COVID-19 တတိယလှိုင်းအထိ သံသရာလည်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲ

COVID-19 တတိယလှိုင်းအထိ သံသရာလည်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲ
ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်ကို တွေ့ရစဉ်
ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်ကို တွေ့ရစဉ်
Published 4 July 2021
ဇော်မိုးဦး ( မြိတ်)

အကျပ်အတည်းကာလက နှစ်နှစ်နီးပါးအထိ ရောက်ရှိလာပြီဖြစ်ပေမဲ့ အိမ်နီးချင်းနိုင်ငံများနှင့် တတိယနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများရဲ့အရေးက အခက်အခဲများဖြစ်နေဆဲပါ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ဖြစ်ပွားနေတဲ့ ကပ်ရောဂါအခြေအနေများကြောင့် စီးပွားရေးကျပ်တည်းမှုများ ရင်ဆိုင်နေရတဲ့အချိန် နိုင်ငံရေးအခြေအနေများကြောင့် ပြည်တွင်းလုပ်သားများအပြင် နိုင်ငံရပ်ခြားတိုင်းပြည်များတွင် သွားရောက်လုပ်ကိုင်နေရတဲ့မြန်မာရွှေ့ပြောင်း လုပ်သားများမှာလည်း အခက်အခဲပေါင်းစုံ ရင်ဆိုင်လာရပါတယ်။ ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေများကြောင့် စက်ရုံအလုပ်ရုံများစွာ ပိတ်လိုက်ရသည့်အတွက် ပြည်တွင်းမှာရှိတဲ့အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်သွားရတယ်။

တိုင်းပြည်အတွင်း အလုပ်အကိုင် ရှားပါးလာမှုကြောင့်နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်မည်ဆိုပါကလည်း ကပ်ရောဂါအခြေအနေကြောင့် အာဆီယံနှင့် နိုင်ငံတချို့တွင်အလုပ်လက်မဲ့ ပြဿနာများ တိုးပွားနေပါတယ်။

နယ်စပ်ချင်းထိစပ်မှုအရှည်လျားဆုံးဖြစ်တဲ ့အိမ်နီးချင်းထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားများ အဓိကအားထားရာ နိုင်ငံတစ်ခုဖြစ်ပြီး ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီပြီးသွား ရောက်လုပ်ကိုင်နေကြပါတယ်။

မဟာချိုင်၊ မက်ကလောင်၊ မဲဆောက်၊ ရနောင်းစတဲ့ ဒေသများတွင် သွားရောက်လုပ်ကိုင်နေရသည့် မြန်မာရွှေ့ပြောင်းလုပ်သားအများစုမှာ နယ်စပ်မှတစ်ဆင့် သွားရောက်ကြသူများပြားပါတယ်။ မြဝတီ၊ ထီးခီး၊ မောတောင်ဒေသများမှ တစ်ဆင့်ကုန်းတွင်းပိုင်းကို ဖြတ်သန်းသွားရောက်လုပ်ကိုင် ကြသလို ကော့သောင်းမှ တစ်ဆင့်လည်း ရေလမ်းခရီးကိုဖြတ်သန်းကာ သွားရောက်လုပ်ကိုင်ကြတယ်။ COVID-19 ပထမလှိုင်းမဖြစ်မီ အချိန်အထိ မြန်မာရွှေ့ပြောင်းလုပ်သားများဟာ အလုပ်အကိုင် တည်ငြိမ်စွာလုပ်ကိုင်ခ ွင့်ရကြပြီး တရားမဝင်ပြန်ပို့ခံရသည့်လုပ်သားများမှလွဲပြီး ကျန်လုပ်သားများမှာ အလုပ်အကိုင်တည်ငြိမ်မှုရှိခဲ့သည်ဟု ပြောနိုင်ပါတယ်။

