လောင်းကစားဥပဒေကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်အသင်းများ၏ ရင်ဘတ်လိုဂိုစပွန်ဆာနေရာကို ခွင့်ပြုတော့မည်မဟုတ်     

လောင်းကစားဥပဒေကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်အသင်းများ၏ ရင်ဘတ်လိုဂိုစပွန်ဆာနေရာကို ခွင့်ပြုတော့မည်မဟုတ်     
Photo: Daily Mail
Photo: Daily Mail
Published 24 September 2021

ဗြိတိန်အစိုးရသည် လောင်းကစားဥပဒေကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် ဘောလုံးကလပ်အသင်းများ၏ ရှပ်အကျႌရင်ဘတ်စပွန်ဆာနေရာတွင် လောင်းကစား ကုမ္ပဏီများ၏အမည်များကို ကြော်ငြာခြင်းအား ခွင့်ပြုတော့မည်မဟုတ်ကြောင်း သိရှိရသည်။

    

လာမည့်ဆောင်းရာသီတွင်ထုတ်ပြန်မည့် အစိုးရ၏ စက္ကူဖြူကြေညာစာတမ်းတွင် လောင်းကစားလုပ်ငန်းများနှင့်ပတ်သက်ပြီး ပိတ်သိမ်းရန် မဖြစ်နိုင်သော်လည်း ယင်းလုပ်ငန်းများအား လူသိရှင်ကြား ကြော်ငြာနေကြသည့် ကိစ္စအပေါ် တားမြစ်ရန်ပါဝင်နေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ 

လက်ရှိအချိန်တွင် အင်္ဂလန်ပရီးမီးယားလိဂ်တွင် အသင်း (၂၀)ယှဉ်ပြိုင်လျက်ရှိရာတွင် တစ်ဝက်နီးပါး ပမာဏဖြစ်သည့် အသင်း (၉)သင်းသည် လောင်းကစား ကုမ္ပဏီများနှင့် ရင်ဘတ်လိုဂိုစပွန်ဆာစာချုပ်များကို အသီးသီးချုပ်ဆိုထားကြသည်။ 

နောက်ပိုင်းတွင် ပရီးမီးယားလိဂ်တစ်ခုလုံးနီးပါးကို လောင်းကစားကုမ္ပဏီများက လွှမ်းမိုးသွားနိုင်သည့် အလားအလာပင်ဖြစ်လာသည့်အတွက် တားမြစ်မှုများပြုလုပ်ရန် စီစဉ်နေခြင်းလည်းဖြစ်သည်။ 

    

လောင်းကစားကုမ္ပဏီများနှင့်ပတ်သက်ပြီး ပိုမိုတင်းကျပ်သည့် စည်းမျဉ်းများ ပြုလုပ်လာခြင်းနှင့်အတူ ကွင်းအတွင်း လောင်းကစားကြော်ငြာဘုတ်များရှိနေခြင်းကို တားမြစ်ခြင်း၊ ရုပ်သံတွင် ကြော်ငြာခွင့်ရရှိနေခြင်းအပေါ်  ပြန်လည်သုံးသပ်မှုများလည်း ပြုလုပ်သွားမည်ဖြစ်သည်။ 

သို့ရာတွင် TV ကြော်ငြာများတွင်မူ ဆက်လက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

    

လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ကလပ်အသင်း (၉)သင်း၏ လောင်းကစားစပွန်ဆာစာချုပ် တန်ဖိုးစုစုပေါင်းမှာ တစ်ရာသီလျှင် ပေါင်သန်း (၁၀၀)ဝန်းကျင်အထိရှိနေပြီး လိဂ်ချန်ပီယံရှစ်အသင်းများတွင်မူ စပွန်ဆာ ယူထားသည့် အသင်းအရေအတွက် ပိုမိုများပြားလျက်ရှိကြောင်းလည်း သိရှိရသည်။ 

    

လောင်းကစားစပွန်ဆာများနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်သည့်အစီအစဉ်အပေါ်  အတွင်းပိုင်းသတင်းရင်းမြစ်တစ်ဦးက "ဘောလုံးအသင်းတွေရဲ့ ရှပ်အကျီရင်ဘတ် စပွန်ဆာလိုဂိုတွေကို ကျွန်တော်တို့ အဆုံးသတ်ဖို့အတွက် လုံးဝသေချာနေပါပြီ။ လူတိုင်းကလည်း ဒါကို မျှော်လင့်ထားကြပါတယ်။ အားလုံးကလည်း ပြုပြင်နေကြပါတယ်။ ဒါပေမဲ့ အောက်တန်းလိဂ်ပြိုင်ပွဲတွေအပေါ်မှာ လည်း နိုင်ငံရေးသမားတွေက စိုးရိမ်နေကြပါတယ်။ ဘောလုံးအသင်းတွေက သတင်းစာတွေရဲ့မျက်နှာဖုံးနဲ့ နောက်ကျောဖုံးသတင်းတွေဖြစ်နေချိန်မှာ လောင်းကစားကုမ္ပဏီတွေဟာ လူမြင်ကွင်းရှေ့ကို ပိုမိုရောက်နေတဲ့အပေါ် အစိုးရက သဘောမကျပါဘူး"ဟု ပြောကြားခဲ့သည်။

    

အစိုးရ၏ စက္ကူဖြူစာတမ်းသည် လာမည့်ဇန်နဝါရီတွင် ထွက်လာမည်ဖြစ်ပြီး လောင်းကစားကုမ္ပဏီများသည် ယခုရာသီကုန် သို့မဟုတ် ၂၀၂၂ နောက်ဆုံးထားပြီး ဖယ်ရှားရဖွယ်ရှိနေကြောင်း သိရှိရသည်။ 

Most Read

Most Recent