တပ်မှာ ပြိုလဲခဲ့သည်။
Facebook က ထုတ်ဖော်ပြောဆိုခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုများတွင် ဟက်ကာများသည် ၎င်းတို့ ပစ်မှတ်ထားသူ၏ ယုံကြည်မှုကို ရရှိစေရန် ကြိုးပမ်းသည့်အနေဖြင့် မိုဘိုင်း app store အတုများကို ဖွင့်ခဲ့ပြီး တရားဝင်မှုရှိသည့် ဝက်ဘ်ဆိုက်များနှင့် အပေးအယူလုပ်ခဲ့သည်ဟု သိရသည်။
ထို့ပြင် SideCopy အဖွဲ့သည် အဖျက်ဆော့ဖ်ဝဲများ ပါဝင်သည့် application များကို ၎င်းတို့၏ ပစ်မှတ်များက download ဆွဲစေရန်လည်း အားထုတ်ကြိုးပမ်းခဲ့ပြီး ယင်းသည် ဟက်ကာအဖွဲ့အနေဖြင့် အရင်းအမြစ် လုံလုံလောက်လောက်ရှိပြီး ထပ်တလဲလဲလုပ်ဆောင်သည့် အခြေအနေကို ပြသရာရောက်ခဲ့ကာ ယင်းဆိုက်ဘာတိုက်ခိုက်မှုနောက်ကွယ်တွင် မည်သူရှိနေသည်ဆိုသည့် အချက်ကို ရှုတ်ထွေးအောင်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
ဟက်ကာများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့် အကောင့်အရေအတွက်နှင့် မည်သည့်အချက်အလက်များကို ဟက်ခဲ့သည်ဆိုသည့် အကြောင်းအရာများကိုမူ Facebook က ထုတ်ပြန်ခြင်းမရှိခဲ့ပေ။
ကုမ္ပဏီအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များနှင့် သတင်းအချက်အလက်ကို မျှဝေခဲ့ပြီး ထိခိုက်မှုများကို သတိပေးခဲ့သည်ဟု ဆိုသည်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အခြေစိုက် Facebook က ဆီးရီးယားနိုင်ငံတွင် အစိုးရအား ဝေဖန်သူများ သို့မဟုတ် အတိုက်အခံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ဟက်ကာအဖွဲ့သုံးဖွဲ့အပါအဝင် အာဖ ဂန်စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် ဟက်ကာများကိုလည်း ဖယ်ရှားခဲ့သည်ဟု ပြောကြားခဲ့သည်။














