၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် အားကစားနည်း (၁၀) မျိုးမှ ကမ္ဘာ့စံချိန်သစ် (၃၅) ခုနှင့် အိုလံပစ်စံချိန်သစ် (၁၅၈) ခု တင်ရှိခဲ့

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် အားကစားနည်း (၁၀) မျိုးမှ ကမ္ဘာ့စံချိန်သစ် (၃၅) ခုနှင့် အိုလံပစ်စံချိန်သစ် (၁၅၈) ခု တင်ရှိခဲ့
Photo: Olympic Twitter
Photo: Olympic Twitter
Published 10 August 2021

ကျင်းပပြီးစီးသွားပြီဖြစ်သည့် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် အားကစားနည်း (၁၀) မျိုးမှ ကမ္ဘာ့စံချိန်သစ် (၃၅) ခုနှင့် အိုလံပစ်စံချိန်သစ် (၁၅၈) ခု တင်ရှိခဲ့ကြောင်း သိရသည်။

တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်နှင့် အိုလံပစ်စံချိန်တင်ခဲ့သည့် အားကစားနည်း (၁၀) မျိုးမှာ မြားပစ်၊ ပြေးခုန်ပစ်၊ ကနူးလှေ၊ Track Cycling စက်ဘီး၊ Modern Pantathlon၊ လှေလှော်၊ သေနတ်ပစ်၊ Sport Climbing၊ ရေကူးနှင့် အလေးမအားကစားနည်းများ ဖြစ်သည်။

၎င်းတို့အနက် မြားပစ်အားကစားနည်းတွင် အိုလံပစ်စံချိန်(၃)ခု၊ ပြေးခုန်ပစ်အားကစားနည်းတွင် ကမ္ဘာ့စံချိန် (၄)ခု၊ အိုလံပစ်စံချိန် (၁၀) ခု၊ ကနူးအားကစားနည်းတွင် အိုလံပစ်စံချိန် (၂၁) ခု၊ Track Cycling အားကစားနည်းတွင် ကမ္ဘာ့စံချိန်(၇)ခု၊ အိုလံပစ်စံချိန် (၁၀) ခု၊  Modern Pantathlon အားကစားနည်းတွင် အိုလံပစ်စံချိန်(၇)ခု၊ လှေလှော်အားကစားနည်းတွင် ကမ္ဘာ့စံချိန် (၈)ခု၊ အိုလံပစ်စံချိန် (၁၁) ခု၊ သေနတ်ပစ်အားကစားနည်းတွင် ကမ္ဘာ့စံချိန်(၅)ခု၊ အိုလံပစ်စံချိန် (၁၆) ခု၊ Sport Climbing အားကစားနည်းတွင် ကမ္ဘာ့စံချိန်တစ်ခု၊ အိုလံပစ်စံချိန် နှစ်ခု၊ ရေကူးအားကစားနည်းတွင် ကမ္ဘာ့စံချိန် (၆)ခု၊ အိုလံပစ်စံချိန် (၂၇) ခု၊ အလေးမအားကစားနည်းတွင် ကမ္ဘာ့စံချိန်(၄)ခု၊ အိုလံပစ်စံချိန် (၅၁) ခု တင်ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ စံချိန်တင်ရာတွင် ပြေးခုန်ပစ်အားကစားနည်းမှ Decathlon ပြိုင်ပွဲ၊ ကနူးလှေနှင့် လှေလှော်အားကစားနည်းများမှာ စံနှုန်းသတ်မှတ်ချက်မရှိသဖြင့် ကမ္ဘာ့အကောင်းဆုံးနှင့် အိုလံပစ်အကောင်းဆုံးမှတ်တမ်းအဖြစ်သာ ဖော်ပြထားကြောင်း သိရသည်။

တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် အားကစားနည်း (၃၃) မျိုးမှ ပြိုင်ပွဲအမျိုးအစား (၃၃၉) မျိုးကျင်းပခဲ့ပြီး ရွှေတံဆိပ် (၃၄၀)၊ ငွေတံဆိပ် (၃၃၈) ခု၊ ကြေးတံဆိပ် (၄၀၂) ခု၊ စုစုပေါင်း ဆုတံဆိပ် (၁၀၈၀) ပေးအပ်ချီးမြှင့်ခဲ့သည်။

ပုံမှန်အားဖြင့် ရွှေတံဆိပ် (၃၃၉) ခုနှင့် ငွေတံဆိပ် (၃၃၉) ခု ချီးမြှင့်ရမည်ဖြစ်သော်လည်း ပြေးခုန်ပစ်အားကစားနည်းမှ အမျိုးသားအမြင့်ခုန်ပြိုင်ပွဲတွင် ငွေတံဆိပ်မပေးဘဲ ပူးတွဲရွှေတံဆိပ်ဆုချီးမြှင့်ခဲ့သောကြောင့် ရွှေတံဆိပ်အရေအတွက် တစ်ခုပိုသွားခြင်း ဖြစ်သည်။

(၃၂) ကြိမ်မြောက် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ဒုက္ခသည်များအိုလံပစ်အသင်းအပါအဝင် စုစုပေါင်း (၂၀၆) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံပေါင်း (၈၆) နိုင်ငံက ဆုတံဆိပ်များရယူနိုင်ခဲ့သည်။

အမေရိကန်အသင်းက ရွှေ တံဆိပ် (၃၉) ခု၊ ငွေတံဆိပ် (၄၁)ခု၊ ကြေးတံဆိပ် (၃၃) ခု၊ စုစုပေါင်း (၁၁၃) ခုဖြင့် နိုင်ငံအလိုက် ပထမနေရာ ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၂၊ ၂၀၁၆၊ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲသုံးကြိမ်ဆက်တိုက် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဘာမြူဒါ၊ ဖိလစ်ပိုင်နှင့် ကာတာနိုင်ငံတို့က ယခုပြိုင်ပွဲတွင် သမိုင်းတစ်လျှောက် ပထမဆုံးအိုလံပစ်ရွှေတံဆိပ်ဆု ဆွတ်ခူးရယူနိုင်ခဲ့ပြီး ဘာကီနာဖာဆို၊ ဆန်မာရီနိုနှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတို့ကလည်း ပထမဆုံးအိုလံပစ်ဆုတံဆိပ် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent