နေရပ်ပြန် မြန်မာလုပ်သား ၆၀၀ ခန့် မြဝတီဘက်သို့ ဝင်ခွင့်မရ၍ ထိုင်းနိုင်ငံ မဲဆောက်ဘက်တွင် အခက်အခဲ ဖြစ်နေ

နေရပ်ပြန် မြန်မာလုပ်သား ၆၀၀ ခန့် မြဝတီဘက်သို့ ဝင်ခွင့်မရ၍ ထိုင်းနိုင်ငံ မဲဆောက်ဘက်တွင် အခက်အခဲ ဖြစ်နေ
ချစ်ကြည်ရေးတံတား အမှတ် (၂) ထိုင်းဘက်ခြမ်းတွင် နေရပ်ပြန်ရန် စောင့်ဆိုင်းနေရသော မြန်မာနိုင်ငံသားများအား မေ ၂၄ ရက်က တွေ့ရစဉ်
ချစ်ကြည်ရေးတံတား အမှတ် (၂) ထိုင်းဘက်ခြမ်းတွင် နေရပ်ပြန်ရန် စောင့်ဆိုင်းနေရသော မြန်မာနိုင်ငံသားများအား မေ ၂၄ ရက်က တွေ့ရစဉ်
Published 25 May 2021
ကိုရွှေသိန်း (မြဝတီ)

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်သို့ ပြန်လာသည့် မြန်မာလုပ်သား ၆၀၀ ခန့်မှာ မြဝတီသို့ ကူးခွင့်မရသည့်အတွက် အမှတ် (၂) ချစ်ကြည်ရေးတံတား မဲဆောက်ဘက်ခြမ်းတွင် အနေအစား အခက်အခဲများစွာ ကြုံနေရကြောင်း သိရသည်။

မြန်မာနိုင်ငံ မြဝတီဘက်ကမ်းတွင် နေရပ်ပြန်များအား တစ်ရက်ခြား ၂၀၀ ဦးသာ လက်ခံကြိုဆိုသည့်အတွက် ချစ်ကြည်ရေးတံတား (မဲဆောက်) BCF Zone အပြင်ဘက်တွင် ပြန်ခွင့်မရသူ ၆၀၀ နီးပါး ကျန်ရှိခဲ့သည်ဟု နေရပ်ပြန်များကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

သောင်ရင်းမြစ်သာ ခြားနေသော်လည်း မြဝတီဘက်မှ အကန့်အသတ်ဖြင့်သာ လက်ခံသည့်အတွက် မဲဆောက်ဘက်တွင် ကျန်ရစ်သော  မြန်မာနိုင်ငံသားများမှာ စားသောက်ရေးကို အလှူရှင်များက ကူညီလျက်ရှိပြီး မိုးရွာလျှင် ထိုင်ရန်ပင် ခက်ခဲနေကြောင်း၊ အိမ်သာမရှိ ရေချိုးရန် ရေမရှိဘဲ အခက်အခဲ ဖြစ်နေကြရသည့်အတွက် အကန့်အသတ်မဲ့ ကြိုဆိုလက်ခံပေးရန်လိုကြောင်း နေရပ်ပြန် အလုပ်သမားများအား ကူညီပေးနေသူ ကိုစည်သူက ပြောကြားသည်။

“တစ်ရက်ခြား ၂၀၀ သာ လက်ခံတဲ့အတွက် မေ ၂၄ ရက်ကဆိုရင် ၆၀၀ နီးပါး ကျန်ခဲ့တယ်။ မိုးမရွာပါစေနဲ့ ဆုတောင်းပေမဲ့ အခု မုန်တိုင်းလည်း ရှိတယ်။ မိုးရွာရင် ထိုင်နေဖို့တောင် နေရာမရှိဘူး။ အိပ်ဖို့နေရာ မရှိ၊ အိမ်သာက မရှိ ရေကမချိုးရနဲ့ အတော်လေးကို အခက်အခဲ ကြုံနေရပါတယ်။ တစ်ရက်ခြားဆိုပေမဲ့ လူရှိသလောက် လက်ခံကြိုဆိုပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုချင်ပါတယ်”ဟု ကိုစည်သူက ပြောကြားသည်။

နေရပ်ပြန်လာသူများမှာ မိဘကျန်းမာရေးကြောင့် ပြန်လာသူရှိသကဲ့သို့ အလုပ်ရှင် မောင်းထုတ်၍ ပြန်လာရသူများ၊ အထောက်အထား မပြည့်စုံ၍ ပြန်လာသူများလည်း ပါဝင်ကြောင်း သိရသည်။

နေရပ်ပြန်လာသူ ကိုအေးမင်းထွန်းက “ကျွန်တော်တို့ မဲဆောက်ဘက်ကမ်းကို ရောက်နေပါတယ်။ မြန်မာပြည် ပြန်မလို့ မပြန်ရသေးဘူး။ ပြန်ခွင့်ရဖို့ စောင့်နေရတာ လေးရက်၊ ခြောက်ရက်၊ ရှစ်ရက်အထိ စောင့်ဆိုင်းနေရသူတွေ ရှိတယ်။ နေစရာမရှိ၊ အိပ်စရာမရှိ၊ အိမ်သာမရှိ၊ ရေချိုးခန်းမရှိနဲ့ အတော်ဒုက္ခ ဖြစ်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံက တာဝန်ရှိသူတွေကို တောင်းဆိုချင်ပါတယ်။ မိုးထဲလေထဲ ဒုက္ခမဖြစ်ရအောင် လူအရှိအတိုင်း ကြိုဆိုပေးပါလို့။ တကယ်ပါ။ လာတုန်းကလည်း ဘတ် ၄၀၀၀ ပေးရသူ၊ ဘတ် ၈၀၀၀ ပေးရသူနဲ့ ပွဲစားနဲ့ချိတ်ပြီး ဟန်ဆောင် အဖမ်းခံကာ ထိုင်းရဲအစီအစဉ်နဲ့ လာခဲ့ရတာပါ”ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ နေရပ်ပြန်လာသူများအား မတ် ၂၁ ရက်မှ စတင်ကြိုဆို လက်ခံခဲ့ရာ မေ ၂၄ ရက်အထိ နေရပ်ပြန်လာသူ ၁၉၁၀၄၈ ဦးအထိ လက်ခံဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent