မက်ဆီ၏အပြောင်းအရွှေ့ကြောင့် ပေါ့ဘာ၏ PSG အပြောင်းအရွှေ့ မှေးမှိန်သွားခဲ့ပြီး လာမည့်နွေရာသီမှ အလွတ်ထွက်ခွာရန် စီစဉ်နေ

မက်ဆီ၏အပြောင်းအရွှေ့ကြောင့် ပေါ့ဘာ၏ PSG အပြောင်းအရွှေ့ မှေးမှိန်သွားခဲ့ပြီး လာမည့်နွေရာသီမှ အလွတ်ထွက်ခွာရန် စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 12 August 2021

ပြင်သစ်ကလပ် PSG အသင်းသို့ ဘာစီလိုနာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ပြောင်းရွှေ့ခဲ့ခြင်းမှာ မန်ယူကွင်းလယ်လူပေါ့ဘာ၏ အပြောင်းအရွှေ့အား ထိခိုက်စေခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ပေါ့ဘာသည် ယခုနွေရာသီတွင် သူ၏ဇာတိမြေ ပြင်သစ်ရှိ PSG အသင်းသို့ ပြောင်းရွှေ့ကစားရန် စီစဉ်နေသူဖြစ်ပြီး မက်ဆီ၏အပြောင်းအရွှေ့မဖြစ်ခဲ့ပါက သူ၏အပြောင်းအရွှေ့မှာ ဖြစ်ပေါ်ရန် သေချာသလောက် ရှိနေသည်။

မန်ယူအသင်းတာဝန်ရှိသူများသည် စာချုပ်သက်တမ်း နောက်ဆုံးနှစ်သို့ရောက်ရှိနေသော ၎င်းအား ပြောင်းရွှေ့ကြေး ရရှိရန်အတွက် ယခုနွေရာသီတွင် ရောင်းချရန် ဆန္ဒရှိနေပြီး PSG အသင်းကလည်း ၎င်းကိုခေါ်ယူရန် စီစဉ်လျက်ရှိနေသည်။

သို့သော် ဘာစီလိုနာအသင်းက မက်ဆီအား စာချုပ်သက်တမ်းထပ်မံ မတိုးမြှင့်နိုင်ခြင်းနှင့်အတူ PSG အသင်းသို့ ၎င်း၏အပြောင်းအရွှေ့ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာခဲ့ရာ ပေါ့ဘာအနေဖြင့် PSG အသင်းသို့ပြောင်းရွှေ့ရန် အခွင့်အရေး မရှိသလောက်နည်းပါးသွားခဲ့ပြီဖြစ်သည်။

အစောပိုင်းက ပေါ့ဘာ၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာနှင့် PSG အသင်းတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြပြီး မန်ယူအသင်းထံ ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)ဖြင့် စတင်ကမ်းလှမ်းရန် စီစဉ်ထားသည်။

သို့သော် PSG အသင်းအနေဖြင့် အသင်းတွင် မက်ဆီ အပါအဝင်နာမည်ကြီးကစားသမားများစွာ ခေါ်ယူထားပြီးဖြစ် ရာ လစာငွေ အမြောက်အမြားပေးချေရမည်ဖြစ်သဖြင့် ပေါ့ဘာကို ထပ်မံခေါ်ယူရန် ကြိုးစားတော့မည်မဟုတ်ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။

PSG အသင်းသည် မက်ဆီ တစ်ဦးတည်းအတွက်ပင် တစ်နှစ်လျှင် လစာငွေ ပေါင် (၃၅)သန်းနီးပါး ပေးချေရဖွယ်ရှိနေကြောင်း သိရှိရသည်။

ပေါ့ဘာသည် မန်ယူအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်ကိစ္စအတွက်လည်း အဆင်မပြေဖြစ်နေရာ ၎င်းအနေဖြင့် မန်ယူအသင်း၌ နောက်ဆုံးရာသီကိုဖြတ်သန်းပြီး လာမည့်နွေရာသီ၌ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာမည့်နည်းလမ်းကိုသာ ရွေးချယ်ထားကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကမူ ပေါ့ဘာကို လာမည့်ရာသီ၌ အသင်းတွင်ဆက်ရှိစေရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားထားပြီး ပေါ့ဘာကိုယ်တိုင်ကလည်း ၎င်းအနေဖြင့် မန်ယူအသင်း၌ နောက်ရာသီဆက်ကစားရလျှင်လည်း ပြဿနာမရှိဟု ထုတ်ဖော်ပြောကြားထားသည်။

ပေါ့ဘာသည်  ၂၀၁၂ ခုနှစ်က မန်ယူအသင်းကို စွန့်ခွာခဲ့ပြီး ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ရာ မန်ယူအသင်းသည် ၎င်းကို ပြောင်းရွှေ့ကြေးအလွတ်နီးပါး (လျော်ကြေးငွေပေါင် ၈ သိန်း သာရရှိခဲ့) ဖြင့် လက်လွှတ်ခဲ့ရသည်။

ထို့နောက် နောက် (၄) နှစ်အကြာတွင် ၎င်းကို(ထိုစဉ်က)ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၈၉)သန်းဖြင့် ပြန်လည်ခေါ်ယူခဲ့သည်။

မန်ယူအသင်းအနေဖြင့် ပေါ့ဘာကို ပထမအကြိမ်ဆုံးရှုံးအပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာ လာမည့် ၂၀၂၂ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဒုတိယအကြိမ် ထပ်မံဆုံးရှုံးရဦးမည်ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

Most Read

Most Recent