■ စီရော်နယ်လ်ဒိုပုံစံ အောင်ပွဲခံခဲ့ခြင်းမှာ ၎င်းကို မလေးမစားပြုလုပ်ခြင်းမဟုတ်ဟု တောင်ဆန်ဆို

■ စီရော်နယ်လ်ဒိုပုံစံ အောင်ပွဲခံခဲ့ခြင်းမှာ ၎င်းကို မလေးမစားပြုလုပ်ခြင်းမဟုတ်ဟု တောင်ဆန်ဆို
Published 4 October 2021

အဲဗာတန်အသင်း၏ အင်္ဂလန်တောင်ပံကစားသမား တောင်ဆန်က မန်ယူ(၁-၁)အဲဗာတန်ပွဲတွင် ချေပဂိုးသွင်းပြီးနောက် မိမိအောင်ပွဲခံခဲ့သည့်ပုံစံမှာ မန်ယူတိုက်စစ်မှူး စီရော်နယ်လ်ဒိုအား မလေးမစားပြုလုပ်ခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။ 

ယင်းပွဲတွင် မန်ယူအသင်းက ပွဲချိန် (၄၃)မိနစ်၌ တိုက်စစ်မှူး မာစီယဲလ်၏သွင်းဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန်(၆၅)မိနစ်တွင် တောင်ဆန်က အဲဗာတန်အတွက် ချေပဂိုးသွင်းယူနိုင်ခဲ့သည်။ 

ဂိုးသွင်းပြီးနောက် တောင်ဆန်သည် စီရော်နယ်လ်ဒို အောင်ပွဲခံလေ့ရှိသည့်ပုံစံအတိုင်း (ခုန်၍လက်နှစ်ဖက် ခြေနှစ်ဖက်ကားကာ)အောင်ပွဲခံခဲ့သည်။ 

၎င်း၏အောင်ပွဲခံပုံမှာ စီရော်နယ်လ်ဒိုအား လှောင်ပြောင်သည့် သဘောဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ပရိသတ်များက ဝေဖန်ခဲ့ကြရာ ၎င်းက ငြင်းဆန်ပယ်ချခဲ့သည်။ 

''စိတ်မဆိုးကြပါနဲ့ ဒါဟာ ကျွန်တော့်ရဲ့ကစားသမားဘဝကို လွှမ်းမိုးခဲ့တဲ့သူတစ်ဦး(စီရော်နယ်လ်ဒို)ကို လေးစားတဲ့အနေနဲ့ ပြုလုပ်ခဲ့တာပါ''ဟု တောင်ဆန်က ပြောကြားခဲ့သည်။ 

တောင်ဆန်သည် ယင်းပွဲတွင် စီရော်နယ်လ်ဒိုထံမှရရှိခဲ့သည့် မန်ယူနံပါတ်(၇)အကျႌကိုလည်း သူ၏ Instagram တွင် တင်ခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent