ဘရစ်တနီစပီးယားက သူ့ထက် အသက် ၁၂ နှစ် ငယ်သည့် ချစ်သူနှင့် စေ့စပ်လိုက်ပြီ

ဘရစ်တနီစပီးယားက သူ့ထက် အသက် ၁၂ နှစ် ငယ်သည့် ချစ်သူနှင့် စေ့စပ်လိုက်ပြီ
Photo: Reuters
Photo: Reuters
Published 13 September 2021

ပေါ့စတား ဘရစ်တနီစပီးယားတစ်ယောက် သူ့ထက်ငယ်သည့် ပါဆင်နယ် ထရိန်နာချစ်သူ ဆမ်အက်စ်ဂါရီနှင့် စေ့စပ်လိုက်သည့်သတင်းကို စက်တင်ဘာ ၁၂ ရက်တွင် လူမှုမီဒီယာမှနေ၍ ကြေညာလိုက်သည်။

 အင်စတာဂရမ်တွင် ဘရစ်တနီစပီးယားက လက်စွပ်နှင့်အတူ သူမတို့စုံတွဲဗီဒီယိုကို ကျွန်မမယုံနိုင်ဘူးဆိုသည့် ခေါင်းစဉ်တပ်ကာ ဖော်ပြထားသည်။ အက်စ်ဂါရီကလည်း သူတို့ချင်းအနမ်းဖလှယ်နေသည့်ပုံကို သီးခြားတင်ခဲ့သည်။ ၎င်း၏မန်နေဂျာဆိုသူက သူတို့နှစ်ဦးစေ့စပ်လိုက်သည့်သတင်းကို People မဂ္ဂဇင်းသို့ ယခုလို အတည်ပြုပေးထားသည်။

“သူတို့အတွဲဟာ ကြာလာပြီဖြစ်တဲ့ သူတို့ရဲ့ပတ်သက်မှုကို အခုတရားဝင် ကြေညာလိုက်ပါပြီ။ သူတို့ကို အားပေးချစ်ခင်ကြမှုတွေအတွက် သူတို့အလွန်ပဲ စိတ်လှုပ်ရှားခဲ့ရပါတယ်” ဟု ဆိုသည်။  စပီးယားနှင့် အက်စ်ဂါရီသည် ၂၀၁၆ ခုနှစ်က သီချင်းဗွီဒီယိုတစ်ခုရိုက်ရင်း ဆုံခဲ့ကြခြင်းဖြစ်သည်။

အသက် ၃၉ နှစ်ရှိပြီဖြစ်သည့် သူမသည် ဖခင်၏ ၁၃ နှစ်ကြာ အုပ်ထိန်းချုပ်ခံဘဝမှ လွတ်မြောက်ရန် ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့ပြီး တားမြစ်ခံထားရသည့်အထဲ အက်စ်ဂါရီနှင့်လက်မထပ်ရန် ၊ နောက်ထပ်ကလေးမယူရန် အချက်များလည်း ပါနေသည်ဟု ဖွင့်ဟပြောခဲ့သည်။

ဘရစ်တနီစပီးယားသည် ၂၀၀၈ ခုနှစ်တွင် စိတ်ကျန်းမာရေးကြောင့် တရားဥပဒေအရ အပ်နှင်းထားသည့် အုပ်ထိန်းသူ (ဖခင်) ၏ ထိန်းချုပ်ခံဖြစ်ခဲ့ရသည်။

တရားရုံး၏အမိန့်ဖြင့် ဖခင်ဂျေမီစပီးယားသည် သမီးဖြစ်သူ ဘရစ်တနီ၏ ပိုင်ဆိုင်မှုအပြင် ကိုယ်ရေးကိုယ်တာအရပ်ရပ်ကိုပါ ထိန်းချုပ်ခွင့်ရခဲ့သည်။

ဖခင်ကိုအုပ်ထိန်းသူနေရာမှ ဖယ်ရှားပေးရန်၊ အုပ်ထိန်းခွင့် အလွဲသုံးစားလုပ်မှုဖြင့်ပါ တရားစွဲရန် ဘရစ်တနီက ကြိုးစားခဲ့သေးသည်။ ဖခင်ဘက်ကမူ စွပ်စွဲမှုမှန်သမျှ ငြင်းဆိုခဲ့ပြီး သမီးဖြစ်သူကို စိုးရိမ်ကြောင်းသာ အကြောင်းပြခဲ့သည်။

သူမ၏အလုပ်ကို ဖခင်ကထိန်းချုပ်နေသရွေ့ နောက်ထပ်ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်တော့မည်မဟုတ်ဟုလည်း ဇူလိုင်တွင် ဘရစ်တနီက အင်စတာဂရမ်တွင် ရင်ဖွင့်ခဲ့သည်။

သို့သော် ပြီးခဲ့သည့်သီတင်းပတ်တွင် ဖခင်ဖြစ်သူက အခြေအနေများပြောင်းလဲသွားပြီဟုဆိုကာ အုပ်ထိန်းခွင့်ကို အဆုံးသတ်ပေးရန် ရုံးတော်တွင်လျှောက်ထားလိုက်ပြီဖြစ်သည်။ ထိုအမှုအတွက် စစ်ဆေးကြားနာမှုကို စက်တင်ဘာ ၂၉ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

ဘရစ်တနီနှင့် စေ့စပ်လိုက်သည့် အသက် ၂၇ နှစ်အရွယ် အက်စ်ဂါရီသည် အီရန်-အမေရိကန်ကပြား ပါဆင်နယ်ထရိန်နာတစ်ဦးဖြစ်ပြီး Black Monday ရုပ်သံဇာတ်လမ်းတွဲတွင်လည်း ပါဝင်ထားသည့် သရုပ်ဆောင်ဖြစ်သည်။ သူသည် အီရန်မြို့တော် တဟီရန်တွင် မွေးဖွားလာပြီး အသက် ၁၂ နှစ်အရွယ်တွင် LA သို့ ပြောင်းရွှေ့ခဲ့သည်။  

ဘရစ်တနီစပီးယားသည် ရှေ့တွင် အိမ်ထောင်နှစ်ကြိမ်ကျထားပြီး ၂၀၀၄ ခုနှစ်တွင် ကလေးဘဝသူငယ်ချင်း ဂျေဆင်အလက်ဇန်းဒါးနှင့်လက်ထပ်ကာ သိပ်မကြာမီကွဲခဲ့သည်။  ထိုနှစ်နှောင်းပိုင်းတွင် အကသမား ကက်ဗင်ဖက်ဒလိုင်းဆိုသူနှင့် ထပ်မံအိမ်ထောင်ကျကာ ကလေးနှစ်ဦးရခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ကွာရှင်းခဲ့ပြန်သည်။

Most Read

Most Recent