အာဆတ်မိသားစုလက်အောက်တွင် နှစ်ပေါင်း ၅၀ ကျော်ရှိနေသည့် ဆီးရီးယားနိုင်ငံ

အာဆတ်မိသားစုလက်အောက်တွင် နှစ်ပေါင်း ၅၀ ကျော်ရှိနေသည့် ဆီးရီးယားနိုင်ငံ
Photo:AP
Photo:AP
Published 25 May 2021
ရန်မျိုးအောင်

ဆီးရီးယားနိုင်ငံတွင် မေလ ၂၆ ရက်၌ သမ္မတ ဘာရှာအယ် အာဆတ်ကို ကျိန်းသေပေါက်အနိုင်ရစေနိုင်မည့် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး ဆီးရီးယားသည် ဖခင်မှ သားအား အာဏာလွှဲပြောင်းပေးခဲ့သည့် မိသားစု တစ်စု၏ ဆယ်စုနှစ်ငါးစုကျော်ကြာ အုပ်ချုပ်မှုအောက်တွင် ဆက်ရှိနေမည်ဖြစ်သည်။

၁၉၇၀ ခုနှစ်- ဟာဖက်ဇ်၏ အုပ်ချုပ်မှု

ဆီးရီးယား၏ ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်ပြီး ဘာရှာအာဆတ်၏ ဖခင်ဖြစ်သည့် ဟာဖက် အယ် အာဆတ်သည် ၁၉၇၀ ပြည့်နှစ် နိုဝင်ဘာ ၁၆ ရက်က စစ်အာဏာသိမ်းခဲ့ပြီး သမ္မတ နျူရီဒင် အယ် အတက်စီကို ဖြုတ်ချခဲ့သည်။

ဟာဖက်သည် မြောက်အာဖရိက၊ အနောက်အာရှနှင့် အတ္တလန္တိတ်သမုဒ္ဒရာမှ အာရေဗျ ပင်လယ်အထိရှိသည့် နိုင်ငံများကြား ပေါင်းစည်းရေးကို ထောက်ခံအားပေးသည့် အာရပ်တစ်ဝန်းအယူဝါဒကို ကိုင်စွဲသည့် ဘာ့သ်ပါတီကို ဦးဆောင်ခဲ့ပြီး ၁၉၇၁ ခုနှစ် မတ်လ ၁၂ ရက်တွင် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။ ယင်းရွေးကောက်ပွဲတွင် သူသည် ပြိုင်ဘက်မရှိသည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်သည်။

သူသည် ရှီးအိုက်အစ္စလာမ်တွင် အလာဝစ် ဂိုဏ်းကွဲမှဖြစ်သည့် ပထမဆုံး ဆီးရီးယား သမ္မတဖြစ်သည်။ ယင်းဂိုဏ်းသည် ဆီးရီးယားနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာရှိသည့် လူနည်းစုဖြစ်သည်။

၁၉၇၃ ခုနှစ်- အစ္စရေးနှင့်ဖြစ်ပွားသည့် စစ်ပွဲ

အီဂျစ်နှင့် ဆီးရီးယားသည် ၁၉၇၃ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် အစ္စရေးကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ၎င်းတို့သည် ၁၉၆ရခုနှစ်ကဖြစ်ပွားခဲ့သည့် ခြောက်ရက်ကြာစစ်ပွဲတွင် ဆုံးရှုံးခဲ့ရသည့် ၎င်းတို့ နယ်မြေများကို ပြန်လည်ရယူရန် ယင်းကဲ့သို့ အလစ်ဖမ်း တိုက်ခိုက်ခဲ့သော်လည်း အစ္စရေး၏ ပြန်လည်တိုက်ခိုက်မှုကြောင့် တပ်လန်ခဲ့ရသည်။

ဂိုလန်ကုန်းမြင့်အတွက် ထိတွေ့ပစ်ခတ်မှုများ မပြုရေးသဘောတူညီချက်ကို ၁၉၇၄ ခုနှစ်မေလတွင် လက်မှတ်ရေးထိုးခဲ့ပြီး စစ်ပွဲကို တရားဝင် အဆုံးသတ်ခဲ့သည်။

