■ ဒူးဒဏ်ရာကို ထပ်မံခွဲစိတ်ရန်လိုအပ်သဖြင့် လအတန်ကြာအနားယူရဦးမည်ဟု ဖက်ဒါရာ ဝန်ခံ

■ ဒူးဒဏ်ရာကို ထပ်မံခွဲစိတ်ရန်လိုအပ်သဖြင့် လအတန်ကြာအနားယူရဦးမည်ဟု ဖက်ဒါရာ ဝန်ခံ
Published 17 August 2021

ဂရင်းစလင်းချန်ပီယံဆုအများဆုံး ကစားသမားတစ်ဦးဖြစ်သူ ၀ါရင့်ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒါရာက ဒူးဒဏ်ရာကို ထပ်မံခွဲစိတ်ကုသရန် လိုအပ်သဖြင့် လအတန်ကြာ အနားယူရဦးမည်ဖြစ်ကြောင်း ဝန်ခံပြောကြားသည်။

သြဂုတ်လဆန်းပိုင်းတွင် အသက် ၄၀ ပြည့်ခဲ့သည့် ဖက်ဒါရာက ခွဲစိတ်ကုသမှုကြောင့် အနားယူရမည့်သတင်းကို Instagram မှတစ်ဆင့် အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော် ရက်သတ္တပတ်တော်တော်ကြာအောင် ချိုင်းထောက်နဲ့ နေရဦးမှာပါ။ ပြီးတော့ ပြိုင်ပွဲတွေနဲ့လည်း လတော်တော်ကြာ ဝေးနေဦးမှာပါ။ တချို့နည်းလမ်းတွေက ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒါက လုပ်ရမယ့်ကိစ္စဆိုတာလည်း သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကျန်းမာချင်ပြီး ဒီနေရာတွေမှာ ထပ်ပြီးပြေးလွှားချင်ပါသေးတယ်။ ပြိုင်ပွဲတွေဆီ ပုံစံကောင်းတစ်ခုနဲ့ ပြန်လာနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကိုလည်း ကိုယ့်ကိုယ်ကိုယ်ပေးချင်ပါတယ်''ဟု ၎င်းက ပြောကြားသည်။

ဖက်ဒါရာသည် ပြီးခဲ့သည့်လအတွင်းက ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် တိုကျိုအိုလံပစ်ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့သည်။

ဂရင်းစလင်းချန်ပီယံဆု အကြိမ် ၂၀ ရရှိထားသူ ဖက်ဒါရာသည် လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့် ၉ နေရာအထိ ရောက်ရှိနေသည်။

ယင်းခွဲစိတ်ကုသမှုကြောင့် ယခုရာသီ လက်ကျန်ပြိုင်ပွဲများတွင် ပြန်လည်ကစားနိုင်ဖွယ်မရှိတော့ကြောင်း သိရသည်။

Most Read

Most Recent