ငွေကြေးဈေးကွက် မတည်ငြိမ်မှုများကြားက ရောင်းရေးဝယ်တာ အကျပ်အတည်းများ

ငွေကြေးဈေးကွက် မတည်ငြိမ်မှုများကြားက ရောင်းရေးဝယ်တာ အကျပ်အတည်းများ
မော်လမြိုင်မြို့ ဈေးကြီးတစ်ဈေး မြင်ကွင်း
မော်လမြိုင်မြို့ ဈေးကြီးတစ်ဈေး မြင်ကွင်း
Published 3 October 2021
နီလာ

ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အမေရိကန် တစ်ဒေါ်လာနှုန်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၁ ကျပ်မှ စက်တင်ဘာတွင် ကျပ် ၁၇၅၀ အထိ မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံ၌ ကျပ်ငွေတန်ဖိုး ကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး စက်တင်ဘာ ၂၈ ရက်တွင် ယခင် စံချိန်ကျပ် ၁၇၅၀ ကို ကျော်ဖြတ်ကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ အမြင့်ဆုံးစံချိန် ထပ်တင်ခဲ့ကြောင်းနှင့် စျေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၃၀၀၀ နီးပါးအထိနှင့် အရောင်းအဝယ် ပြုလုပ်မှုပင်ရှိခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

သို့သော် စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၄၀၀ ဝန်းကျင် ရှိလာကာ ရက်ပိုင်းအတွင်း ဒေါ်လာစျေး အတက်အကျ ကြမ်းခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှစ၍ သိသိသာသာမြင့်တက်ခဲ့ရာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့်ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင်  ၁၆၂၂ ကျပ်၊  စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံးစံချိန် ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့သော်လည်း တစ်လအတွင်း ဆက်တိုက်မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ အမြင့်ဆုံးစံချိန်တင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော်လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိ ပြန်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ်အထိ ကျဆင်းခဲ့သည်။ မတ် ၁၈ ရက်တွင်  ၁၅၂၇ ကျပ်အထိ၊ မေ ၁၄ ရက်တွင် ၁၅၃၈ ကျပ်အထိ ပြန်တက်ခဲ့ပြီး ဇွန် ၁ ရက်တွင် ၁၅၂၉ ကျပ်ဝန်းကျင် ရှိခဲ့သည်။

သြဂုတ် ၂၆ ရက်တွင် ၁၅၁၄ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ်အထိ မြင့်တက်ကာ ဒီဇင်ဘာ ၂၅ ရက်မှ စတင်ကာ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အောက်၊ ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်မှစ၍ ကျပ် ၁၄၀၀ အောက် ကျဆင်းခဲ့သည်။ မတ် ၁၀ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၃၂၀ အထိ ကျဆင်းခဲ့ပြီး ဧပြီတွင် ကျပ် ၁၄၄၀၊ မေတွင် ၁၄၂၆ ကျပ်အထိ ပြန်တက်ခဲ့ပြီး ဇူလိုင်တွင် ၁၃၆၇ ကျပ်၊ သြဂုတ်တွင် ၁၃၄၂ ကျပ်၊ စက်တင်ဘာတွင် ၁၃၂၄ ကျပ်၊ အောက်တိုဘာတွင် ၁၂၉၇ ကျပ်အထိ ပြန်ကျခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၀၀ ဝန်းကျင်ရှိခဲ့ရာ ယင်းနောက်ပိုင်းတွင် ဖေဖော်ဝါရီ၊ မတ်လမှ စတင်ကာ သိသိသာသာ မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၈ ရက်တွင် ယခင်စံချိန်များကို ဖြတ်ကျော်ကာ တစ်ဒေါ်လာလျှင် ကျပ် ၂၇၀၀ အထိ စံချိန်သစ်ဖြင့် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် စက်တင်ဘာ ၃၀ ရက်တွင်  နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၂၄၀၀၊ အောက်တိုဘာ ၁ ရက်တွင် ကျပ် ၂၄၃၀ ဝန်းကျင်အထိ ပြန်ကျခဲ့သည်။

