ပြည်တွင်း၌ ချည်ထည်အသုံးအဆောင်များနှင့် အဝတ်အထည်ပစ္စည်းများ များစွာလိုအပ်လျက်ရှိပြီး ချည်ထည်များထုတ်လုပ်နိုင်ရန် အဓိကကျသည့် ၀ါစိုက်ပျိုးမှုများ တိုးချဲ့ရန်နှင့် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

ပြည်တွင်း၌ ချည်ထည်အသုံးအဆောင်များနှင့် အဝတ်အထည်ပစ္စည်းများ များစွာလိုအပ်လျက်ရှိပြီး ချည်ထည်များထုတ်လုပ်နိုင်ရန် အဓိကကျသည့် ၀ါစိုက်ပျိုးမှုများ တိုးချဲ့ရန်နှင့် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 12 November 2021

ပြည်တွင်း၌ ချည်ထည်အသုံးအဆောင်များနှင့် အဝတ်အထည်ပစ္စည်းများ များစွာလိုအပ်လျက်ရှိပြီး ချည်ထည်များ ထုတ်လုပ်နိုင်ရန် အဓိကအကျဆုံးဖြစ်သည့် ၀ါစိုက်ပျိုးမှုများအား တိုးချဲ့ဆောင်ရွက်ရန်နှင့် စိုက်ပျိုးသည့် ၀ါများ အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၁၁ ရက် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း) သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ထိုသို့မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း) စက်ရုံအစည်းအဝေးခန်းမတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဦးစွာ စက်ရုံမှူးဦးခိုင်ရွှေက စက်ရုံသမိုင်းအကျဉ်းနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများ၊ စက်ရုံမှ ချည်မျှင်များ၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများအား အရည်အသွေးပြည့်မီစွာဖြင့် စျေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်၍ တပ်မတော်၏လိုအပ်ချက်များနှင့် စျေးကွက်သို့ ဖြန့်ဖြူးရောင်းချနိုင်မှုအခြေအနေများ၊ တိုင်းရင်းသားများနှင့် ကျေးလက်နေ ပြည်သူလူထုဝယ်ယူသုံးစွဲနိုင်မည့် ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ သင်္ကန်းများအားဝိနည်းတော်နှင့်အညီ ထုတ်လုပ်ရောင်းချနိုင်ရေး ဆရာတော်ကြီးများ၏ သြဝါဒများခံယူ၍ဆောင်ရွက်လျက်ရှိမှု အခြေအနေစသည်တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ရှင်းလင်းတင်ပြမှုများအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့နိုင်ငံတွင် ချည်မျှင်နှင့် အထည် ထုတ်လုပ်သုံးစွဲမှုတွင် လိုအပ်ချက်များရှိသဖြင့် ပြည်တွင်း၌ စက်ရုံများ တည်ဆောက်ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်ပသွင်းကုန်များလျှော့ချရန်အတွက် ပြည်တွင်းစက်ရုံများမှ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ စက်များစွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် စက်များ ကြံ့ခိုင်မှုရှိရန် လိုအပ်သဖြင့် ထိန်းသိမ်းမှုများအား စဉ်ဆက်မပြတ် ပြုလုပ်နေရန်လိုအပ်ကြောင်း၊ ထို့ကြောင့် စက်ရုံသန့်ရှင်းရေးနှင့် စက်ပစ္စည်းများ ကြံ့ခိုင်မှုရှိပြီး ယိုယွင်းမှုမရှိစေရေး အသေးစိတ်မှအစ ထိန်းသိမ်းဂရုပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ စက်ရုံအတွင်း လေဝင်လေထွက်ကောင်းမွန်မှုမရှိခြင်းသည် ဝန်ထမ်းများ၏ ကျန်းမာရေးထိခိုက်မှုကိုဖြစ်စေနိုင်ပြီး လုပ်ငန်းခွင်တွင် လုပ်အားများ ဆုံးရှုံးမှုရှိစေနိုင်ကြောင်း၊ COVID-19 ရောဂါ ဖြစ်ပွားနေသည့်ကာလဖြစ်သဖြင့် ဝန်ထမ်းများ ကျန်းမာရေးကောင်းမွန်စေရေး ဂရုပြု ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့ပြင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူတို့၏ အသုံးအဆောင် အဝတ်အထည်ပစ္စည်းများအား ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ ဥပမာအားဖြင့် မျက်နှာသုတ် ပဝါ၊ စွပ်ကျယ်၊ စောင်၊ ခြင်ထောင်များဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်အမြတ်ကို အဓိက မထားဘဲ ပြည်သူများ စျေးနှုန်းသက်သာစွာ ရရှိ‌ရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ စက်စွမ်းအားပြည့် လည်ပတ်၍ ပြည်တွင်းလိုအပ်ချက်ကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဝတ်အထည်များအား အရည်အသွေးပြည့်မီစွာဖြင့် အဆင့်အတန်းမီထုတ်လုပ်၍ ပြည်တွင်းစျေးကွက်တွင် ‌ရောင်းချနိုင်ရန်လိုကြောင်း၊ အဝတ်အထည်များအား အရောင်အသွေးစုံလင်စွာဖြင့် စျေးကွက်အတွင်း လူကြိုက်များသည့် ပုံစံအမျိုးအစားအလိုက် ထုတ်လုပ်ရောင်းချသွားရန် လိုကြောင်း၊ အခြားစျေးကွက်လိုအပ်ချက်ရှိသည့် ဟိုတယ်သုံးပစ္စည်းများနှင့် ပုဂ္ဂလိကသုံးပစ္စည်းများကိုလည်း အရည်အသွေးပြည့်မီစွာထုတ်လုပ်၍ စျေးကွက်ရရှိရေး စဉ်းစားဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ လုပ်ငန်းအောင်မြင်တိုးတက်စေရေးအတွက် သုတေသနပြုလုပ်ငန်းများအား ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး ပြည်တွင်း၌ ချည်ထည်အသုံးအဆောင်များနှင့် အဝတ်အထည်ပစ္စည်းများ များစွာလိုအပ်လျက်ရှိကြောင်း၊ ချည်ထည်များ ထုတ်လုပ်နိုင်ရန် အဓိကအကျဆုံးဖြစ်သည့် ၀ါစိုက်ပျိုးမှုများအား တိုးချဲ့ဆောင်ရွက်ရန်နှင့် စိုက်ပျိုးသည့်ဝါများ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ၀ါများအထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ၀ါစိုက်တောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်မည်ဖြစ်သကဲ့သို့ ပြည်တွင်း လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ ၀ါထွက်ကုန်များမှတစ်ဆင့် ၀ါဂွမ်းကိုသာမက ၀ါစေ့ဆီနှင့် ၀ါကြိတ်ဖတ်များကိုလည်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ၀ါထွက်ကုန်ဖြစ်သည့် ၀ါစေ့ဆီမှ စားဆီနှင့် စက်သုံးဆီများ၊ ၀ါကြိတ်ဖတ်များအား တိရစ္ဆာန်အစာ ထုတ်လုပ်ခြင်းများကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းဝါစိုက်ပျိုးမှု တိုးတက်စေရေး ၀ါစိုက်တောင်သူများအား နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ချည်မျှင်နှင့် အထည်စက်ရုံများသည် နိုင်ငံအတွက် လွန်စွာအကျိုးရှိသည့် စက်ရုံများဖြစ်သဖြင့် နိုင်ငံ့လိုအပ်ချက်များအား ပြည့်မီစွာထုတ်လုပ်၍ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် အဝတ်အထည်များအားအသုံးပြုနိုင်ရေး စနစ်တကျစဉ်းစားသုံးသပ်ဆောင်ရွက်ကြရန် လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ 

Most Read

Most Recent