အနိစ္စဟူသည်

အနိစ္စဟူသည်
Published 4 October 2021

အမှန်တကယ်၌ အနိစ္စဟူသည့် စကားလုံးသည် အဓိပ္ပာယ်လေးနက်သော်လည်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးများနှင့် ရင်းနှီးပြီးသား ဖြစ်သည်။ အနိစ္စသည် မမြဲခြင်းသဘာဝကို ခေါ်သည်။ အနိစ္စ (မမြဲမရှိခြင်း) သည် ပရမတ္ထ (တကယ့်အမှန်တရား ) တရားလည်း ဖြစ်သည်။ ဗုဒ္ဓ၏ အရေးကြီးသည့် ဒေသနာဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့်  နားလည်ရန် ခက်ခဲသည့်တိုင် နားလည်အောင် ကြိုးစားရမည့်တရားလည်းဖြစ်သည်။ ဤတရားတော်ကို နားလည်သဘောပေါက်သွားလျှင် နားလည်သည့် အတိုင်းအတာနှင့် အညီအမျှ နာမ်ပိုင်းဆိုင်ရာ ချမ်းသာသုခ ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အနိစ္စဟူသည်ကို ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဦးကောသလ၏ အဘိဓမ္မာစာပေမှ ကောက်နုတ်ရေးသားတင်ပြပါမည်။

အနိစ္စ၏ အခြေခံကျသည့် အဓိပ္ပာယ်အဖြစ် သက်ရှိသက်မဲ့အရာအားလုံး အမြဲမပြတ်ဖြစ်လိုက်ချုပ်လိုက် တရွေ့ရွေ့ပြောင်းလဲနေခြင်းဟု ဖွင့်ဆိုနိုင်ပါသည်။ ဖောက်ပြန် ပြောင်းလဲတတ်သော သဘော၊ အကြောင်းတိုက်ဆိုင်သောကြောင့် ဖြစ်ပေါ်လာပြီး အကြောင်းမညီညွတ်၍ ပျက်သုဉ်းသွားသောအခါ မည်သည့်အရာဟု လက်ဆုပ်လက်ကိုင် ပြစရာမရှိသော သဘော၊ အခိုက်အတန့်သာ တည်မြဲနေနိုင်သော သဘော၊ ဖြစ်ပြီး ပျက်တတ်သော သဘော၊ အချိန်ကြာကြာ ဖြစ်တည်မနေနိုင်သော သဘောတို့ကို အနိစ္စဟု ခေါ်ပါသည်။

အသက်ရှင်ရာမှနေ၍ သေဆုံးသွားခြင်းမျိုး၊ ပစ္စည်းတစ်ခု အကောင်းပကတိမှနေ၍ ကွဲပျက်သွားခြင်းမျိုး၊ အကောင်းဘက်မှနေ၍ အဆိုးဘက်သို့ ပြောင်းလဲသွားခြင်းမျိုးတို့ကိုသာ အနိစ္စဟု ခေါ်ခြင်းမဟုတ်ပေ။ ဘဝသစ်တစ်ခု မွေးဖွားဖြစ်တည်လာခြင်းမျိုး၊ အပျက်အစီးကို ပြန်လည်ပြင်ဆင်နိုင်ခြင်းမျိုးတို့သည်လည်း ရွေ့လျားပြောင်းလဲမှု အမျိုးအစားများ ဖြစ်ခြင်းကြောင့် အနိစ္စသဘောတို့ပင် ဖြစ်သည်။ အရှင်းဆုံးဆိုရလျှင် သက်ရှိသက်မဲ့ အရာရာတို့သည် အနိစ္စပင်ဖြစ်သည်။ ယင်းသဘောကိုပင် ဘုရားရှင်က “သဗ္ဗေသင်္ခါရာ အနိစ္စာ” ဟု ဟောတော်မူခဲ့ပါသည်။ သင်္ခါရတရားအားလုံးသည် အနိစ္စသဘောများ ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