ပြည်တွင်းရွှေစျေးနှုန်းသည်လည်း စက်တင်ဘာ ၂၈ ရက်က ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၂၂၅၀၀၀၀ အထိ မြင့်တက်ခဲ့ပြီး စက်သုံးဆီစျေးနှုန်းများမှာလည်း စက်တင်ဘာ ၃၀ ရက်တွင် စက်သုံးဆီ အမျိုးအစားအားလုံး တစ်လီတာ ကျပ် ၁၅၀၀ ကျော်အထိ မြင့်တက်၍ ရှစ်လအတွင်း စက်သုံးဆီ အမျိုးအစားအလိုက် ၁၀၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၁၃၀ ခန့်အထိ မြင့်တက်ခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံခြားငွေကြေးစျေးကွက် မတည်ငြိမ်မှု၊ ရွှေစျေး အတက်အကျကြမ်းနေမှု၊ စက်သုံးဆီစျေးနှုန်းများ မြင့်တက်မှုတို့က စားသုံးသူများနှင့် ပြည်တွင်းစျေးကွက်အပေါ် ဂယက်ကြီးစွာ  ရိုက်ခတ်ခဲ့ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းအများစု အရောင်းအဝယ် ရပ်ဆိုင်းထားကြကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“လုပ်ငန်းတွေ တစ်ခုပြီးတစ်ခုရပ်၊ ဆိုင်လေးတွေ တစ်ခုပြီးတစ်ခုပိတ်၊ အလုပ်တွေ အကုန်ရပ်ထားရပြီး လှုပ်လေမြုပ်လေ ဖြစ်နေကြတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယင်းသို့ ငွေစျေးမတည်ငြိမ်မှုနှင့် ပစ္စည်းများ ရုတ်တရက် ပြတ်လပ်သွားခြင်း၊ Suppliers များ ပစ္စည်းတင်သွင်းမှု ရပ်နားထားသောကြောင့် Bakery အများစု စက်တင်ဘာလကုန်မှစ၍ ဆိုင်များခေတ္တပိတ်ထားမည် ဖြစ်ကြောင်း ၎င်းဆိုင်များ၏ လူမှုကွန်ရက် စာမျက်နှာများတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

ထို့ပြင် သွင်းကုန်လုပ်ငန်းများ၊ ဒေါ်လာနှင့် ပတ်သက်ဆက်နွှယ်သည့် လုပ်ငန်းများအနေဖြင့် အရောင်းရပ်ပြီး ငုတ်တုတ်ထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း၊ အရှုံးအနည်းဆုံးနည်းလမ်းမှာ ထိုင်နေရုံသာ ဖြစ်ကြောင်းလည်း လုပ်ငန်းရှင်များက ဆိုသည်။

“မနေ့က ဆေးတစ်မျိုး ရောင်းလိုက်တာ ငါးသောင်းမြတ်တယ်။ ဒီနေ့ပြန်ဝယ်တာ တစ်သိန်းရှုံးသွားတော့ နောက်ရက်အတွက် မရောင်းရဲတော့ဘူး။ လက်ကျန်လေးတွေ ထိန်းရောင်းနေရင်းနဲ့ပဲ စျေးကွက်စောင့်ကြည့်နေတာ။ အခုကတော့ ဆိုင်ခဏပိတ်ထားတော့မယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဆေးဆိုင်ဖွင့်လှစ် ရောင်းချနေသူတစ်ဦးက ပြောကြားသည်။

နိုင်ငံခြားငွေလဲနှုန်း အတက်အကျသည် နိုင်ငံခြားငွေဝယ်လိုအားနှင့် ရောင်းလိုအားကို သက်ရောက်စေနိုင်သော အကြောင်းရင်းများအပေါ်တွင် အခြေခံပြီး အဓိကကျသည့်အချက်များမှာ နိုင်ငံခြားငွေကြေး စျေးကွက်အခြေအနေ၊ နိုင်ငံ့ပို့ကုန်သွင်းကုန်ပမာဏ၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ရသုံးမှန်းခြေ ငွေစာရင်းအခြေအနေ၊ စီးပွားရေးစနစ်အတွင်းရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းအခြေအနေတို့ ဖြစ်သည်။

ဒေါ်လာစျေး မြင့်တက်မှုကြောင့် ပြည်ပမှ သွင်းကုန်စျေးနှုန်းများ၊ အထူးသဖြင့် စျေးကွက်အတွင်း သုံးစွဲမှုများပြားသော စက်သုံးဆီ၊ ဆေးဝါး၊ အစားအစာကဲ့သို့ ကုန်စည်များကို စျေးနှုန်းမြင့်တက်စေခဲ့သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ပျမ်းမျှအားဖြင့် အစားအစာအုပ်စုတွင် ဆီစျေး၊ ဆန်စျေးမြင့်တက်ခဲ့ပြီး စားဖိုဆောင်သုံးပစ္စည်းများအနက် ကြက်သွန်နီစျေးနှုန်းမှာ သိသိသာသာ မြင့်တက်ခဲ့ခြင်းမရှိခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ချက်များအရ သိရသည်။

“ကုန်စျေးနှုန်းတက်တဲ့အကြောင်းက တစ်ခုတည်း တက်နေတာမဟုတ် အကုန်လုံးပဲ။ ကျွန်မသုံးနေကျ နေကြာဆီ ငါးလီတာပုံးတစ်ပုံးကို အရင်လက ၁၉၀၀၀၊ အခု ၂၂၀၀၀ ပေးခဲ့ရတယ်။ ဒီဆီတစ်မျိုးတည်း မဟုတ်ဘူး။ တခြားဆီစျေးလည်း တက်တယ်။ အသီးအရွက် အကုန်တက်တယ်။ ပြောင်းဖူးတစ်ဖူးကို အရင်က ၃၀၀၊ နှစ်ဖူးယူရင် ၅၀၀။ အခု တစ်ဖူး ၄၀၀၊ သုံးဖူး ၁၀၀၀ ဖြစ်သွားပြီ” ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်း ကြက်၊ဘဲ လက်လီလက်ကား ဖြန့်ချိရောင်းချနေသူတစ်ဦးကလည်း “CP ကြက်သား စျေးဒိုင်စျေးနော် အခု ၄၅၀၀၊ အရင်က ၂၀၀၀၊ ၂၅၀၀ ပဲရှိတယ်။ ကြက်စျေးက နေ့တိုင်းစျေးပြောင်းနေတယ်။ ဘဲဆိုရင် တစ်ပိဿာ ၇၅၀၀၊ ဒါတောင် ပစ္စည်းမရှိဘူး။ အဓိကကတော့ ဆီစျေးတက်တာရော၊ ကြက်ခြံတွေမှာ ကြက်မရှိတာရော၊ အရင်းပြုတ်တာရော အကုန်စုံနေတာပေါ့နော်” ဟု ပြောကြားသည်။

ဒေါ်လာစျေးမြင့်တက်မှုကြောင့် သွင်းကုန်စျေးနှုန်းများ၊ အထူးသဖြင့် စျေးကွက်အတွင်း သုံးစွဲမှုများပြားသော စက်သုံးဆီ၊ ဆက်သွယ်ရေးပစ္စည်း၊ ဆေးဝါး၊ အစားအစာကဲ့သို့ ကုန်စည်များကို စျေးနှုန်းမြင့်တက်စေပြီး ကုန်စျေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေမည် ဖြစ်သည်။

“ပြည်ပက ဒေါ်လာတဲ့သွင်းပြီး ရောင်းတဲ့ပစ္စည်းတွေတင် စျေးတက်တာမဟုတ်ဘူး။ ကိုယ့်ပြည်တွင်းကထွက်တဲ့ ဆန်၊ ဟင်းသီးဟင်းရွက်ကအစ အကုန်စျေးတက်နေတာ။ ဓာတ်ဆီ၊ ဒီဇယ်ဆီစျေးတွေကတော့ တစ်ခါမှမကြုံဖူးတဲ့ စျေးတွေပဲ။ ဆီစျေးတက်လို့ ကားခပိုတောင်းရင် ခရီးသည်က စျေးဆစ်ကြတယ်။ အရင် ၂၀၀၀ တန်တဲ့ခရီးက အခု ၂၅၀၀ ကနေ ၃၀၀၀ ဖြစ်နေပြီ။ ဒီလိုစျေးတိုးတောင်းလို့ ကျွန်တော်တို့ တွက်ခြေကိုက်လားဆိုရင် အုံနာကြေးရဖို့တောင် အနိုင်နိုင်ရယ်ပါဗျာ” ဟု Taxi ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

“ဒေါ်လာစျေးတက်တာနဲ့ ကန်စွန်းရွက်နဲ့မဆိုင်ဘူး။ ဆန်စပါးနဲ့မဆိုင်ဘူးလို့ သွားပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ စိုက်ပျိုးတဲ့နေရာမှာ ဆန်စပါးဆိုလည်း ပြည်တွင်းမှာ စိုက်တာမှန်ပေမဲ့ သွင်းအားစုဖြစ်တဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ဓာတ်ဆီ၊ ဒီဇယ်အားလုံးက ပြည်ပကသွင်းကုန်တွေ။ သူရဲ့ Costs of Production က ထုတ်လုပ်မှု ကုန်ကျစရိတ်က တက်လာတဲ့အပိုင်းတွေ ရှိတယ်။ ကန်စွန်းရွက်ကလည်း သူစိုက်တဲ့ဟာက စျေးမတက်ဘူး။ သို့သော်လည်း ခုနကသယ်ယူပို့ဆောင်တာကျတော့ အကုန်လုံးက မြင်းနဲ့ထမ်းတင်တာ မဟုတ်ဘူးလေ။ကားနဲ့သယ်ရမယ်။အဲဒီတော့ သယ်ယူပို့ဆောင်ခတက်တယ်။ အဲဒီတော့ အကြမ်းဖျင်းကတော့ အကုန်လုံးလိုက်တက် လာတာပေါ့နော်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် သုံးစွဲနေသည့် ကုန်ပစ္စည်းအများစုမှာ ပြည်ပမှတင်သွင်းရောင်းချနေကြခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဆေးဝါးများ၊ စားအုန်းဆီများ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် အခြားလူသုံးကုန်ပစ္စည်း အများစုမှာလည်း ပြည်ပမှ ဒေါ်လာဖြင့် တင်သွင်းရောင်းချနေခြင်း ဖြစ်သဖြင့် နိုင်ငံခြားငွေကြေးစျေးကွက် အတက်အကျဂယက်က ယင်းကုန်စည်စျေးနှုန်းအပေါ် သက်ရောက်ကာ စျေးနှုန်းလိုက်ပါမြင့်တက်လာခြင်းဖြစ်သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖွင့်လှစ် ဆောင်ရွက်နေသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း ရောင်းချခဲ့ပြီး စက်တင်ဘာလအတွင်း လက်ရှိချိန်အထိ ငါးကြိမ်ခွဲ၍ ဒေါ်လာ ၆၃ သန်းရောင်းချထားသည်။

သို့သော်လည်း စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၄၀၀ ဝန်းကျင်သာရှိနေဆဲဖြစ်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းလျက်ရှိသည်။

“နစကခေတ်မှာ ကြားမှာတစ်ခေါက် တက်သွားသေးတယ်။အဲဒီတုန်းက ၁၆၀၀၊ ၁၇၀၀ တက်တော့ ဗဟိုဘဏ်က Earning ထုတ်ရောင်းတယ်။ တစ်ဖက်ကလည်း အရွက်တွေကို Money Changer ရှစ်ခုက နေတစ်ဆင့် စျေးချပြီးထုတ်ရောင်းတယ်။ အဲဒီတုန်းကတော့ စျေးပြန်ကျသွားတယ်။ ၁၄၀၀ ဝန်းကျင်ကို ပြန်ကျသွားတာရှိတယ်။ဒီတခေါက်လည်း သူကအဲဒီပုံစံတော့လုပ်တာပေါ့။ဒါပေမဲ့ ဒီတစ်ခေါက်ကျတော့သွားပြီး အကြောင်းအရာစုံတာလည်းပါတာပေါ့။ ငွေစက္ကူအသစ်တွေရိုက်မယ်တို့၊ ၅ဝဝဝတန်၊ ၁၀၀၀၀ တန်တွေဖျက်မယ်တို့  ဒီဟာတွေ သွားဆုံတယ်။ နောက်ပြီး တစ်ဖက်ကလည်း ဒီအချိန်က Export နည်းတဲ့အချိန်ပေါ့။ Export Deficit ကြောင့် ထုတ်ရောင်းမယ်ဆိုရင်တော့ ဗဟိုဘဏ်အနေနဲ့ ဒေါ်လာထုတ်ရောင်းတာ မှန်တယ်။အခုကတော့ ပြည်သူတွေဝယ်ချင်တာက အရွက်တို့ ဘာတို့ဖြစ်နေတာပေါ့ နော်။ Money Changer တွေမှာလေ။ အဲဒီပြည်သူတွေအတွက်ပါ ကျယ်ကျယ်ပြန့်ပြန့် ရောင်းဖို့လိုတာပေါ့။အခုက ဗဟိုဘဏ်က စျေးကျချင်တဲ့သဘောနဲ့ ၁၇၅၀ ကို Fixed ထားပြီး တချို့ Importer ထဲမှာမှ ဓာတ်ဆီ၊ ဒီဇယ်သွင်းတဲ့ အထဲမှာမှ သုံး၊ လေးယောက်ကိုပဲ ရောင်းပေးတဲ့သဘောရှိနေတယ်။ပြီးတော့မှ စျေးကိုလျှော့ရောင်းဖို့ ပြောနေတာပေါ့နော်။ ကျွန်တော်တို့ မြင်တာကတော့ ပုဂ္ဂလိက အမြင်ပေါ့နော်။ မှန်တယ်မှားတယ်တော့ မသိဘူးပေါ့။ ဒါလုပ်ခြင်းအားဖြင့် စျေးလျှော့ရောင်းလို့လည်း စျေးကွက်အနေနဲ့  သွားပြီးတော့ ရိုက်ခတ်မှု မရှိနိုင်ဘူး” ဟု ဒေါက်တာစိုးထွန်းက သုံးသပ်ပြောကြားသည်။

“ဘာလို့လဲဆိုရင် လက်ရှိအခြေအနေမှာ စျေးကွက်စီးပွားရေးရဲ့သဘောမှာ စျေးလျှော့ရောင်းရမှာ မဟုတ်ဘူး။ ပေါက်စျေးကို ရောင်းရမယ်။ ဝယ်နိုင်တဲ့သူအားလုံးကို မျှမျှတတ ရောင်းပေးရမယ်။ ဖြစ်နိုင်ရင်တော့ လက်လီအဆင့်ပါ စဉ်းစားပြီးတော့ ရောင်းပေးနိုင်ရင်တော့ လူတွေရဲ့ယုံကြည်မှုတက်လာမယ်။အခုက ယုံကြည်မှုပျက်တာ။ Trade Deficit လည်း မဟုတ်ဘူး။ အဲဒီတော့စျေးကို လျှော့ရောင်းစရာ မလိုဘူး။ သို့သော်လည်း ဒီထက်ပိုပေါပေါများများနဲ့၊ လူသုံး၊ လေးယောက်ကို ရောင်းလို့မရဘူး။ ဝယ်ချင်တဲ့သူက တစ်သိန်းလောက်ရှိတယ်။ လူသုံးယောက်လောက်ပဲ ရောင်းလိုက်ရင် ဒီသုံးယောက်ပဲ ကျိတ်ပြီးရသွားတာရှိမယ်။ ကျန်တဲ့သူက ဝယ်မရတဲ့အတွက်ကြောင့်မို့ စျေးပိုပေးနေရတာပေါ့နော်။ အခုဖြစ်နေတာက အဲဒီပုံစံ။ အဲဒီတော့ တကယ်တမ်း စျေးကိုငြိမ်ချင်တယ်ဆိုရင်တော့ လက်ရှိရောင်းချတဲ့စနစ်က နည်းနည်းလွဲနေသလားပေါ့။ အဲဒီတော့ သမင်မွေးရင်းကျားစားရင်းပုံပြင်လိုပေါ့။ ဗဟိုဘဏ် ရောင်းလိုက်တဲ့ပိုက်ဆံသာ ကုန်သွားတယ်။ စျေးလည်း မကျဘူးပေါ့နော်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးစျေးကွက် မတည်ငြိမ်မှုအကျပ်အတည်းများ၊ ဘဏ်လုပ်ငန်းအခက်အခဲများ၊ ငွေသားထုတ်ယူမှုအပေါ် ရာခိုင်နှုန်းပေးကာ ထုတ်ယူနေရသည့်အခြေအနေများက စီးပွားရေးလုပ်ငန်းများ လည်ပတ်ရာတွင် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့ကြသည်။

