မသိနားမလည်မှုပြဿနာ

မသိနားမလည်မှုပြဿနာ
Published 7 July 2021

ဗဟုသုတနည်းပါးခြင်းသည် မသိနားမလည်မှုကိုဖြစ်စေ၏။ သို့သော် သတိမပြုမိသည့် အနေအထား၌ ရှိသူတစ်ဦးကိုလည်း မသိနားမလည်သူဟု ခေါ်သည်။ အရေးကြီးသည့် အချက်အလက်ကို တမင်တကာ လျစ်လျူပြုခြင်း သို့မဟုတ် ဂရုမစိုက်ခြင်းကိုလည်း မသိနားမလည်မှုဟု ခေါ်သည်။ မသိနားမလည်မှုအမျိုးအစား သုံးမျိုးရှိသည်။ ယင်းတို့မှာ အချက်အလက်ဆိုင်ရာ မသိနားမလည်မှု (အချက်အလက်အချို့နှင့်ပတ်သက်၍ ဗဟုသုတ မရှိခြင်း)၊ အရာဝတ္ထုဆိုင်ရာ မသိနားမလည်မှု (အရာဝတ္ထုအချို့နှင့် ပတ်သက်၍ အကျွမ်းတဝင် မရှိခြင်း) နှင့် နည်းစနစ်ဆိုင်ရာ မသိနားမလည်မှု (အချို့အရာများအား မည်သို့မည်ပုံ ပြုလုပ်ရမည်ကို မသိနားမလည်မှု) တို့ ဖြစ်ကြသည်။

လူအချို့သည် လေ့လာသင်ယူမှုနှင့် ဖွံ့ဖြိုးမှုတို့အတွက် အချိန်နှင့် အားထုတ်မှုတို့ကို ရင်းနှီးမြှုပ်နှံလေ့ မရှိကြပေ။ လူတစ်ဦး၏ ဘဝမှနေ၍ မသိနားမလည်မှုကို လုံးဝဥဿုံ ဖယ်ရှားပစ်ရေးသည် မဖြစ်နိုင်သည့် အလုပ်ဟုပင် ဆိုနိုင်သည်။ သို့သော် မသိနားမလည်မှု ချောက်ကမ်းပါးကို ကျဉ်းသွားအောင် ပြုလုပ်ခြင်းသည် လူတစ်ဦး၏ ရေရှည်ဘဝအတွက် အကျိုးဖြစ်ထွန်းစေနိုင်သည်။ သိပ္ပံနည်းကျ သက်သေပြချက်မပါဘဲ အိုင်ဒီယိုလိုဂျီတစ်ရပ်ကို ကျင့်သုံးလျက် ဆုံးဖြတ်ချက်ချမှတ်ခြင်းသည်လည်း မသိနားမလည်မှုပင်ဖြစ်သည်။ ယင်း ကဲ့သို့ ပြုလုပ်ခြင်းသည် အန္တရာယ်ကြီးသော စိတ်အခြေခံဖြစ်ပြီး အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်ရန် လည်းကောင်း၊ လူတစ်ဦးအဖြစ် ဖွံ့ဖြိုးလာရန်လည်းကောင်း တားဆီးထားသည့်အရာ ဖြစ်သည်။

မသိနားမလည်သူတစ်ဦးသည် အထူးသဖြင့် မိမိကိုယ်မိမိ မသိနားမလည်ကြောင်း  ယုံကြည်လက်ခံမှုမရှိပါက ယင်းမသိနားမလည်မှုက လေ့လာသင်ယူမှု၌ အခက်တွေ့စေသည်။ မိမိကိုယ်မိမိ သိနိုင်စွမ်းရှိသူဟု မှားယွင်းစွာ ယုံကြည်သူတစ်ဦးသည် မိမိတို့၏ ယုံကြည်ထားမှုများကို မှန် မမှန် စိစစ်ရှင်းလင်းရန် မကြိုးစားတော့ဘဲ မသိနားမလည်သည့် အနေအထားအပေါ်၌သာ လုံးလုံးလျားလျား အားပြုနေတော့၏။ ထိုသူတို့သည် တစ်စုံတစ်ရာ၏ အရေးကြီးမှုကို သိမြင်ခြင်းမရှိသကဲ့သို့ ယင်းကို နားလည်ခြင်းလည်း မရှိသောကြောင့် ယင်းတစ်စုံတစ်ရာသည် ခိုင်မာသော်လည်း ၎င်းယုံကြည်ထားမှုနှင့် ဆန့်ကျင်ပါက  ငြင်းဆို ပယ်ချလိုက်တော့သည်။ ယင်းသဘောတရားကို ဂျက်စတင်ခရူဂျာနှင့် ဒေးဗစ်ဒန်နင်းတို့၏ လေ့လာချက်၌ ဖော်ထုတ်ထားသည်။ မိမိကိုယ်တိုင်၏ မပြည့်စုံမှုများကို သတိပြုမိရန် ခက်ခဲနေမှုများသည် မိမိကိုယ်မိမိ သုံးသပ်ရာ၌ ကိုယ့်ကိုယ်ကိုယ် ပို၍ထင်မှုဆီသို့ ဦးတည်သွားစေသည့် မိုက်မဲမှုကို Dunning-Kruger effect ဟု ခေါ်သည်။ အရည်အချင်းနည်းပါးသူများသည် မိမိ၏ သိမှုနှင့် နားလည်မှုအဆင့်အတန်းကို ပို၍ထင်တတ်ကြသည်။ ဘောလုံးပွဲတွင် ဒိုင်လူကြီးက ပြစ်ဒဏ်ဘောအဖြစ် ဝီစီမှုတ်လိုက်သည့်အခါ ချက်ချင်း “ဒါက ဖောင်းဘောမှ မဟုတ်တာ” ဆိုသကဲ့သို့ ပြောတတ်ကြသည်။ အမှန်တကယ်၌ မိမိသည် ဒိုင်လူကြီးအဖြစ် လေ့ကျင့်သင်ကြားထားသူ မဟုတ်သကဲ့သို့ ဘောလုံးကစားနည်း စည်းကမ်းဥပဒေများကိုပင် လေ့လာထားသူ မဟုတ်သည်ကို မေ့လျော့နေတတ်ကြသည်။ ယင်းသဘောတရားကြောင့် သတင်းတစ်ခုကို အတုနှင့် အစစ် ခွဲရန်ပင် လူအများအဖို့ ခက်ခဲ၍လာသည်။

လူတို့အနေဖြင့် အဘယ့်ကြောင့် သိမှုကို ရရှိနိုင်စွမ်း မရှိရသနည်းဟူသည့် အချက်အတွက် အခြားအကြောင်းတရားတစ်ရပ်မှာ ပညာရေးကို လက်ခံရရှိနိုင်စွမ်း မရှိခြင်းဖြစ်သည်။ ကမ္ဘာကြီး၏ အချို့သောအစိတ်အပိုင်းများတွင် ပညာရေးအခြေခံအဆောက်အအုံသည် လုံလောက်မှုမရှိသောကြောင့် လူတို့အနေဖြင့် အသိဉာဏ်ဗဟုသုတကို ရှာဖွေနိုင်စွမ်း မရှိကြပေ။ ယင်းဖြစ်စဉ်မျိုးကို ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများ၌ ကျယ်ပြန့်စွာ လေ့လာတွေ့ရှိနိုင်သည်။ ယင်းနိုင်ငံများ၌ ကလေးများသည် ကျောင်းတက်ရန် မတတ်နိုင်ခြင်း သို့မဟုတ် ကျောင်းများနှင့် ဝေးလွန်းခြင်းတို့ ရှိနိုင်သည်ကို တွေ့ရှိရတတ်သည်။ အခြားတစ်ဘက်၌ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကလေးအများစုသည် အနည်းဆုံး ၁၂ တန်းပညာရေးကို ရရှိကြသည်။ သို့သော် အဆင့်မြင့်ပညာရေးကို သင်ယူရသည့်အခါ၌ စရိတ်စက ကြီးလွန်းသော ကြောင့် မတတ်နိုင်ဖြစ်ကြရသည်။ ပညာရေးချို့တဲ့ခြင်းသည် ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့်  မိမိတို့ဘာသာ အသိပညာရရှိအောင် ရှာဖွေနိုင်စွမ်းတို့ကိုပါ ချို့တဲ့သွားစေသည်။

မည်သည့်နိုင်ငံ၌မဆို လူဦးရေအချိုးအစားထဲ၌ လူအများစု ပညာတတ်များ ဖြစ်နေရန်မှာ လွယ်ကူလှသည် မဟုတ်ပေ။ သို့သော် လူဦးရေအချိုးအစားထဲ၌ (ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော) ပညာတတ်များ အချိုးအစား လွန်စွာနည်းပါးသည့်အခါ ယင်းနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာ လွန်စွာနည်းပါးသွားပြီး ပဋိပက္ခများနှင့် ပြဿနာများ ဖြစ်ပွားနိုင်ခြေသာ လွန်စွာများပြား၍လာနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင်လ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်