ခြေစွမ်းပြနေသည့် လူငယ်တိုက်စစ်မှူး အောင်ကောင်းမာန်ကို စာချုပ်သက်တမ်းတိုးမြှင့်ရန် ဆရီပါဟန်းအသင်း ကမ်းလှမ်းထား

ခြေစွမ်းပြနေသည့် လူငယ်တိုက်စစ်မှူး အောင်ကောင်းမာန်ကို စာချုပ်သက်တမ်းတိုးမြှင့်ရန် ဆရီပါဟန်းအသင်း ကမ်းလှမ်းထား
Published 8 August 2021

 

မလေးရှားစူပါလိဂ်ကလပ် ဆရီပါဟန်း အသင်းသည် ရာသီဝက်အပြောင်းအရွှေ့ ကာလတွင် ရောက်ရှိလာပြီး ခြေစွမ်းပြကစား နေသည့် လူငယ်တိုက်စစ်မှူး အောင်ကောင်းမာန်ကို စာချုပ်သက်တမ်းတိုးမြှင့်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။

အောင်ကောင်းမာန်သည် ရာသီဝက်ကာလမှ အသင်းသို့ ရောက်ရှိခဲ့သော်လည်း ခြေစွမ်းပြကစားနေပြီး ပုံမှန်ပွဲထွက်ခွင့်ရနေ သောကြောင့် ဆရီပါဟန်းအသင်းက နှစ်နှစ် သက်တမ်းတိုးမြှင့်ရန် ကမ်းလှမ်းထားခြင်းဖြစ်သည်။ အောင်ကောင်းမာန်ကမူ ၎င်း၏အနာဂတ်ကို အလျင်စလို ဆုံးဖြတ်လိုခြင်းမရှိသေးဘဲ ရာသီကုန်မှသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

"ကျွန်တော့်အနေနဲ့ အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ရရှိထားပါတယ်။ ဒီအချိန်မှာ အနာဂတ်နဲ့ပတ်သက်ပြီး မဆုံးဖြတ်ချင်သေးပါဘူး။ လက်ရှိလုပ်ပြနေတာတွေထက် ပိုကောင်းတဲ့ စွမ်းဆောင်မှုတွေ လုပ်ပြချင်ပါသေးတယ်။ ကျွန်တော့်အနေနဲ့ ဒီထက်ပိုကောင်းတဲ့ အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားနိုင်သလို ဒီအသင်းမှာလည်း ဆက်ကစားဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရာသီကုန်မှ ကျွန်တော့်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်သွားမှာပါ" ဟု အောင် ကောင်းမာန်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

အောင်ကောင်းမာန်သည် ၂၀၂၀-၂၀၂၁ ရာသီတွင် ထိုင်းကလပ်အသင်းများ၌ ပါဝင်ကစားခဲ့ပြီး ထိုင်းလိဂ်ပွဲစဉ်များမှာ ယခုနှစ် ဧပြီလမှပြီးဆုံးခဲ့သောကြောင့် မေလတွင် မလေးရှားစူပါလိဂ်ကလပ် ဆရီပါဟန်းအသင်း သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ အောင်ကောင်းမာန်သည် ပြီးခဲ့သည့်ရာသီတွင် ထိုင်းလိဂ်-၁ ကလပ် ထရတ်အသင်း၊ ထိုင်းလိဂ်-၂ ကလပ် လန်ပန်အသင်းနှင့် ထိုင်းလိဂ်-၂ ကလပ် ခွန်ကန်ယူနိုက်တက်အသင်း စသည့် သုံးသင်းအထိ တစ်ရာသီအတွင်း ပြောင်းလဲကစားခဲ့ပြီး ရာသီကုန်တွင် မလေးရှားလိဂ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

အောင်ကောင်းမာန်သည် ထိုင်းကလပ်အသင်းများတွင် ပုံမှန် ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရသော်လည်း မလေးရှားကလပ် ဆရီပါဟန်းအသင်းတွင်မူ ပုံမှန်ပွဲထွက်ခွင့်ရနေသည်။ အောင်ကောင်း မာန်သည် မြန်မာ ယူ-၂၂ လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် ပြိုင်ပွဲ ကြေးတံဆိပ်ဆုရအသင်းတွင် အဓိက ကစားသမားအဖြစ် ပါဝင်ကစားခဲ့သည်။ 

၎င်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ခြေစွမ်းပြကစား နိုင်ခဲ့သောကြောင့် အရှေ့တောင်အာရှဒေသ တွင်း ကလပ်အသင်းများ၏ စိတ်ဝင်စားခြင်း ခံခဲ့ရပြီး MNL ကလပ်  ဧရာဝတီအသင်းမှ ထိုင်းကလပ် ထရတ်အသင်းသို့ အငှားစာချုပ် ဖြင့် စတင်ပြောင်းရွှေ့ခဲ့သည်။ အောင်ကောင်းမာန်သည် မလေးရှားလိဂ်သို့ ပြောင်းရွှေ့ရာ တွင် ဧရာဝတီအသင်းနှင့် စာချုပ်လက်ကျန်သက်တမ်းအား နှစ်ဦးသဘောတူဖျက်သိမ်း၍ အပြီးသတ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent