နယူးကာဆယ်အသင်းနည်းပြရာထူးမှ စတိဗ်ဘရုစ် ထုတ်ပယ်ခံရပြီးနောက် နည်းပြများအပေါ် ဘောလုံးပရိသတ်များ၏ စော်ကားမှုများကြောင့် နည်းပြများအနေဖြင့် ဘောလုံးလောကကို စွန့်ခွာသွားနိုင်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက သတိပေး ပြောကြားခဲ့သည်။
နယူးကာဆယ်အသင်း၏နည်းပြဖြစ်သူ စတိဗ်ဘရုစ်သည် အသင်းအား ဆော်ဒီသူဌေးများ လွဲပြောင်းရယူပြီး ၁၃ ရက်အကြာ ဖြစ်သည့် အောက်တိုဘာ ၂၀ ရက်တွင် အ သင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရခဲ့သည်။ နယူးကာဆယ်အသင်းက စတိဗ်ဘရုစ်နှင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး စတိဗ်ဘရုစ်အနေဖြင့် နယူးကာဆယ်နည်းပြဘဝ ၁၈ လတာကာလအတွင်း အသင်းပရိသတ်များ၏ ဝေဖန်စော်ကားမှုများကို ခံခဲ့ရကြောင်း သိရသည်။
စတိဗ်ဘရုစ်က နယူးကာဆယ်ပရိသတ်များ၏ ဝေဖန်စော်ကားမှုများက ၎င်းနှင့် ၎င်း၏မိသားစုအပေါ် သက်ရောက်မှုကြီးမားခဲ့ပြီး မိမိအနေဖြင့် နည်းပြအလုပ်ကို စွန့်လွှတ်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ ယခုအခါ အာဆင်နယ် နည်းပြ အာတီတာက အွန်လိုင်းတွင် ပရိသတ်များ၏ စော်ကားမှုများကြောင့် နည်းပြများအနေဖြင့် ဘောလုံးလောကကို စွန့်ခွာသွား နိုင်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။
အာတီတာက "စတိဗ်ဘရုစ်လိုပဲ နည်းပြ အများစု တွေးလာနိုင်ပါတယ်။ နည်းပြလောကကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ကျွန်တော့် မိတ်ဆွေ အများကြီးရှိပါတယ်။ တချို့က ဖိအားများလွန်းတဲ့ နည်းပြရာထူးကို တိုက်ရိုက်ဝင်ဖို့ ကြိုးစားနေသူတွေရှိသလို တချို့ကလည်း လက်ထောက်နည်းပြအဖြစ် နည်းပြလောကကို ဝင်ရောက်ဖို့ ကြိုးစားနေကြတာပါ။ ပြီးတော့ နည်းပြလောကမှာ အတွေ့အကြုံ အများကြီးရှိတဲ့သူတွေ ရှိပါတယ်။ အတွေ့အကြုံရင့် နည်းပြတွေကတော့ သူတို့အနေနဲ့ နည်းပြအလုပ်ကို ထပ်မလုပ်တော့ဖို့ တွေးနေကြပါပြီ။ ဒါပေမဲ့ ဘောလုံးပရိသတ်တွေရဲ့ စော်ကားတိုက်ခိုက်မှုတွေက ကျွန်တော့် အတွက်တော့ အတားအဆီးတစ်ခု မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အောင်မြင်ရင် ခံစားရမယ့်ပျော်ရွှင်မှုက ကြီးမားတာကြောင့် တချို့ပရိသတ်တွေရဲ့ စော်ကားတိုက်ခိုက်မှုတွေကို ကြောက်မနေသင့်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ နည်းပြတွေကို ပရိသတ်တွေ စော်ကားတိုက်ခိုက်တာတွေနဲ့ပတ်သက်လို့ ဂရုစိုက်ဖို့လိုပြီး နည်းပြတွေအတွက် ကာကွယ်မှုတွေ ပြုလုပ်သင့်ပါတယ်။ တကယ်လို့ အဲဒီလို မလုပ်ပေးနိုင်ဘူးဆိုရင် ဘောလုံးလောကကို စွန့်ခွာတဲ့ နည်းပြတွေ များလာနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပြဿနာအတွက် အကူအညီပေးဖို့တော့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။















