တရုတ်ကွန်မြူနစ်ပါတီဖိတ်ကြားသည့် နိုင်ငံရေးပါတီများနှင့်ဆွေးနွေးပွဲ NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ တက်ရောက်မည်

တရုတ်ကွန်မြူနစ်ပါတီဖိတ်ကြားသည့် နိုင်ငံရေးပါတီများနှင့်ဆွေးနွေးပွဲ NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ တက်ရောက်မည်
Published 8 September 2021

တရုတ်ကွန်မြူနစ်ပါတီက ကြီးမှူး၍ ယနေ့ (စက်တင်ဘာ ၉ ရက်) တွင် ကျင်းပမည့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲသို့ NLD ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ တက်ရောက်မည်ဟု သိရသည်။

တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှတို့မှ နိုင်ငံရေးပါတီများ၏ “ နိုင်ငံရေးပါတီများ ပေါင်းစည်း စွမ်းအားနှင့် ဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို အွန်လိုင်းမှတစ်ဆင့် Virtual Meeting ဖြင့် ပြုလုပ်မည်ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ လေးပါတီကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားထားကြောင်း သိရသည်။

ဆွေးနွေးပွဲတက်ရောက်ရန် မြန်မာနိုင်ငံမှ ပါတီလေးခု ဖိတ်ကြားခံရပြီး NLD ပါတီအနေဖြင့် ဆွေးနွေးပွဲ တက်ရောက်သွားမည်ဟု ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ခဲ့သည့် ဦးဘိုဘိုဦးက ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထို့ပြင် ယင်းဆွေးနွေးပွဲသို့ တက်ရောက်ဖိတ်ကြားခြင်းခံရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း တက်ရောက်သွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီလူငယ်ရေးရာကော်မတီမှ ဒုတိယဌာနမှူး ဒေါက်တာသန့်ဇော်လွင် တက်ရောက်မည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

Most Read

Most Recent