ကလေးမြို့တွင် COVID-19 ရောဂါ နည်းပါးလာသည့်အတွက် ကိုဗစ်ရောဂါ ကုသရေးစင်တာတချို့ စတင် ပိတ်သိမ်း

ကလေးမြို့တွင် COVID-19 ရောဂါ နည်းပါးလာသည့်အတွက် ကိုဗစ်ရောဂါ ကုသရေးစင်တာတချို့ စတင် ပိတ်သိမ်း
Published 30 August 2021
ကိုဆူး (ချင်းတောင်ခြေ)

ကလေးမြို့တွင် ကိုဗစ်ရောဂါ နည်းပါးလာသည့်အတွက် ကိုဗစ်ရောဂါ ကုသရေးစင်တာ၊ ကွာရင်တင်းစင်တာများ စတင် ပိတ်သိမ်းလျက် ရှိသည်ဟု သိရသည်။

“အခု အိပ်စွပ်စင်တာလည်း ပိတ်သွားပြီ။ အားမာန်စင်တာကို အခု လက်ရှိလူနာတွေကို ပြတ်အောင် ကုသပေးပြီးရင် စင်တာကို နားလိုက်တော့မယ် ။ အခုရှိတဲ့ လူနာတွေကလည်း အသည်းအသန် ဖြစ်တဲ့သူ မရှိတော့ဘူး ။ လူနာကလည်း ဒီကနေ့ ညနေမှာ တစ်ယောက်ဆင်းမှာဆိုတော့ ကိုးယောက်ပဲ ကျန်တော့မယ် ” ဟု ကိုဗစ်ပေါ့ဇတစ် လူနာများကို ကုသပေးနေသော အားမာန်စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကလေးမြို့တွင် ကိုဗစ် တတိယလှိုင်း ကာလအတွင်း ကိုဗစ် ပေါ့စတစ်လူနာများကို ကုသပေးခဲ့သော ပရဟိတစင်တာများ ထွက်ပေါ်လာခဲ့ပြီး လူနာအများအပြားကို ကုသပေးခဲ့သည်ဟု သိရသည်။

အဆိုပါ စင်တာများထဲမှ အိပ်စွပ်စင်တာကို မေ ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် စင်တာကို ပိတ်ခဲ့သည်။ အိတ်စွပ်စင်တာမှ သက်သာသွားသည့် လူနာ ၂၀၀၀ ဝန်းကျင်ရှိခဲ့ပြီး အရေးပေါ်လူနာ ၃၀၀ ကိုလည်း ကုသပေးခဲ့ကာ အိတ်စွပ်စင်တာတွင် သေဆုံးသူ ၃၀ ယောက်ကျော် ရှိသည်ဟု သိရသည်။

“ကလေးမြို့မှာ ကိုဗစ်ရောဂါလူနာ တအားများတဲ့အချိန်မှာ ကုသပေးမယ့် ဆေးရုံဆေးခန်း ရှားလာတယ်။ ဆေးဝယ်ရတာ ခက်လာတယ် ။ အောက်ဆီဂျင် လိုအပ်ချက်တွေ များလာတယ်။ အဲဒါကို ပရဟိတအဖွဲ့ လုပ်တဲ့သူတွေက အိမ်ရာ၊ ကျောင်းတွေမှာ စင်တာတွေ လုပ်ပေးခဲ့တယ်။ တိုင်းရင်းဆေးရုံနဲ့ ပြည်သူ့ဆေးရုံမှာလည်း ကုသပေးတယ်။ အခုတော့ ကိုဗစ်ရောဂါ ဖြစ်တဲ့သူကလည်း နည်းပါးလာပြီး လူနာတွေလည်း နည်းလာတော့ စင်တာတွေ ပိတ်တော့တာ ဖြစ်မယ်”ဟု က လေးမြို့ခံတစ်ဦးက ပြောကြားသည် ။

ကလေးမြို့တွင် ကိုဗစ်ရောဂါ ကုသပေးသည့် စင်တာများအနက် တိုင်းရင်းဆေးရုံစင်တာနှင့် ပြည်သူ့ဆေးရုံတို့တွင် ဆက်လက် ကုသပေးလျက် ရှိသည်ဟု သိရသည်။

Most Read

Most Recent