နယူးကာဆယ်တန်းဆင်းစေရန် ကျန်ပရီးမီးယားလိဂ်အသင်းအများစု ဆန္ဒရှိနေပြီး ဇန်နဝါရီတွင် ကစားသမားများ မရောင်းရန် ငြင်းဆန်ကြဖွယ်ရှိ

နယူးကာဆယ်တန်းဆင်းစေရန် ကျန်ပရီးမီးယားလိဂ်အသင်းအများစု ဆန္ဒရှိနေပြီး ဇန်နဝါရီတွင် ကစားသမားများ မရောင်းရန် ငြင်းဆန်ကြဖွယ်ရှိ
Photo: Newcastle United Twitter
Photo: Newcastle United Twitter
Published 11 November 2021

ပရီးမီးယားလိဂ်အသင်းအများစုသည် ဆော်ဒီငွေကြေးများစီးဆင်းနေသော နယူးကာဆယ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဆက်လက်တွေ့မြင်လိုုခြင်းမရှိဘဲ ရာသီကုန်တွင် တန်းဆင်းစေရန် ဆန္ဒရှိနေကြကြောင်း ဗြိတိန်ဘောလုံးလောကမှ အပြောင်းအရွှေ့ကျွမ်းကျင်သူတစ်ဦးက  သုံးသပ်ပြောကြားခဲ့သည်။

သို့ဖြစ်ရာ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ယင်းပရီးမီးယားလိဂ်အသင်းများအနေဖြင့် နယူးကာဆယ်အသင်းထံ ၎င်းတို့၏ကစားသမားများကို လုံးဝမရောင်းချဘဲ ကမ်းလှမ်းမှုများအား ငြင်းဆန်ပယ်ချဖွယ်ရှိနေကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

နယူးကာဆယ်အသင်းအား လက်ရှိတွင် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသော Public Investment Fund(PIF) မှ ငွေကြေးများပါဝင်သည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဝယ်ယူထားပြီး ဆော်ဒီငွေကြေးများ စီးဆင်းနေခြင်းကြောင့် မကြာမီအချိန်အတွင်း ဥရောပထိပ်သီးအသင်းတစ်သင်းဖြစ်လာတော့မည်ဟု သုံးသပ်ဝေဖန်မှုများရှိနေသည်။

သို့သော် လက်ရှိအသင်း၏အနေအထားမှာ ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (ပွဲစဉ် ၁၁ အပြီး) နိုင်ပွဲတစ်ပွဲမှမရသေးသည့် တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေပြီး အမှတ်ပေးဇယား အဆင့် (၁၉)သို့ ရောက်ရှိနေသည်။

လက်ရှိအခြေအနေအတိုင်းဆက်သွားပါက နယူးကာဆယ်အသင်းမှာ ရာသီကုန်တွင် တန်းဆင်းသွားနိုင်ပြီး အသင်းပိုင်ရှင်များအနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ငွေကြေးများစွာ သုံးစွဲကာ ကစားသမားသစ်များကို ဝယ်ယူရန်စီစဉ်နေသည်။

သို့သော် ဆော်ဒီမှငွေကြေးများဖြင့် အသင်းကြီးတစ်သင်း ဖြစ်လာဖွယ်ရှိနေသော နယူးကာဆယ်အသင်းကို ကျန်ပရီးမီးယားလိဂ်အသင်းအားလုံးနီးပါးက မကျေမနပ်ဖြစ်နေခြင်းကြောင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ''ANYONE BUT NEWCASTLE'' ပေါ်လစီကို ကျင့်သုံးဖွယ်ရှိကြောင်း ယင်းအပြောင်းအရွှေ့ကျွမ်းကျင်သူက သုံးသပ်ခဲ့သည်။

ယင်းပေါ်လစီမှာ အခြားမည်သည့်အသင်းကိုမဆို မိမိတို့ထံမှ ကစားသမားများ ရောင်းချ/အငှားချမည်ဖြစ်သော်လည်း နယူးကာဆယ်အသင်းကိုမူ ကစားသမားများ ရောင်းချခြင်း/အငှားချခြင်းလုံးဝပြုလုပ်မည်မဟုတ်ဘဲ ၎င်းတို့နှင့် စီးပွားရေးဆက်ဆံမှု လုံးဝမပြုလုပ်ဆိုသည့် ပေါ်လစီဖြစ်သည်။

၎င်းကျွမ်းကျင်သူက''လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်အသင်းတွေဆီက ကစားသမားတွေကို ဝယ်ယူဖို့ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျန်အသင်းတွေအနေနဲ့ သူတို့ဆီက ငွေရတာထက် သူတို့တန်းဆင်းတာကို ပိုပြီးအလိုရှိကြလို့ပါ။ ဒါကြောင့် သူတို့ကို ကစားသမားတွေ ရောင်းချကြမှာ မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent