အခွန်ဥပဒေများအရ အခွန်ပေးသွင်းခြင်းနှင့်စပ်လျဉ်း၍ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်း ပေးသွင်းနိုင်ခြင်းမရှိပါက အချိန်တိုးမြှင့်ပေးရန် လျှောက်ထားနိုင်သည်

အခွန်ဥပဒေများအရ အခွန်ပေးသွင်းခြင်းနှင့်စပ်လျဉ်း၍ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်း ပေးသွင်းနိုင်ခြင်းမရှိပါက အချိန်တိုးမြှင့်ပေးရန် လျှောက်ထားနိုင်သည်
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံး အဆောက်အအုံကို တွေ့ရစဉ်
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံး အဆောက်အအုံကို တွေ့ရစဉ်
Published 30 June 2021

အခွန်ထမ်းပြည်သူများအနေဖြင့် သက်ဆိုင်ရာအခွန်ဥပဒေများအရ အခွန်ပေးသွင်းခြင်းနှင့်စပ်လျဉ်း၍ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်း ပေးသွင်းနိုင်ခြင်းမရှိပါက အချိန်တိုးမြှင့်ပေးရန် လျှောက်ထားနိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

သက်ဆိုင်ရာအခွန်ဥပဒေများအရ အခွန်ပေးသွင်းခြင်းနှင့်စပ်လျဉ်း၍ နောက်ဆုံးထားပေးသွင်းရမည့် နေ့ရက်များမှာ သုံးလတစ်ကြိမ် ဝင်ငွေခွန်ပေးသွင်းခြင်းအတွက် နောက်ဆုံးထားပေးသွင်းရမည့်ရက်မှာ သုံးလပြည့်မြောက်သည့်ရက်မှ ၁၀ ရက်အတွင်း ဖြစ်သည်။

အခြေပစ္စည်းမှ မြတ်စွန်းငွေခန့်မှန်းတွက်ချက်ပေးသွင်းခြင်းကို ရောင်းချ/လဲလှယ်/လွှဲပြောင်းသည့် နေ့မှရက်ပေါင်း ၃၀ အတွင်းလည်းကောင်း၊ လစဉ်ကုန်သွယ်လုပ်ငန်းခွန်အတွက် သက်ဆိုင်ရာလကုန်ဆုံးပြီး ၁၀ ရက်အတွင်းလည်းကောင်း၊ လစဉ်အထူးကုန်စည်ခွန်အတွက် သက်ဆိုင်ရာလကုန်ဆုံးပြီး ၁၀ ရက်အတွင်းလည်းကောင်း၊ စည်းကြပ်မှုအရ ကျသင့်အခွန်အတွက် စည်းကြပ်မှုပြုလုပ်သည့်နေ့မှ ၁၄ ရက်အတွင်း သို့မဟုတ် စည်းကြပ်မှုအကြောင်းကြားစာပါ သတ်မှတ်ရက်အတိုင်းဖြစ်သည်။

အခွန်ထမ်းပြည်သူများအနေဖြင့် သက်ဆိုင်ရာအခွန်ဥပဒေများအရ အခွန်ပေးသွင်းခြင်းနှင့်စပ်လျဉ်း၍ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်း ပေးသွင်းနိုင်ခြင်းမရှိပါက အချိန်တိုးမြှင့်ပေးရန်  လျှောက်ထားနိုင်သည့် အခွင့်အရေးရှိသည်။

လျှောက်ထားရာတွင် အခွန်ပေးသွင်းရမည့် နောက်ဆုံးရက်မတိုင်မီ ကြိုတင်၍ လျှောက်ထားရမည်ဖြစ်ပြီး ပေးဆောင်ရမည့်အခွန်ငွေ ပမာဏနှင့် ဒဏ်ကြေးငွေအား တစ်လုံးတည်း ဖြစ်စေ၊ အရစ်ကျဖြစ်စေ ပေးသွင်းရန် တင်ပြလျှောက်ထားရမည်ဖြစ်သည်။

အခွန်ထမ်းပြည်သူများအနေဖြင့် သက်ဆိုင်ရာအခွန်ရုံးများသို့ အခွန်ပေးသွင်းရမည့် ရက်ကို တိုးမြှင့်ပေးရန် လျှောက်လွှာတင်သွင်းခြင်းဖြစ်ပါက ၎င်းလျှောက်လွှာကို လက်ခံရရှိကြောင်း လက်ခံဖြတ်ပိုင်းအား သက်ဆိုင်ရာ အခွန်ရုံးထံမှ ရယူရမည်ဖြစ်သည်။

အချိန်တိုးမြှင့်ပေးရန် လျှောက်ထားချက်အပေါ် ခွင့်ပြုကြောင်း သို့မဟုတ် ခွင့်မပြုကြောင်း အကြောင်းကြားစာကို လျှောက်လွှာ လက်ခံရရှိသည့်နေ့မှရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာအခွန်ရုံးမှ အကြောင်းပြန်ကြားမည် ဖြစ်သည်။

အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်ဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (က) အရ သတ်မှတ်ထားသည့်နေ့ရက်ထက် ကျော်လွန်၍ အခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်ထားလိုပါက သတ်မှတ်လျှောက်လွှာပုံစံများကို ပြည်တွင်းအခွန်များဦးစီးဌာန website တွင် ရယူ၍ မိမိတို့ အခွန်ပေးသွင်းနေသည့် အခွန်ရုံးများသို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏အခွန်ကောက်ခံရရှိမှုကို မူလခန့် မှန်းခြေစာရင်းအရ ကျပ် ၈၆၁၅ ဒသမ ၇၇၇ ဘီလျံကျော်ရရှိရန် လျာထားကြောင်း ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ သိရသည်။

နှစ်အလိုက် ပြည်ထောင်စု၏ အခွန်ကောက်ခံရရှိမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၅၁၇၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၆၃၁၄၇၃၃ ဒသမ၆၅၇ သန်း၊ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၇၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ကြားကာလခြောက်လတွင် ကျပ် ၃၄၂၄၂၀၆ ဒသမ ၈၃၂ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃ ဒသမ ၅၆၈ သန်း ရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၈၄၇၅၆၆၇ ဒသမ ၇၄၆ သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ် ၈၆၁၅၇၇၇ ဒသမ ၂၂၉ သန်း ရရှိရန် လျာထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန် ကောက်ခံရရှိမှုပမာဏများမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၄၂၃ ဘီလျံ၊ ၂၀၁၈ ဧပြီ-စက်တင်ဘာ ခြောက်လတာ ကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၇၇၉၁ ဘီလျံ ကောက်ခံနိုင်ခဲ့သည်။

Most Read

Most Recent