ပြည်ပမှ ပြန်ဝင်လာသူများ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးပါက Quarantine ခုနစ်ရက်သာ ဝင်ရမည်

ပြည်ပမှ ပြန်ဝင်လာသူများ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးပါက Quarantine ခုနစ်ရက်သာ ဝင်ရမည်
Published 7 November 2021

ပြည်ပမှ ပြန်ဝင်လာသူများ COVID-19 ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးပါက Quarantine ခုနစ်ရက်သာဝင်ရမည်ဖြစ်ပြီး ၇၂ နာရီအတွင်း COVID-19 စစ်ဆေးချက် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ယခင်က ပြည်ပမှ ပြန်လာသူများကို ကာကွယ်ဆေးထိုးပြီးပါက Quarantine ၁၀ ရက် ထားရှိရာမှ ယခု ခုနစ်ရက်သာ ဝင်ရမည်ဖြစ်ကြောင်း၊ ၇၂ နာရီအတွင်း Rt-PCR စစ်ထားပြီး ပိုးမရှိကြောင်း အဖြေပါရမည်ဖြစ်ပြီး ကာကွယ်ဆေးများကို ထိုးပြီး ၁၄ ရက် (နှစ်ပတ်) အနည်းဆုံးရှိရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် အသိအမှတ်ပြုထားသည့် ကာကွယ်ဆေးများမှာ Sinopharm ၊ Sinovac ၊ Covishield ၊ Covaxin ၊ Pfizer ၊ Moderna ၊ J & J နှင့် Sputnik V ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပနိုင်ငံမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး  ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက COVID-19 ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Quarantine စင်တာများနှင့် မြို့နယ်များရှိ အနံ့ပျောက်စင်တာများတွင် လူဦးရေလျော့နည်းလာခြင်းကြောင့် စင်တာအချို့ကို ပိတ်သိမ်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ကြောင့် နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ သေဆုံးသူ ၆၀ ကျော်ရှိပြီး ပိုးတွေ့မှု ငါးရာခိုင်နှုန်းအောက် ဆက်တိုက်လျော့ကျလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရောဂါပိုးတွေ့ရှိမှုအနေဖြင့် နိုဝင်ဘာ ၁ ရက်တွင် ရောဂါပိုးတွေ့မှု ၄ ဒသမ ၅၆ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၂ ရက်တွင် ၄ ဒသမ ၃၀ ရာခိုင်နှုန်း၊ နိုဝင်ဘာ ၃ ရက်တွင် ၃ ဒသမ ၃၂  ရာခိုင်နှုန်း၊ နိုဝင်ဘာ ၄ ရက်တွင် ၄ ဒသမ ၄၁ ရာခိုင်နှုန်း ရှိခဲ့သည်။

ထို့ပြင် ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့်  နိုဝင်ဘာ ၂ ရက်အထိ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသည့် လူဦးရေ ၇၃၉၉၉၈၆ ဦး (၇ ဒသမ ၃၉ သန်း)၊ တစ်ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ ၆၀၈၄၉၇၇ ဦး (၆ ဒသမ ၀၈ သန်း)၊ ထိုးနှံပြီးစီးသည့် လူဦးရေစုစုပေါင်း ၁၃၄၈၄၉၆၃ ဦး (၁၃ ဒသမ ၄၈ သန်း) နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်းသန်း ၂၀ ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်သူများအနေဖြင့် မိမိအတွက်ရရှိလာသည့် COVID-19 ရောဂါ ကာကွယ်ဆေးကို မပျက်မကွက်အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများအနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံးသတ်မှတ်ကာလအတွင်း နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

Most Read

Most Recent