သင်္ခါရဆိုသည်မှာ အပြုပြင်ခံတရားများ၊ ဖန်တီးထားသောအရာများ ဖြစ်ပါသည်။ ကံတရားက ဖန်တီးလိုက်သော ဘဝအမျိုးမျိုးနှင့် လူကဖန်တီးသော အရာ၊ ဥတုကြောင့် ဖြစ်ပေါ်လာသော အရာတို့သည် သင်္ခါရတရားများ ဖြစ်ပါသည်။ ယင်းတို့သည် အနိစ္စတရားများသာ ဖြစ်ပါသည်။ ကံကဖန်တီးသော ဘဝသည် အမြဲမပြတ် ပြောင်းလဲရွေ့လျားနေပါသည်။ နုပျိုရာမှနေ၍အိုမင်းလာပါသည်။ အဆင်ပြေရာမှနေ၍ အဆင်မပြေသော ဘက်ပြောင်းလဲလာခြင်းလည်း ရှိပါသည်။ ငိုရာမှနေ၍ပြုံးရခြင်းလည်း ရှိတတ်ပါသည်။ ဆုံလိုက် ကွဲလိုက်၊ ပျော်လိုက် ငိုလိုက်၊ အောင်လိုက် ရှုံးလိုက် အမြဲပင် ပြောင်းလဲနေပါသည်။ သို့သော် မြန်မာစကားတွင် “ကွယ်လွန်အနိစ္စရောက်တယ်” ဟု ဆိုကာ အနိစ္စကို သေခြင်းတရား အဖြစ်သာ အများအားဖြင့် ရည်ညွှန်းလေ့ရှိကြပါသည်။ အမှန်တကယ်၌ အနိစ္စဟူသည် သေခြင်းတရား တစ်ခုတည်းကိုသာ ဆိုလိုခြင်း မဟုတ်ကြောင်း နားလည်ထားကြရပါမည်။

မတည်မြဲသော အနိစ္စသဘောကို သိထားပါက ကိုယ်ရော စိတ်ပါ သက်သာရာ ရနိုင်ပါသည်။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဖြစ်ရခြင်းမှာ အဆိုးလောဓံ (အဆင်မပြေမှုများ) နှင့် ကြုံတွေ့ရသောကြောင့် ဖြစ်ပါသည်။ အဆိုးလောကဓံဆိုသည်မှာလည်း ဘဝဖွဲ့စည်းမှု အစိတ်အပိုင်းများစွာထဲမှ တစ်စိတ်တစ်ပိုင်းသာ ဖြစ်နေသောကြောင့် “ယင်းသည်လည်း အနိစ္စပင်။ ကြာရှည် မတည်နိုင်” ဟု သဘောပိုက်လိုက်နိုင်လျှင် သက်သာရာရနိုင်ပါသည်။ တစ်နည်းဆိုရလျှင် “ဒုက္ခရောက်ရတယ်၊ ကိုယ်စိတ်ဆင်းရဲရတယ်” ဟူသည့် (ဒုက္ခသစ္စာ)သည် မသိမှု (အဝိဇ္ဇာ) ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ထို့ကြောင့် သိမှု (၀ိဇ္ဇာ) ဖြစ်အောင် နေထိုင်ကျင့်ကြံသွားရပါမည်။ လူသားတိုင်းသည် အမြဲမပြတ် နေနိုင်မည် မဟုတ်ပါ။ ထိုသို့ မမြဲသော သဘောကိုပင် သိနေရပါမည်။ ထိုသဘောသည်ပင် အနိစ္စဖြစ်ပါသည်။

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားရသော အရာများ၊ သတ္တဝါများသည်လည်း  အနိစ္စတရားပင်ဖြစ်ပါသည်။ ယခုအချိန်၌ မပျက်စီးနိုင်ဟု ထင်ထားသော်လည်း ပျက်စီးသွားကြသောအခါ များစွာပူဆွေးသောက ရောက်ကြရပါသည်။ (မိမိတို့သည်လည်း အချိန်မရွေး၊ နေရာမရွေး ပျက်စီးသွားနိုင်သည်ကို သတိသံဝေဂယူကြရပါမည်) အမှန်တကယ်၌ မိမိသည် ဖြစ်ပေါ်လာသော တရားတို့ပေါ်တွင် ဉာဏ်နှင့်ယှဉ်သော အသိဖြင့်သိပြီး ပျက်စီးသွားသော အရာများအပေါ် တဏှာနှင့် ယှဉ်သော စိတ်ဖြင့်ပူဆွေးသောက မဖြစ်ရန် အနိစ္စတရားကို သိနေရန် လိုအပ်ပါသည်။          

ဤသို့ဖြင့် အနိစ္စသဘာဝကို ဘာမျှမသိလိုက်ဘဲ အနိစ္စဒဏ်ချက်ကို ဘုမသိဘမသိ ခေါင်းငုံ့ခံနေရခြင်းမျိုး၊ ဘဝအဆက်ဆက် ဒုက္ခသံသရာလည်နေရခြင်းမျိုး မဖြစ်ရလေအောင် ဒုက္ခဇာတ်သိမ်းသည်အထိ အနိစ္စသဘာဝကို မိမိတို့ ဉာဏ်စွမ်းရှိသည့်အလျောက် သုံးသပ်ဆင်ခြင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent