မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်ပြီး လတ်တလော ဆေးကုသမှုခံယူနေသူ ၂၀၀ နီးပါရှိနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
“ရောဂါဖြစ်ပွားမှုက ထုံးစံအတိုင်း မော်လမြိုင်မြို့မှာ အများဆုံးဖြစ်ပွားပါတယ်။ မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာဘက်မှာ အဖြစ်များနေပါတယ်။ မော်လမြိုင်မြို့နယ်အတွင်းမှာ အယောက် ၁ဝဝကျော် နဲ့အများဆုံးဖြစ်ပွားတယ်။ ဒုတိယအဖြစ်များတဲ့ မြို့နယ်ကရေးမြို့နယ် ဆိုပေမယ့်လည်း မော်လမြိုင်နဲ့နှိုင်းယှဉ်ရင်တော့အများကြီး နည်းပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရောဂါကိုသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်နှိမ်နင်းရေး) လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်က ပြောကြားသည်။
ယမန်နှစ်များက လက်ရှိကာလတွင် ရောဂါအဖြစ်များသည့် မြို့နယ်များအတွင်း Abate ဆေးခပ်ခြင်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း ရပ်ကွက်အလိုက် Abate ဆေးခတ်ခြင်းများ လုပ်ဆောင်နိုင်ရန်အတွက် ဆေးများထုတ်ပေးထားကြောင်း၊ Case တွေ့ရှိသည့်နေရာများသို့ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များပူးပေါင်းကာ Case Base Control လုပ်ဆောင်ပေးနေကြောင်း၊ ခြင်ဆေးဖြန်းခြင်း၊ အိမ်တိုင်း Abate ဆေးခတ်တာ၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးနေပါကြောင်း ဒေါက်တာ စည်သူရဲနောင်က ပြောကြားသည်။
မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု နှုန်းများခဲ့သော နှစ်များဖြစ်ကြသည့် ၂၀၀၁ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၄၂၂ ဦးရှိခဲ့ပြီး ၅၇ ဦးသေဆုံးခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်က ရောဂါဖြစ်ပွားသူ ၃၀၂၈ ဦးရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ရောဂါဖြစ်ပွားသူ ၅ဝဝဝအထိရှိခဲ့ကာ စံချိန်တင်ဖြစ်ပွားခဲ့သော်လည်း သေဆုံးသူ လေးဦးသာရှိခဲ့ကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါသည် ၁၉၆၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ၁၉၇၀ လွန်နှစ်မှစတင်၍ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စတင်ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းရများအရ သိရသည်။