၁၉၇၆ ခုနှစ်- လက်ဘနွန်အား ကျူးကျော်မှု

အစ္စရေးနှင့် သဘောတူညီမှုရရှိခဲ့ပြီးနောက် တစ်လအကြာတွင် အမေရိကန် သမ္မတ နစ်ဆင်သည် ဆီးရီးယားနိုင်ငံ ဒမတ် စကတ်မြို့တော်သို့ ရောက်ရှိလာခဲပြီး ၁၉၆၇ ခုနှစ်ကတည်းက အေးခဲနေသည့် သံတမန် ဆက်ဆံရေးကို ပြန်လည်ထူထောင်ကြောင်း ကြေညာခဲ့သည်။

နှစ် နှစ်အကြာတွင် ဆီးရီးယား စစ်သားများသည် လက်ဘနွန်ပြည်တွင်းစစ်တွင် တိုက်ပွဲဝင်နေသည့် ခရစ်ယာန်တပ်ဖွဲ့များ၏ မေတ္တာရပ်ခံချက်ကြောင့် အမေရိကန်၏ ခွင့်ပြုချက်ဖြင့် လက်ဘနွန်နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။

ထိုအချိန်မှစ၍ ဆီးရီးယားသည် လက်ဘနွန် စစ်ဘက်နှင့် နိုင်ငံရေးအပေါ် ဆယ်စုနှစ် သုံးစုကြာ လွှမ်းမိုးချုပ်ကိုင်ခဲ့သည်။

၁၉၈၂ ခုနှစ်- ရက်စက်သည့် ဖိနှိပ်မှု

ဆီးရီးယားအစိုးရသည် ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလက ဟာမာမြို့တွင် လက်နက်ကိုင်တော်လှန်သည့် Muslim Brotherhood အဖွဲ့ကို ရက်စက်စွာ ဖြိုခွင်းခဲ့သဖြင့် လူပေါင်း ၁၀,၀၀၀ မှ ၄၀,၀၀၀ ကြား သေဆုံးခဲ့သည်။

ယင်းအဖွဲ့သည် ၁၉၇၉ ခုနှစ်က အလက်ပိုမြို့ရှိ စစ်အကယ်ဒမီတွင် သေနတ်များ၊  လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သဖြင့် အလာဝစ် စစ်ဗိုလ်လောင်း ၈၀ ခန့်သေဆုံးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

အနောက်နိုင်ငံများကို မျက်နှာချိုသွေးမှု

ဆိုဗီယက်ယူနီယံပြိုကွဲခဲ့ပြီးနောက် ၁၉၉၀-၁၉၉၁ ခုနှစ်တွင် ဆီးရီးယားနှင့် အမေရိကန် ဆက်ဆံရေး ပြေပြစ်လာခဲ့ပြီး ယင်းမတိုင်မီ ဆယ်စုနှစ်တစ်စုအလိုက မိတ်ဖက်နှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တစ်ခု ချုပ်ဆိုခဲ့သည်။

ကူဝိတ်အား အီရတ်က ကျူးကျော်ဝင်ရောက်မှုအပြီး ဆီးရီးယားသည် အီရတ်ခေါင်းဆောင် ဆက်ဒမ် ဟူစိန်အား တိုက်ခိုက်သည့် အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့တွင် နိုင်ငံတကာတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်- ဘာရှာ အာဏာရရှိမှု

ဟာဖက်အယ် အာဆက်သည် ၂၀၀၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်က အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

တစ်လအကြာတွင် ဘာရှာအာဆတ်သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲရလဒ် ၉၇ ရာခိုင်နှုန်းဖြင့် သမ္မတဖြစ်လာခဲ့ပြီး ယင်း ရွေးကောက်ပွဲတွင် ၎င်း၏ ဖခင်ကဲ့သို့ပင် ဘာရှာသည် ပြိုင်ဘက်မရှိသည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်ခဲ့သည်။

ဒမတ်စကတ် နွေဦး

ယင်းနှစ် စက်တင်ဘာလမှာပင် ပညာရှင် ၁၀၀ ခန့်က စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းရန်၊ လွတ်လပ်ခွင့်ပိုပေးရန်နှင့် နိုင်ငံရေးတွင် မတူကွဲပြားသည့် အဖွဲ့အစည်းများစွာ ပါဝင်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။

နောက်ပိုင်းတွင် ယင်းလှုပ်ရှားမှုသည် “ဒမတ်စကတ် နွေဦး” အဖြစ် လူသိများလာခဲ့သည်။

သို့သော်လည်း ပွင့်လင်းမြင်သာမှုရှိသည့်ကာလသည် အချိန်အနည်းငယ်သာ တည်ရှိခဲ့သည်။ အာဆတ်၏ အစိုးရအဖွဲ့သည် အတိုက်အခံများကို ဖိနှိပ်ခဲ့ပြီး ၂၀၀၁ ခုနှစ် ဇူလိုင်လတွင် အတိုက်အခံ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။

