ပြိုင်ဘက် လီအန်ဒရိုကို ပထမအချီမှာပင် လက်သီးချက်ဖြင့် အောင်လအန်ဆန် ပွဲသိမ်းအနိုင်ယူ

ပြိုင်ဘက် လီအန်ဒရိုကို ပထမအချီမှာပင် လက်သီးချက်ဖြင့် အောင်လအန်ဆန် ပွဲသိမ်းအနိုင်ယူ
Photos: Onefc
Photos: Onefc
Published 30 July 2021

ONE Championship အဖွဲ့အစည်းက စီစဉ်သည့် Battleground အမည်ရ MMA ပြိုင်ပွဲကို ဇူလိုင် (၃၀) ရက်က စင်ကာပူနိုင်ငံ၌ ကျင်းပရာ မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲတွင် မြန်မာကစားသမား အောင်လအန်ဆန်က ပြိုင်ဘက် ဘရာဇီးလ်ကစားသမား လီအန်ဒရိုကို ပထမအချီမှာပင် အလဲထိုးအနိုင်ရခဲ့ကြောင်း သိရသည်။

    

အောင်လအန်ဆန်သည် ယခုပွဲတွင် အကောင်းဆုံးထိုးသတ်နိုင်ခဲ့ပြီး နောက်ပိုင်းပွဲများတွင် ဆက်တိုက်အသုံးပြုနေသည့် Stand Fight ဖြင့်ပင် လီအန်ဒရိုကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ 

အောင်လအန်ဆန်သည် ယခုပွဲမတိုင်မီ ထိုးသတ်ခဲ့သည့် ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲနှစ်ပွဲတွင် ရှုံးနိမ့်ထားခြင်း၊ ယခုပွဲအနိုင်ရမှသာ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်မည့်အခွင့်အရေးရရှိနိုင်ခြင်း စသည့်အချက်များကြောင့် ပိုမိုအားထုတ်ပြီး ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ 

အောင်လအန်ဆန်သည် နှစ်ပွဲဆက် ရှုံးနိမ့်ထားမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ယခုနှစ်အတွက် ပထမဆုံးနိုင်ပွဲဖြစ်သလို အလဲထိုးနိုင်ပွဲဖြစ်သောကြောင့် ကျေနပ်စရာဖြစ်ခဲ့ရသည်။ 

    

အောင်လအန်ဆန်သည် ပွဲအစတွင် လီအန်ဒရို၏အနေအထားကို အကဲစမ်းသည့် အနေဖြင့် လက်သီးချက်များ အသုံးပြု၍ စတင်ထိုးသတ်ခဲ့သည်။ 

တစ်မိနစ်ကျော်တွင် လီအန်ဒရိုက မထင်မှတ်သည့်တိုက်ကွက်အဖြစ် ချုပ်ကွက်အသုံးပြုကာ အောင်လအန်ဆန်ကို ချုပ်နိုင်ရန် ကြိုးပမ်းသော်လည်း ရုန်းထွက်နိုင်ခဲ့သည်။ 

ချုပ်ကွက်မှလွတ်မြောက်ပြီး နောက်ပိုင်းတွင် အောင်လအန်ဆန်က လက်သီးချက်များဖြင့် တရစပ်ထိုးသတ်ခဲ့ပြီး ခြေကန်ချက်များကိုလည်း ရံဖန်ရံခါ အသုံးပြုခဲ့သည်။ 

အောင်လအန်ဆန်သည် လီအန်ဒရိုအား အလစ်အငိုက်တွင် ဒူးတိုက်ချက်အသုံးပြု၍ တိုက်ခိုက်ရာ ဝမ်းဗိုက်ကိုထိသဖြင့် ယိုင်ဆင်းသွားခဲ့သည်။ ထို့နောက် ဆက်တိုက်ဆိုသလိုပင် အောင်လအန်ဆန်က ပွဲသိမ်းလက်သီးများ တရစပ်ပစ်သွင်းရာ (၃)မိနစ် (၄၅) စက္ကန့်တွင် အလဲထိုးအနိုင်ရခဲ့ခြင်းဖြစ်သည်။ 

အောင်လအန်ဆန်အနေဖြင့် နိုင်ပွဲရရှိရာတွင် ပွဲသိမ်းလက်သီးများမှာ အရေးပါခဲ့သော်လည်း လီအန်ဒရိုကို ယိုင်ဆင်းစေခဲ့သည့် ဒူးတိုက်ချက်က အဓိကကျခဲ့သည်။ 



    

ယခုပြိုင်ပွဲတွင် တွဲဆိုင်းခြောက်ပွဲ ထည့်သွင်းကျင်းပခဲ့ပြီး အဓိကတွဲဆိုင်းဖြစ်သည့်  Straw ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲတွင် စိန်ခေါ်သူ ထိုင်းနိုင်ငံသား ပီရာယန်ချိုင်က လက်ရှိချန်ပီယံ ထိုင်းနိုင်ငံသား ဆမ်အေဂိုင်ယန်ဟာဒေါင်ကို အနိုင်ယူကာ ချန်ပီယံသစ် ထွက်ပေါ်ခဲ့သည်။ 

ငါးချီပြည့်သည်အထိ နှစ်ဦးစလုံး အလဲမထိုးနိုင်သောကြောင့် အမှတ်ဖြင့်ဆုံးဖြတ်ရာ ပီရာယန်ချိုင်က အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

အခြားစိန်ခေါ်ပွဲများတွင် ကျူးဘားနိုင်ငံသား ဂတ်စတာဗို၊ ဖိလစ်ပိုင်နိုင်ငံသား ဂျီရီမီ၊ အမျိုးသမီးတွဲဆိုင်းတွင် ရီတူ(အိန္ဒိယ) နှင့် ဗစ်တိုးရီးယားလီ(စင်ကာပူ/ အမေရိကန်)တို့ နိုင်ပွဲရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent