သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား နေပြည်တော်တွင်  စွဲဆိုထားသည့်အမှုများကို ရက် ၁၈၀ အတွင်း အပြီးစစ်မည်ဖြစ်သဖြင့် ဇူလိုင်လကုန်အပြီးစစ်ရန် အဆိုပြုထားဟု တရားလွှတ်တော်ရှေ့နေ ပြောကြား

သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား နေပြည်တော်တွင်  စွဲဆိုထားသည့်အမှုများကို ရက် ၁၈၀ အတွင်း အပြီးစစ်မည်ဖြစ်သဖြင့် ဇူလိုင်လကုန်အပြီးစစ်ရန် အဆိုပြုထားဟု တရားလွှတ်တော်ရှေ့နေ ပြောကြား
ဇွန် ၇ ရက် ရုံးချိန်းအပြီး သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်အား တွေ့ရစဉ်
ဇွန် ၇ ရက် ရုံးချိန်းအပြီး သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်အား တွေ့ရစဉ်
Published 7 June 2021
နေရိုင်း၊ အောင်မင်းသိန်း

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား နေပြည်တော်တွင် တရားစွဲဆိုထားသည့် အမှုများကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးမည်ဖြစ်ခြင်းကြောင့် ဇူလိုင် ၂၆ ရက်တွင် အပြီးစစ်ဆေးရန် အဆိုပြုထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

ဇွန် ၇ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နေပြည်တော် ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) တို့နှင့် တရားစွဲဆိုခြင်းခံထားရသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၈)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇)၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ) တို့နှင့် တရားစွဲဆိုခြင်းခံထားရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခြင်း ခံထားရသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

“သုံးယောက်စလုံးနဲ့ ဆွေးနွေးပြီးတော့ တွေ့ပြီးတဲ့နောက်မှာ တရားခွင်ခေါ်ပါတယ်။ တရားခွင်မှာ ပထမဆုံး CMP လုပ်ပါတယ်။ Case Magement Program ခေါ်တာပေါ့။ အမှုကို ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာ လုပ်တယ်။ အဲတော့ စီမံခန့်ခွဲတဲ့နေရာမှာ အဲဒီမှာ အမှုတွေ အကုန်လုံးပေါ့၊ ငါးမှုလုံးပေါ့၊ အဲတော့ ငါးမှုလုံးကို တစ်မှုချင်းတစ်မှုချင်း ကျွန်တော်တို့ စီမံခန့်ခွဲမှုလုပ်ပါတယ်။ အမှုအမျိုးအစား ပထမသတ်မှတ်ပါတယ်။ နောက်ပြီးတော့ ရက်၊ ဘယ်နှရက်အတွင်း အပြီးစစ်မယ်ဆိုတဲ့ ရက်သတ်မှတ်ချက်၊ နောက်တစ်ခါ ဘယ်သူ့ကို ဘယ်လိုစစ်မလဲ၊ ဘယ်နေ့စစ်မလဲ၊ အဲဒီအစီအစဉ်တွေ တရားသူကြီးနဲ့ ညှိပါတယ်။ အဲတော့ ကျွန်တော်တို့ အားလုံးရဲ့ သဘောထားအရ ဒီအမှုက ပထမအမျိုးအစား၊ Simple Case ရိုးရှင်းတဲ့အမှုအနေနဲ့ သတ်မှတ်ပါတယ်။ အဲဒါကြောင့်မလို့ ရိုးရှင်းတဲ့အမှုရဲ့ရက်က၊ သတ်မှတ်ရက်က ၁၈၀ ပါ။ အဲတော့ ရက်ပေါင်း ၁၈၀ အတွင်း အမှုစစ်မယ်လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ အဲတော့ အမှုအများစုကတော့ စပြီးတော့ စွဲဆိုတဲ့ရက်က ၁၆-၂-၂၀၂၁ မှာ ရုံးကို တင်တယ်ပေါ့၊ ရုံးကိုတင်တဲ့ရက် ဖြစ်နေတယ်။ အဲလိုဖြစ်တဲ့အတွက်ကြောင့် တရားလိုဘက် သက်သေခံချက်တွေကို ၂၈ ရက် ၆ လ ၂၀၂၁ မှာ အပြီးစစ်ဖို့ပေါ့၊ အဲဒီနေ့မှာ တရားလိုဘက် အမှုပိတ်တယ်ခေါ်တာပေါ့။ ပြီးတော့ အဲဒီရဲ့နောက်မှာ တရားခံဘက်ကို စစ်မယ်။ အမှုကိုတော့ နောက်ဆုံးအနေနဲ့ ၂၆-၇-၂၀၂၁ မှာ ကျွန်တော်တို့ အပြီးသတ်ဖို့ ယေဘုယျ အဆိုပြုကြပါတယ်။ အဲတာကိုလည်း လက်ခံကြပါတယ်” ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် သီးခြားအမှုစွဲဆိုထားသော လယ်ဝေးမြို့နယ်မှ ဦးထွန်းမြင့်အောင် (ခ) ဦးညီညီလည်း ဇွန် ၇ ရက် ရုံးချိန်းတွင် ရုံးတော်သို့ လာရောက်ခဲ့ပြီး ၎င်းအမှုသည် ဧပြီလအတွင်း စွဲဆိုထားသည့်အမှုဖြစ်သော်လည်း ဥပဒေအရာရှိဖြစ်သူက ကျန်အမှုများနှင့်တစ်ပါတည်းတွဲ၍ ဇူလိုင် ၂၆ ရက်တွင် အပြီးစစ်ဆေးမည်ဟု ပြောဆိုခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ အဲဒီဟာတွေကတော့ အကုန်လုံး စီစဉ်လိုက်တဲ့အခါမှာ တစ်ပတ်ခြားတစ်ခါ အခုလိုမဟုတ်တော့ဘဲနဲ့ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါဖြစ်မှာပါ အမှုငါးမှုမှာ သုံးမှုက တနင်္လာ နေ့တိုင်း စစ်မှာပေါ့၊ သက်သေတွေတူကြလို့။ နောက်နှစ်မှုကတော့ အင်္ဂါနေ့ဖြစ်မှာပါ။ အဲဒီမှာ သမ္မတကြီး ဦးဝင်းမြင့် သပ်သပ်အမှုလည်း တနင်္လာနေ့မှာ ပါတယ်။ အင်္ဂါနေ့မှာလည်း ပါတာရှိတယ်။ အဲတော့ စီစဉ်ထားတဲ့ အမှုတွေ ဘယ်နေ့ဘယ်လိုစစ်မယ်။ သက်သေဘယ်နှယောက်။ သက်သေကတော့ တစ်မှုမှာက သက်သေ သုံးယောက်ပဲရှိတယ်။ အမှုအများစုမှာတော့ သက်သေ ၁၀ ယောက်တို့၊ ခုနစ်ယောက်တို့ ရှိပါတယ်။ အဲဒီဟာအပေါ်မှာ မှီပြီးတော့ စဉ်လိုက်တာကတော့ ၂၈-၆-၂၀၂၁  အဲဒီနေ့ကို နောက်ဆုံးထားပြီး တရားလိုဘက်သက်သေတွေ အပြီးစစ်ဖို့ပါပဲ။ အဲတာက အခုကျွန်တော်တို့ စဉ်လိုက်တဲ့ ကိစ္စပါ။ အခုအတိုင်းဆိုရင် တနင်္လာနေ့နဲ့ အင်္ဂါနေ့ နှစ်နေ့လုံးမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့အမှုတွေက အဲလိုရှိနေပါလိမ့်မယ်။ အမှုတစ်ခုချင်းကတော့ နည်းနည်းကွာတာပေါ့။ ၂၈ ရက်နေ့မှာ တရားလိုဘက် သက်သေခံချက်တွေ ပိတ်ပါမယ်။ နောက် တရားခံဘက် ဆက်စစ်တယ်ဆိုရင်လည်း ၂၆-၇-၂၀၂၁ မှာ ပြီးပါမယ်။ အဲတာက အမှုရဲ့ ဒီကနေ့အနေအထားပါ၊ စီမံခန့်ခွဲတဲ့ အနေအထား” ဟု ပြောကြားသည်။ 

