မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲယှဉ်ပြိုင်ရန် အောက်တိုဘာ ၁၂ ရက်တွင် ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာမည်

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲယှဉ်ပြိုင်ရန် အောက်တိုဘာ ၁၂ ရက်တွင် ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာမည်
Photo: MFF
Photo: MFF
Published 4 October 2021

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲယှဉ်ပြိုင်ရန် အောက်တိုဘာ ၁၂ ရက်တွင် ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စု(D)တွင်  ယူအေအီး၊ လက်ဘနွန်၊ ဂူအမ်အသင်းတို့နှင့် ကျရောက်နေသည်။

အုပ်စု (D)  ပွဲစဉ်များကို ယခင်က လက်ဘနွန်နိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသော်လည်း လက်ဘနွန်ဘောလုံးအဖွဲ့ချုပ်က ပြန်လည်နုတ်ထွက်ခဲ့သဖြင့် အာရှဘောလုံးအဖွဲ့ချုပ်(AFC) က ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ခြေစစ်ပွဲ အုပ်စုပွဲများအဖြစ် အောက်တိုဘာ ၁၈ ရက်တွင် လက်ဘနွန်အသင်း၊ အောက်တိုဘာ ၂၁ ရက်တွင် ဂူအမ်အသင်း၊ အောက်တိုဘာ ၂၄ ရက်တွင် ယူအေအီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ခြေစစ်ပွဲအတွက် ဇူလိုင်လဆန်းပိုင်းကတည်းက ပဏာမကစားသမား ၃၀ ဖြင့် စတင်လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့်တစ်နှစ်ခွဲဝန်းကျင် လေ့ကျင့်မှုပြုလုပ်နိုင်ခြင်းမရှိဘဲ ယခုနှစ်အတွက် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် အာရှဖလားခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည်  အာရှဖလားအမျိုးသမီးခြေစစ်ပွဲအတွက် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်မည်ဖြစ်သောကြောင့် လက်ရှိဖွဲ့စည်းထားသည့် ပဏာမကစားသမား ၃၀ အနက်မှ ခုနစ်ဦးလျှော့ချရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို စီနီယာကစားသမားများအပြင် ယူ-၁၉ နှင့် ယူ-၁၆ လူငယ်လက်ရွေးစင်ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က တာဝန်ယူကိုင်တွယ်နေသည်။

လက်ရှိတွင် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စုရှစ်ခုအနက် အုပ်စုခြောက်ခုမှာ ပြီးစီးသွားပြီဖြစ်ပြီး  အုပ်စု (A) နှင့် အုပ်စု (D) နှစ်ခုသာ ကျန်ရှိတော့ခြင်းဖြစ်သည်။

အာရှဖလား နောက်ဆုံးအဆင့်အတွက် အသင်း ၁၀ သင်းထွက်ပေါ်ထားပြီး နှစ်သင်းသာ ကျန်ရှိတော့သည်။