ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဂရီးဇ်မန်း အပါအဝင် ကစားသမား (၇)ဦးကို ရောင်းချရန် ဘာစီလိုနာ စီစဉ်

ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဂရီးဇ်မန်း အပါအဝင် ကစားသမား (၇)ဦးကို ရောင်းချရန် ဘာစီလိုနာ စီစဉ်
Photo: Daily Mail
Photo: Daily Mail
Published 19 August 2021

ဘာစီလိုနာအသင်းသည် အသင်း၏ ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဂရီးဇ်မန်းအပါအဝင် အသင်းကစားသမား (၇)ဦးကို ရောင်းချရန်စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် လက်ရှိတွင် အကြွေး ယူရို (၁.၃၅)ဘီလီယံအထိရှိနေသလို၊ လာလီဂါ လစာစည်းမျဉ်းကြောင့် နာမည်ကျော်တိုက်စစ်မှူး မက်ဆီကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ခြင်းမရှိဘဲ လက်လွှတ်ခဲ့ရသည်။

ထို့ပြင် ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင် ခေါ်ယူထားသည့် ကစားသမားသစ်များကို မှတ်ပုံတင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး ယခုအခါ ယင်းပြဿနာများကို ဖြေရှင်းရန်အတွက် အသင်းကစားသမားများကို ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် အသင်းတွင် လစာမြောက်မြားစွာပေးချေနေရသည့် ဂရီးဇ်မန်း၊ ကော်တင်ဟို၊ ဒမ်ဘီလီ၊ ယာနစ်၊ အမ်တီတီ၊ ဘရေ့ဝိတ်နှင့် လွန်းဂလတ်တို့ကို ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်သိမ်းမီ ရောင်းထုတ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းအနေဖြင့် အဆိုပါကစားသမားများကို ရောင်းချရန် နွေရာသီအပြောင်းအရွှေ့စတင်ကတည်းက ကြိုးပမ်းခဲ့ခြင်းဖြစ်သော်လည်း ကစားသမားများ၏ လစာငွေမြင့်မားမှုကြောင့် ရောင်းထုတ်ရန် အခက်တွေ့လျက်ရှိနေကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။

သို့သော် ဘာစီလိုနာအသင်းအနေဖြင့် ယခုနွေရာသီတွင် ခေါ်ယူထားသည့် ကစားသမားသစ်များကို မှတ်ပုံတင်နိုင်ရန်အတွက် ယင်းကစားသမားများထဲမှ အနည်းဆုံး (၃)ဦးခန့်ကို မဖြစ်မနေရောင်းချရန် လိုအပ်ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် တစ်ဖက်တွင်လည်း အသင်း၏ ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် အသင်းကစားသမားများကို လစာလျှော့ယူရန် တိုက်တွန်းထားကြောင်း သိရသည်။

လက်ရှိတွင် ဘာစီလိုနာနောက်ခံလူ ပီကေး လစာလျှော့ယူခဲ့သလို၊ အခြားအသင်းခေါင်းဆောင်များဖြစ်သည့် ဘူးစကွက်စ်၊ အယ်လ်ဘာနှင့် ဆာဂျီရောဘတ်တိုတို့လည်း လစာလျှော့ယူရန် အသင့်ရှိနေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ကစားသမားရောင်းချမှုမှ ယူရို သန်း (၂၀၀) ရရှိရန် ပစ်မှတ်ထားနေကြောင်းလည်း Daily Mail က ဖော်ပြခဲ့သည်။

Most Read

Most Recent