တရားဝင်သွားရောက်လုပ်ကိုင်သည့် လုပ်သားများမှာလည်း ဟာကွက်များကြောင့် ငွေကုန်ကြေးကျများပြားနေသည်ကို မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူတစ်ဦးက “ကျွန်တော်သိသလောက် ပတ်စပို့လုပ်တာက ကျပ်ခုနစ်သောင်းလောက်ကုန်တယ်။ ထိုင်းနိုင်ငံဘက်ရောက်ရင် အလုပ်သမားမှတ်ပုံတင် လျှောက်ရတာက ထိုင်းဘတ်ငွေ ၁၉၀၀။ ဆေးရုံဘတ်လုပ်မယ်ဆိုရင် ဘတ် ၁၉၀၀။ အဲဒါတွေက တစ်နှစ်စာပေါ့။ အာမခံနှင့်ဆေးစစ်၊ သွေးစစ်က ဘတ် ၅၀၀ အများဆုံးပဲ။ စုစုပေါင်းဆိုရင် ထိုင်းဘတ်ငွေ ၇၀၀၀ ကျော်လောက်ပဲ ကုန်ကျတာပါ။ အေးဂျင့်တွေမှာလည်း သူတို့ယူထားတဲ့နှုန်းထားနဲ့ ပြန်ပေးရတာတွေက သိပ်မကာမိဘူး။ ဒါကြောင့် အစိုးရပိုင်းအနေနဲ့ ဒါကိုသေသေချာချာစီစဉ်ထားဖို့လိုတယ်။ ဥပမာ အလုပ်သမားတစ်ယောက်အနေနဲ့ နယ်စပ်ရောက်လာမယ်။ ပတ်စ်ပို့လုပ်မယ်။ ထုတ်လို့ရတဲ့အထိအများဆုံး ၁၀ ရက် ၁၅ ရက်ဆိုတော်ပြီပေါ့ဗျာ။ အဆင်ပြေတဲ့နည်းလမ်းလေးတွေ လုပ်ပေးဖို့ အရေးကြီးတယ်” လို့ ကော့သောင်းမြို့မှ မြန်မာရွှေ့ပြောင်းလုပ်သားရေးရာ ဆောင်ရွက်ပေးနေသူ ဦးမိုးဝေက ပြောကြားခဲ့တယ်။

စောင့်ဆိုင်းရသည့်ရက် ကြာမြင့်ခြင်း၊ ကြားပွဲစားများကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ လုပ်နည်းလုပ်ဟန်လွဲမှားပြီး ထိုင်းနိုင်ငံတွင် ဒုက္ခရောက်ခဲ့ရသူ အများအပြားရှိခဲ့ကြတယ်။ ယခုနောက်ပိုင်းတွင် COVID-19 ကပ်ရောဂါများကြောင့် လူဝင်ထွက်မှုများကို နယ်စပ်မျဉ်းတစ်လျှောက်ပိတ်ထားရာ တရားမဝင်နည်းလမ်းများဖြင့် သွားရောက်မှုများ ရှိနေခဲ့ပါတယ်။

ထိုင်းနယ်စပ်တစ်လျှောက် မြန်မာရွှေ့ပြောင်းလုပ်သားရာနှင့်ချီကာ ဖမ်းဆီးခံရသလို နေရပ်ပြန်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကိုလည်း ပွဲစားများက တရားမဝင်နည်းလမ်းဖြင့် နယ်စပ်များတွင် လာချထားသည့်အတွက် မိသားစုအလိုက် ဒုက္ခရောက်ဖမ်းဆီးခံရသူ အများအပြားရှိနေကြတယ်။

တစ်ဖက်ကတရားမဝင် အလုပ်သမားများပြန်လွှတ်ပေးခြင်း၊ အလုပ်အကိုင်မရှိခြင်းကြောင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်ဝင်လာသူများရှိသလို မြန်မာနိုင်ငံတွင်လည်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာသည့်အတွက် ထိုင်းနိုင်ငံအတွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်ရန် ကြိုးစားမှုများကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ဝင်လိုက်ထွက်လိုက် ပုံစံဖြစ်နေပါတယ်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံသားတွေကို တရားဝင်အလုပ်သမားအဖြစ် လုပ်ကိုင်ဖို့ခွင့်ပြုထားသလို ဆေးကုသခွင့်၊ အာမခံ၊ လူမှုဖူလုံရေးများစီစဉ်ပေး ထားကြောင်း ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် လက်ထောက်ခရိုင်ဝန် Mr.Chartree Chanvir Achai ပြောကြားထားပေမဲ့ ယခုလက်ရှိအနေအထားတွင် လူဝင်လူထွက်ပိတ်ထားရသည့် အနေအထားဖြစ်နေပါတယ်။

ထိုင်းနိုင်ငံအနေဖြင့်၂၀၁၇ ခုနှစ်နိုင်ငံခြားသားအလုပ်သမား အလုပ်လုပ်ကိုင်မှုစီခန့်ခွဲမှုဥပဒေအရ နိုင်ငံခြားသားများကို အလုပ်လုပ်ပိုင်ခွင့် ၂၄ မျိုးပေးထားရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့်အဆိုပါ အမျိုးအစားတွေထဲမှာ လုပ်ကိုင်ကြရတယ်။ ၂၄ မျိုးထဲမှာမပါတဲ့လုပ်ငန်းခွင်တွေနဲ့ တရားမဝင်အလုပ်သမားတွေဆိုရင် ထိုင်းကဖမ်းဆီးပြီးပြန်ပို့နေတာ ဖြစ်တယ်။

ထိုင်းနိုင်ငံအနေနဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်ပြီး COVID-19 ကြောင့် နယ်စပ်ဂိတ်များကို ဆိုင်းငံ့ခြင်း၊ လူဝင်လူထွက်ပိတ်ခြင်းများ ပြုလုပ်နေသည့်အတွက် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ တရားမဝင်သည့် နည်းလမ်းများကိုသာ အသုံးပြုပြီး ဝင်လိုက်ထွက်လိုက် လုပ်နေကြရပါတယ်။

ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်စည်းမျဉ်းတစ်လျှောက် သံဆူးကြိုးကာရံခြင်း၊ လုံခြုံရေးတင်းကျပ်ထားခြင်းများ ပြုလုပ်နေပေမဲ့ ဒေသခံလူပွဲစားများက တောလမ်းများအသုံးပြုကာ အဝင်အထွက်လုပ်ပေးနေသည့်အတွက် ဖမ်းဆီးခံရမှုများ ဆက်တိုက်ဆိုသလိုဖြစ်နေပါတယ်။

ကမ္ဘာတစ်ဝန်းဖြစ်နေသည့် ကပ်ရောဂါအခြေအနေကြောင့် စီးပွားရေးလုပ်ငန်းများမှာလည်း တောင့်ခံနိုင်မှု နည်းပါးလာနေပြီ ဖြစ်ပါတယ်။ ယခု တတိယလှိုင်း ဖြစ်နေသည့်အချိန်တွင် မြန်မာနိုင်ငံတွင်လည်းစီးပွားရေး၊ နိုင်ငံရေးအခြေအနေများကြောင့် အလုပ်လက်မဲ့ဖြစ်လာတဲ့ ပြည်သူများမှာလည်း အိမ်နီးချင်းနိုင်ငံများသို့ ရသည့်နည်းဖြင့် သွားရောက်လုပ်ကိုင်ကြရန် ကြိုးစားနေဦးမည် ဖြစ်ပါတယ်။

တစ်ဖက်ကလည်း နှစ်နိုင်ငံချိတ်ဆက်ပြီး ပြန်လာနေသည့် လုပ်သားများစွာရှိနေသလို တစ်ဖက်မှာလည်း စားဝတ်နေရေးမပြေလည်မှုများကြောင့် ရသည့်အလုပ်လုပ်ရန် ပြန်လည်ထွက်ခွာမှုများက မည်သည့်အချိန်အထိ အဝင်အထွက် သံသရာလည်နေဦးမည်ဆို မခန့်မှန်းနိုင်တော့ပေ။

Most Read

Most Recent