အခြားတစ်ဖက်တွင် မြန်မာနိုင်ငံတွင် လက်ရှိ ရင်ဆိုင်နေရသည့် အခြေအနေများ၊ ကုန်ကြမ်းများ ရရှိမှုအခက်အခဲများ ဖြစ်ပေါ်လာခြင်း၊ ကုန်ချောထုတ်လုပ်ရန် ခက်ခဲမှုများ ဖြစ်ပေါ်လာခြင်း၊ ငွေကြေးလည်ပတ်စီးဆင်းမှုအခက်အခဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လာရောက်လုပ်ကိုင်နေကြသည့်လုပ်ငန်းအချို့ လုပ်ငန်းပိတ်သိမ်းရန် ပြင်ဆင်နေကြကြောင်း ယင်းလုပ်ငန်းများက ထုတ်ပြန်ချက်အရ သိရသည်။

“အခု ကျွန်တော်တို့ဆီမှာ ဖြစ်နေတာတဲ့ ငွေကြေးအကျပ်အတည်းက တော်တော်လေး ဂယက်ထနေတယ်။ ဘဏ်တွေက ပိုက်ဆံထုတ်ချင်တိုင်း ထုတ်မရဘူး။ ဘဏ်နဲ့ငွေပေးချေလို့မရဘူး။ အဲဒါတော်တော် အခြေအနေ ဆိုးပါတယ်။ ဒါတွေကို အချိန်မီပေါ့။ ဘဏ်စနစ်နဲ့ ငွေကြေးပြဿနာတွေကို အချိန်မီမဖြေရှင်းပေးနိုင်ရန် ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေ နာလန်ထူလာဖို့မလွယ်တော့ဘူး” ဟု ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ငွေကြေးစနစ်နှင့်ဘဏ်စနစ်သည် ယုံကြည်မှုနှင့်တည်ဆောက်ထားခြင်းဖြစ်သည်။ မလိုလားအပ်သည့် ထိန်းချုပ်မှုများ ဖြေလျှော့မှသာ ပြည်သူများ၏ ယုံကြည်မှု ပိုမိုကောင်းလာကာ ဘဏ်စနစ်နှင့် စီးပွားရေး လုပ်ငန်းများ ရှင်သန်နိုင်မည် ဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသည့် ဘဏ်စနစ်ကြောင့် ငွေကြေးစျေးကွက် ကမောက်ကမဖြစ်ပြီး အကျိုးဆက်အနေဖြင့် ဒေါ်လာစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေးများ အရှိန်အဟုန်ဖြင့် မြင့်တက်လာကြောင်း၊ ယင်းအကျပ်အတည်းနှင့် အခက်အခဲများကို စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ ခါးစည်းခံနေရသဖြင့် မတည်မငြိမ် ဖြစ်နေသည့် ငွေကြေးစျေးကွက်နှင့် ယင်းပြဿနာ၏ အကျိုးဆက်များ၊ မလွဲမသွေ ဖြစ်ပေါ်လာမည့် စီးပွားရေးကျဆင်းမှုကို ကုစားရန် မြန်မာနိုင်ငံမှ မူဝါဒချမှတ်သူများအနေဖြင့် သင့်တော်မှန်ကန်သည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန် မဖြစ်မနေ လိုအပ်နေပြီဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။          

Most Read

Most Recent