ပထဝီစီးပွားရေး

ပထဝီစီးပွားရေး
Published 6 July 2021

“အမေရိကန်နိုင်ငံသားအများစုက ကမ္ဘာကြီးအကြောင်း လုံးလုံးလျစ်လျူပြုတတ်ကြတယ်။ သူတို့ အမှုမဲ့အမှတ်မဲ့ နေကြတယ်။ နိုင်ငံခြားရေးမူဝါဒကို ပြည်သူတွေက အတည်ပြုရတဲ့ နိုင်ငံတစ်နိုင်ငံမှာ လိုက်ကြည့်မယ်ဆိုရင် ဒါဟာ တကယ့်ကို မကောင်းတဲ့ အနေအထားတစ်ရပ်ပါပဲ။ နောက်ပြီး ကမ္ဘာကြီးရဲ့ အမျိုးမျိုးကွဲပြားခြားနားနေမှုကို မျှမျှတတ ဖြစ်အောင် ပြုလုပ်မယ့် အသိဉာဏ်ရှိတဲ့ မူဝါဒတစ်ရပ်နောက်ကို လိုက်မယ့် ဘယ်သမ္မတမဆို အတွက်လည်း ဒါက အများကြီး ပိုလို့ ခက်ခဲသွားအောင် လုပ်နေပါတယ်”

ဇဘစ်နယူးဘဇက်ဇင်းစကီး (၁၉၂၈ - ၂၀၁၇)

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဟောင်း၊

ပိုလန်-အမေရိကန် သံတမန်ဟောင်းနှင့် နိုင်ငံရေးသိပ္ပံပညာရှင်

ပထဝီဝင် စီးပွားရေးပညာဆိုသည်မှာ စီးပွားရေး၊ ရင်းမြစ်များနှင့်ပတ်သက်သည့် အချိန်၊ နေရာနှင့် နိုင်ငံရေးဆိုင်ရာ အမြင်များကို လေ့လာသောပညာ ဖြစ်သည်။ ပထဝီဝင် နိုင်ငံရေး၏ ဘာသာခွဲတစ်ရပ်ဟုလည်း သတ်မှတ်လေ့ရှိသည်။ စီးပွားရေးပညာ၊ ပထဝီ ဘာသာနှင့် နိုင်ငံရေးပညာတို့အကြား ဆက်နွှယ်ချက်များကို လေ့လာခြင်းဖြစ်သည်။ ထိရောက်သည့် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု ချို့တဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စံသတ်မှတ်ချက်များ ယိုယွင်းလာခြင်းနှင့်အတူ အစွန်းများစွာ ကွဲပြားသော ကမ္ဘာကြီးဆီသို့ ဦးတည်နေပြီး အင်အားကြီးနိုင်ငံများသည် စီးပွားရေးနည်းလမ်းမှတစ်ဆင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ယှဉ်ပြိုင်ကြလျက် ဒေသတွင်း အင်အားကြီးနိုင်ငံများသည် အိမ်နီးချင်းအခန်းကဏ္ဍ၌ ပို၍ကြီးမားစွာ ပါဝင်၍လာသည်။

အမျိုးမျိုးကွဲပြားသော အင်စတီကျူးရှင်းများကို အင်အားကြီးနိုင်ငံအဖြစ် ထိုးထွက်လာရန် လက်နက်တန်ဆာပလာများအဖြစ် တိုး၍တိုး၍ ရှုမြင်လာကြပြီး ကပ်ရောဂါများ ကူးစက်ပျံ့နှံ့မှုမှသည် ရာသီဥတုပြောင်းလဲခြင်းအထိ အစရှိသော ပြဿနာများကို မျှဝေကိုင်တွယ်ရန် စိတ်ဝင်စားမှု နည်းပါးလာကြသည်။ ကမ္ဘာ့နိုင်ငံများသည် ၎င်းတို့ အကျိုးစီးပွားချင်း အနီးကပ် ဆက်နွှယ်နေသည့်အခါမှသာ ပူးပေါင်းဆောင်ရွက်ကြတော့သည်။ လူကြိုက်များရေးဝါဒနှင့် အမျိုးသားရေးဝါဒများဆီသို့ ယိမ်း၍လာခြင်း အကြီးအကျယ် ပျံ့နှံ့လာမှုကလည်း ယင်းအနေအထားကို ပိုမိုဆိုးရွားစေသည်။ အစိုးရအဖွဲ့များအနေဖြင့် ၎င်းတို့၏ အရေးကိစ္စများနှင့်ပတ်သက်၍ ပိုမိုထိန်းချုပ်နိုင်ရေးကို ဖြစ်စေမည့် ကိစ္စများကိုသာ ကြိုးပမ်းဆောင်ရွက်လာကြသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ကမ္ဘာ့စီးပွားရေး ဂလိုဘယ်လိုင်ဇေးရှင်းနှင့် အုပ်ချုပ်ရေးစနစ်များ ပြိုကွဲပျက်စီးစေခြင်းမှနေ၍ ပထဝီနိုင်ငံရေးအား မည်သို့ကာကွယ်နိုင်မည်နည်း၊ လုပ်ငန်းများအတွက် အဓိက အန္တရာယ်များကား အဘယ်နည်း၊ ယင်းတို့ကို မည်သို့ လျော့ပါးသက်သာစေမည်နည်း အစရှိသည့် မေးခွန်းများပေါ်ထွက်လာသည်။ နိုင်ငံများအနေဖြင့် စီးပွားရေးစစ်ပွဲလမ်းကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဖွံ့ဖြိုးလာရန် လိုအပ်၍နေသည်။ အစိုးရအဖွဲ့များက နိုင်ငံရေးရည်မှန်းချက်များ ဖော်ဆောင်ရန် ကမ္ဘာ့စီးပွားရေးအခြေခံအဆောက်အအုံကို အသုံးပြုသည့်အခါ စနစ်များ တစ်ကမ္ဘာလုံးနှင့် ဆိုင်မှုကို စိန်ခေါ်လာပြီး အခြားအင်အားကြီးနိုင်ငံများကို ၎င်းတို့အတွက် အတားအဆီးဟု ပို၍ယူဆလာသည်။ နိုင်ငံများအကြား၌ စစ်မက်ဖြစ်ပွားသည့်အခါ ကျင့်သုံးရန်အတွက် ပဋိညာဉ်များနှင့် သဘောတူညီချက်များ လိုအပ်သကဲ့သို့ စီးပွားရေးယှဉ်ပြိုင်မှု သို့မဟုတ် စီးပွားရေးစစ်ပွဲများအတွက်လည်း အလားတူ လိုအပ်၍လာသည်။

နိုင်ငံများအနေဖြင့် မှန်ကန်သော စီးပွားရေးအခန်းကဏ္ဍကို ရှာဖွေရမည်ဖြစ်သကဲ့သို့ ယှဉ်ပြိုင်မှုဆိုင်ရာ ပုံစံသစ်များကို ကျင့်သုံးရန်လည်း လိုအပ်လာသည်။ စီးပွားရေးပျက်ကပ်များ ဖြစ်ပွားပြီးနောက် နိုင်ငံများအနေဖြင့် စီးပွားရေးလုပ်ဆောင်ချက်များအတွက် မူဘောင်များချမှတ်ရန် လိုအပ်ကြောင်း ပို၍သိသာလာသည်။ ဥပမာအားဖြင့် အနောက်နိုင်ငံများသည် တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံ ပထမဦးစားပေးပုံစံကို လေ့လာ အတုခိုးနိုင်သော်လည်း ၎င်းတို့၌ ရှိသည့်အင်အားနှင့် လိုက်လျောညီထွေ ညှိယူရမည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် အဓိကထိုးထွက်လာသည့် အခြားစျေးကွက်များသည် အရင်းအနှီး ရင်းမြစ်နှင့် ချေးငွေပုံစံသစ်များကို ထောက်ပံ့၍လာသည်။ ထိုအခါ ကျပ်တည်းသော စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် အနောက်တိုင်းက ဦးဆောင်သည့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ထံမှ အကူအညီများကို ရယူရန် လိုလားမှုနည်းပါးသည့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် တရုတ်နိုင်ငံကို အားထား၍ လာကြတော့သည်။ အနောက်နိုင်ငံများအနေဖြင့်မူ နောက်ဆုံးပေါ်နည်းပညာများ ရရှိနိုင်မှုကဲ့သို့သော ၎င်းတို့ပုဂ္ဂလိကကဏ္ဍများ၏ အားသာချက်များကို ဖြန့်ဝေခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုကို တွန်းထိုးလုပ်ဆောင်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ဒေသတွင်းအင်အားကြီးနိုင်ငံများ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ခေတ်သစ်ဆက်ဆံရေးပုံစံတွင် ပထဝီဝင်စီးပွားရေးပညာက တိုး၍တိုး၍ အရေးပါလာမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင်လ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent