JICA Two Step Loan ချေးငွေစီမံကိန်းမှ တောင်သူတစ်ဦးချင်းသို့ ကျပ်သိန်း ၅၀၀ အထိ အတိုးနှုန်း ငါးရာခိုင်နှုန်း၊ နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးလျက်ရှိ

JICA Two Step Loan ချေးငွေစီမံကိန်းမှ တောင်သူတစ်ဦးချင်းသို့ ကျပ်သိန်း ၅၀၀ အထိ အတိုးနှုန်း ငါးရာခိုင်နှုန်း၊ နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးလျက်ရှိ
Published 12 September 2021

JICA Two Step Loan ချေးငွေစီမံကိန်းမှ တောင်သူတစ်ဦးချင်းသို့ ကျပ်သိန်း ၅၀၀ အထိ အတိုးနှုန်း ငါးရာခိုင်နှုန်း၊ နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

JICA Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်တွင် စတင်ခဲ့ပြီး စီမံကိန်းတန်ဖိုး ကျပ်ဘီလျံ ၂၀၀ ခန့်ရှိကြောင်း၊ ချေးငွေဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလနှစ် ၃၀ စုစုပေါင်း နှစ် ၄၀ အထိသုံးစွဲနိုင်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူများ၏ လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွား အခြေခံစက်ရုံ၊သိုလှောင်ရုံများ အပါအဝင်  ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ရန် အတိုးနှုန်းသက်သာသည့် ချေးငွေများကို တောင်သူတစ်ဦးချင်းသို့ ကျပ်သိန်း ၅၀၀ အထိ အတိုးနှုန်း ငါးရာခိုင်နှုန်း၊ နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးလျက်ရှိကြောင်း စိုက်ပျိုးရေးနှင့်ကျေးလက် ဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်း (JICA Two Step Loan) စီမံကိန်း ဦးဆောင်ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

JICA Two Step Loan ချေးငွေစီမံကိန်းမှ သြဂုတ်လကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိမြို့နယ် ၁၈၇ မြို့နယ်မှ တောင်သူ ၅၅၅၆ ဦးသို့ ချေးငွေကျပ် ၂၉ ဒသမ ၁၂၆ ဘီလျံ ထုတ်ချေးထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ပထမချေးငွေရယူထားသည့် တောင်သူများက ပြန်ဆပ်သည့်ငွေကို ချေးငွေရယူလိုသည့် အခြားတောင်သူများသို့ စဉ်ဆက်မပြတ် ထုတ်ချေးခြင်းဖြင့် ချေးငွေရရှိသူ တောင်သူဦးရေများပြားလာမည် ဖြစ်ကြောင်း၊ ချေးငွေများ ပုံမှန်ပြန်လည်ကောက်ခံရရှိရန်နှင့် ဆုံးရှုံးမှုမရှိစေရန် ချေးငွေထုတ်ချေးရာတွင် စနစ်တကျ စိစစ်ဆောင်ရွက်ရန် လိုသကဲ့သို့ ချေးငွေသက်တမ်း တစ်လျှောက်လုံး အနီးကပ်စောင့်ကြည့် ကြပ်မတ်ရန်လိုကြောင်း၊ သို့မှသာ ချေးငွေအစီအစဉ်တစ်ရပ်လုံး ကောင်းမွန်စွာဖြင့် လည်ပတ်စေနိုင်မည်ဖြစ်ပြီး တောင်သူများ၏ ဝင်ငွေတိုးတက်မှုနှင့်အတူ လယ်ယာကဏ္ဍဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၀ သန်းနီးပါး ခွင့်ပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ငါးနှစ်တွင် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ နိုင်ခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၉၀ ကျော်သာ ခွင့်ပြုနိုင်ခဲ့ပြီး စုစုပေါင်းပမာဏ၏ တစ်ရာခိုင်နှုန်းအောက်သာ ဆက်လက်ရှိနေခဲ့ကြောင်း DICA မှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခုနှစ် ဧပြီအထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၀ ခု ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၉၁ ဒသမ ၉၂၇ သန်းသာရှိသည်။

Most Read

Most Recent