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့အား တရားစွဲဆိုထားသည့် အမှုများကို ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးမည်ဟု သတ်မှတ်လိုက်ခြင်းကြောင့် သတ်မှတ်ရက်အတွင်း အပြီးသတ်စစ်ဆေးနိုင်ရန်အတွက် ရုံးချိန်းအား တစ်ပတ်လျှင် တစ်ကြိမ် စစ်ဆေးရမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

“ အဲဒီအတွက်ကြောင့် နှစ်ဖက်လုံးကို ပြောတယ်၊ အထူးသဖြင့် တရားလိုဘက်ပေါ့၊ တရားလိုဘက်ကို စစီစဉ်ရတာကို။ တရားလိုဘက် သက်သေတွေကို မပျက်မကွက်သတ်မှတ်တဲ့ရက်တွေမှာ ဘယ်နေ့ ဘယ်သူ့စစ်မယ်၊ ဘယ်နေ့ဘယ်သူ့စစ်မယ်ဆိုတာက အစအကုန်လုံး ကျွန်တော်တို့ စဉ်လိုက်ပါတယ်။ ဘယ်သူ ဘယ်လိုစစ်မယ်ဆိုတာကို အဲဒီနေ့မှာ မပျက်မကွက် လာဖို့အတွက် ရဲတွေကိုလည်းပဲ တရားလိုနဲ့ ရဲအရာရှိတွေကိုလည်း ညွှန်ကြားလိုက်ပါတယ်၊ ရုံးတော်က။ အမှုက အခုတိုင်းဆိုရင် စွပ်စွဲခံရသူဘက်ပေါ့၊ အမှုပိတ်တယ်ခေါ်တာပေါ့၊ Defence Side ပိတ်တာက ၂၆-၇-၂၀၂၁ ပိတ်မယ်။ ဆိုလိုတာကတော့ စွဲချက်တင်ရင်ပေါ့။ တရားလိုဘက်က သက်သေတွေ အကုန်လုံးကို ၂၈-၆-၂၁ မှာ အပြီးစစ်ရမှာပေါ့။ စစ်ပြီးရင် လျှောက်လဲချက်၊ စွဲချက် လျှောက်လဲချက်၊ စွဲချက်တင်မယ်ပေါ့။ တင်တယ်ဆိုရင်တော့ ၂၆-၇-၂၁ မှာ လုပ်မှာပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

Most Read

Most Recent