စိတ်ကူးယဉ် အချစ်ဒရာမာဇာတ်လမ်းတွဲ Yumi’s Cells ကို စက်တင်ဘာ ၁၇ ရက်မှစ၍ tvN ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသနေ

စိတ်ကူးယဉ် အချစ်ဒရာမာဇာတ်လမ်းတွဲ Yumi’s Cells ကို စက်တင်ဘာ ၁၇ ရက်မှစ၍ tvN ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသနေ
Photo:AFP
Photo:AFP
Published 24 September 2021

စိတ်ကူးယဉ် တောင်ကိုရီးယား အချစ်ဒရာမာ ဇာတ်လမ်းတွဲ Yumi’s Cells ကို တောင်ကိုရီးယားရုပ်သံလိုင်း tvN နှင့် TVING တို့တွင် စက်တင်ဘာ ၁၇ ရက်မှ စတင်၍ ထုတ်လွှင့်ပြသနေသည်။

Yumi’s Cells ဇာတ်လမ်းတွဲကို အပတ်စဉ် သောကြာနှင့်စနေနေ့တိုင်း ည ၁၁ နာရီ ဝန်းကျင်တွင် ထုတ်လွှင့်ပြသနေခြင်း ဖြစ်ကာ အပိုင်း စုစုပေါင်း (၁၄) ပိုင်း ပါဝင်မည် ဖြစ်သည်။

လတ်တလောတွင် tvN ရုပ်သံလိုင်း၌ Yumi’s Cells ဇာတ်လမ်းတွဲကို အပိုင်း (၃) ပိုင်းအထိ ထုတ်လွှင့်ပြသထားပြီး ဖြစ်သည်။

Yumi’s Cells ဇာတ်လမ်းတွဲ၏ အပိုင်း (၁) ကို ထုတ်လွှင့်ပြသရာ၌ တောင်ကိုရီးယား နိုင်ငံတစ်ဝန်း ကြည့်ရှုမှုနှုန်း ၂.၀၇၂ ရာခိုင်နှုန်းရှိခဲ့ပြီး အပိုင်း (၂) ကို ထုတ်လွှင့်ပြသရာ၌ ကြည့်ရှုမှုနှုန်း ၂.၃၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း AGB Nielson က ထုတ်ပြန်ခဲ့သည်။

ယင်းဇာတ်လမ်းတွဲသည် နာမည်တူအွန်လိုင်း ဝက်ဘ်ကာတွန်း၏ ဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ကာ သာမန်ရုံးဝန်ထမ်းတစ်ဦးဖြစ်သူ Yumi အမည်ရှိ မိန်းကလေးတစ်ဦး၏ ဦးခေါင်းအတွင်း အမျိုးမျိုးသော ခံစားချက်များ ဖြစ်ပွားစေရန် လှုံ့ဆော်ပေးသည့် အန်နီမေးရှင်းဆဲလ် အကောင်ငယ်လေးများမှတစ်ဆင့် ဖြစ်ပွားလာသော စိတ်ကူးယဉ်ဆန်ဆန် အချစ်ဇာတ်လမ်းကို မတူကွဲပြားသည့် ဆန်းသစ်ဖန်တီးမှုပုံစံမျိုးဖြင့် ရိုက်ကူးထားခြင်းဖြစ်သည်။

သာမန်ရုံးဝန်ထမ်းတစ်ဦးဖြစ်သူ Yumi သည် ၎င်း၏ခံစားချက်များကို မဖော်ပြတတ်သူ ဖြစ်သည်။ Yumi ၏ ဦးနှောက်ထဲတွင် အချစ်၊ အမုန်း၊ ဆင်ခြင်တုံတရား၊ ကောင်းခြင်း၊ ဆိုးခြင်းကဲ့သို့သော ကွဲပြားခြားနားသည့် ပုံစံ၊ အမူအရာများကို ကိုယ်စားပြုပြသပေးသည့် ဆဲလ်များရှိနေကာ သေးမျှင်သော ထိုဆဲလ်များက Yumi အတွက် ဦးနှောက်ထဲ၌ တက်တက်ကြွကြွ အလုပ်လုပ်ကိုင်လျက် ရှိကြသည်။

Yumi ၏အချစ်ရေး တစ်ကြိမ်ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း Yumi ၏ အချစ်ဆဲလ်များမှာ ကိုမာဝင်သည့်အနေအထားသို့ ရောက်ရှိခဲ့သည်။ Yumi ၏ အချစ်ဆဲလ်များ နိုးထလာစေရန်အတွက် ကြိုးပမ်းကြရာ၌ ဂိမ်းတီထွင်သူ Ku Woong ၊ Yumi ၏လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသော Ruby နှင့် Seo Sae - i တို့က ၎င်းတို့၏ ပင်ကိုယ်နည်းလမ်းများအတိုင်း ကူညီပေးကြရာမှ ဖြစ်ပွားလာသည့် အဖြစ်အပျက်များကို Yumi’s Cells ဇာတ်လမ်းတွဲတွင် စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမည်ဖြစ်သည်။

စိတ်ကူးယဉ်ဆန်ပြီး အခြားသော အချစ်ဒရာမာများနှင့်မတူ တမူထူးခြားသောစိတ်ကူးဖြင့် ရိုက်ကူးပုံဖော်ထားသည့် ဇာတ်လမ်းတွဲဖြစ်သောကြောင့် ဒရာမာချစ်ပရိသတ်များအတွက် ရသတစ်မျိုး ပေးစွမ်းနိုင်လိမ့်မည်ဖြစ်သည်။

ဒါရိုက်တာ Lee Sang-yeob ရိုက်ကူးထားသော Yumi’s Cells ဇာတ်လမ်းတွဲတွင် Kim Yumi ဇာတ်ကောင်နေရာ၌ Kim Go Eun ၊ Gu-Woong ဇာတ်ကောင်နေရာ၌ Ahn Bo - Hyun ၊ Ruby ဇာတ်ကောင်နေရာ၌ Lee Yoo-Bi ၊ Chae Ugi ဇာတ်ကောင်နေရာ၌ SHINee အဖွဲ့ဝင် မင်ဟို အပါအဝင် အခြားသော သရုပ်ဆောင်အများအပြား ပါဝင်အားဖြည့်ထားသည်။

Most Read

Most Recent