၂၀၁၁ ခုနှစ်- အာရပ်နွေဦးတော်လှန်ရေး

ယင်းကဲ့သို့ အတိုက်အခံများကို ဖိနှိပ်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်စုကြာမြင့်ခဲ့ချိန်တွင် အရှေ့အလယ်ပိုင်းဒေသတစ်ဝန်း၌  အာဏာရှင်များကို ဆန့်ကျင်သည့် အာရပ်နွေဦး အုံကြွမှုလှိုင်းသည် ဆီးရီးယားနိုင်ငံကို ရိုက်ခတ်လာခဲ့သည်။

၂၀၁၁ မတ်လတွင် ဆီးရီးယားနိုင်ငံတွင် လူမှုလွတ်လပ်ခွင့်များနှင့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရန် တောင်းဆိုသည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ဆီးရီးယားအစိုးရ၏ ပြင်းထန်စွာ ဖြိုခွင်းမှုများနှင့် ဆန္ဒပြသူများ၏ တော်လှန်မှုများသည် ပြည်တွင်းစစ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး နိုင်ငံတကာမှ အင်အားကြီးနိုင်ငံများနှင့် ဂျီဟတ်အဖွဲ့များပါ ပါဝင်လာခဲ့သည်။

ဆယ်စုနှစ်ကြာ စစ်ပွဲ

အီရန်နှင့် ရုရှားနိုင်ငံတို့၏ ကြီးမားသည့် စစ်ရေးအထောက်အပံ့များနှင့်အတူ အာဆတ်၏ အစိုးရအဖွဲ့သည် မကြာသေးမီနှစ်များအတွင်း ပြည်တွင်းစစ်တွင် အသာရလာခဲ့ပြီး နိုင်ငံ့နယ်နိမိတ် သုံးပုံ နှစ်ပုံကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ဆီးရီးယား ပြည်တွင်းစစ်ကြောင့် လူပေါင်း ၃၈၈ယဝ၀၀ ကျော်သေဆုံးခဲ့ပြီး အိုးပစ်အိမ်ပစ်ထွက်ပြေးသူများနှင့် နယ်နှင်ဒဏ်ပေးခံရသူများ ၁၂ သန်းခန့် ရှိခဲ့သည်။ ထို့ပြင် စစ်ပွဲကြောင့် နိုင်ငံမှာလည်း ပျက်စီးခဲ့ပြီး စီးပွားရေးလည်း ယိုယွင်းခဲ့သည်။

ဒမတ်စကတ်မြို့ရှိ အမည်မဖော်လိုသည့် သုတေသီတစ်ဦးကမူ အာဆတ်သည် လာမည့်ရွေးကောက်ပွဲတွင်လည်း ၎င်းအသက်ရှင်ရပ်တည်နိုင်ရေးအတွက် ပုဂ္ဂိုလ်ရေးအရ နိုင်ငံရေး ကစားလိမ့်မည်ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲများမတိုင်မီ အာဆတ်၏ မဲဆွယ်စည်းရုံးမှုတစ်ခုအဖြစ် သူ၏ ရုပ်ပုံများ ကို အလုပ်ခွင်များတွင် ကပ်ခြင်း၊ ရှေ့တန်းမှ စစ်သားများဆီသို့ သွားရောက်တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့သည်။

“ဘာရှာအာဆတ်ဟာ ပယောဂကြောင့် ဒါမှမဟုတ် ပရောဂ မပါဘဲ မသေဆုံးခင် အချိန်အထိ အနာဂတ်မှာ ဆီးရီးယား သမ္မတအဖြစ် ဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။ သူနဲ့ သူ့မဟာမိတ်တွေဟာလည်း ပြည်တွင်း ပြည်ပ အတိုက်အခံတွေကို ဆက်လက်ဖိနှိပ် ဖို့ နည်းမျိုးစုံသုံးပြီး လုပ်ဆောင်နေကြပါတယ်” ဟု ၀ါရှင်တန်ရှိ Newlines Institute မှ ကျွမ်းကျင်သူ နီကိုလက်စ် ဟီရက်စ်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent