ပုဒ်မ ၅၀၅ (ခ) ဖြင့် သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့အပေါ် တရားစွဲဆိုထားသည့်အမှုကို နိုဝင်ဘာ ၃၀ ရက်တွင် အပြီးသတ်အမိန့်ချမည်

ပုဒ်မ ၅၀၅ (ခ) ဖြင့် သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့အပေါ် တရားစွဲဆိုထားသည့်အမှုကို နိုဝင်ဘာ ၃၀ ရက်တွင် အပြီးသတ်အမိန့်ချမည်
Published 16 November 2021

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမျိုးအောင်တို့အပေါ် တရားစွဲဆိုထားသည့်အမှုကို နိုဝင်ဘာ ၃၀ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

နိုဝင်ဘာ ၁၆ ရက်က နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို ရုံးထုတ်စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အပေါ် တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက်ပေးခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အပေါ် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ နိုဝင်ဘာ ၃၀ ရက်တွင် ချိန်းဆိုထားသည့် ရုံးချိန်း၌ အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ပြီး နေပြည်တော်တွင် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အပေါ် တရားစွဲဆိုထားသည့်အမှုများထဲတွင် ပထမဆုံးအမိန့်ချမှတ်မည့်အမှုဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ထို့ပြင် နိုဝင်ဘာ ၁၆ ရက် ရုံးချိန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ်အား ဦးညီညီ (ခ) ဦးထွန်းမြင့်အောင်၏ တိုင်ကြားချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ သက်သေအဖြစ် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ထွက်ဆိုခဲ့ကြောင်း၊  စွပ်စွဲခံရသူ၏ဘက်မှ ခံပြသက်သေအဖြစ် တင်ပြထားသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား နိုဝင်ဘာ ၂၃ ရက် ရုံးချိန်းတွင် စစ်ဆေးရန် ချိန်းဆိုထားကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင် အပါအဝင် လူပုဂ္ဂိုလ် ၁၅ ဦးအား ၂၀၂၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Legal Defence Team ရှေ့နေများက သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့ကို အသိပေးခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင် အပါအဝင် လူပုဂ္ဂိုလ် ၁၅ ဦးအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် ကြားသိရသော်လည်း တရားဝင်အကြောင်းလာခြင်းမရှိသေးဟု တုံ့ပြန်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

Most Read

Most Recent