ကပ်ရောဂါကာလအတွင်း စစ်ပွဲနှင့် ရုန်းကန်ခဲ့ရသည့် ဂါဇာ

ကပ်ရောဂါကာလအတွင်း စစ်ပွဲနှင့် ရုန်းကန်ခဲ့ရသည့် ဂါဇာ
Photo:AP
Photo:AP
Published 24 May 2021
မြတ်သက်မှူးကို

ဂါဇာကမ်းမြောင်ဒေသတွင်ဆယ်စုနှစ် တစ်စုကျော်အတွင်း စတုတ္ထအကြိမ်မြောက် စစ်မက်ဖြစ်ပွားခဲ့မှုကြောင့် ၎င်း၏ အားနည်းနေသော ကျန်းမာရေးစနစ်မှာ ပိုမိုယိုယွင်းလာခဲ့သည်။

အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံများတွင် သေကြေ၊ ဒဏ်ရာ ရရှိသူအများအပြားနှင့်အတူ ဝန်ပိနေသည်။ သေးငယ်ပြီး ဝန်းရံပိတ်ဆို့ခံထားရသည့် ကမ်းရိုးတမ်းနယ်မြေဖြစ်သည့် ဂါဇာရှိ ဆေးရုံများ၌ မရှိမဖြစ် လိုအပ်သော ဆေးဝါးများလည်း ပြတ်လပ်နေသည်။

ဂါဇာ၏ ကိုရိုနာဗိုင်းရပ်စ် အထူးတာဝန်အဖွဲ့မှ ဆရာဝန်တစ်ဦးအပါအဝင် ဂါဇာ၏ အလွန်လူသိများထင်ရှားသော ဆရာဝန်နှစ်ဦးသည် ဟားမက်စ်နှင့် အစ္စရေးတို့ကြား တိုက်ခိုက်မှုအတွင်း ၎င်းတို့နေအိမ်များ ပျက်စီးခဲ့ပြီး သေဆုံးခဲ့သည်။

ဂါဇာတွင် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းအတွင်း ကူးစက်ခံရသူ မြင့်တက်နေချိန် ၎င်း၏ တစ်ခုတည်းသော ဗိုင်းရပ်စ်စမ်းသပ်မှု ဓာတ်ခွဲခန်းသည် လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း ပျက်စီးခဲ့သောကြောင့် ပိတ်ထားခဲ့ရသည်။ တရစပ်တိုက်ခိုက်မှုများမှ ထွက်ပြေးလာခဲ့ပြီးနောက် ယာယီခိုလှုံရာနေရာများတွင် စုပြုံနေထိုင်ရသော ထောင်နှင့်ချီသည့် စစ်ဘေးရှောင်ဒေသခံများအကြား ဗိုင်းရပ်စ်ကူးစက်ခံရသူ မြင့်တက်လာမည့်အရေးကို ကျန်းမာရေးတာဝန်ရှိသူများက စိုးရိမ်ထိတ်လန့်နေကြသည်။

လူ ၁,၄၀၀ ခန့် ယာယီခိုလှုံနေထိုင်နေသည့် ကုလသမဂ္ဂက စီစဉ်ပေးထားသော ကျောင်းတစ်ကျောင်းအတွင်း၌ နာဝယ်အယ်ဒါနက်ဖ်နှင့် သူ၏ကလေးငါးဦးတို့သည် အခြားမိသားစုဝင် ငါးဦးနှင့်အတူ စာသင်ခန်း တစ်ခုအတွင်း၌ စုပြုံနေထိုင်နေရသည်။ အခန်းအတွင်း၌ စောင်များကို ယှက်သွယ်တန်း၍ အိပ်စရာနေရာများ စီစဉ်ထားသည်။

“စစ်ပွဲနဲ့ ပတ်သက်ပြီး ကျောင်းကတော့ ဘေးကင်းလုံခြုံတယ်ဆိုပေမဲ့ အခန်းတစ်ခန်းထဲ မိသားစုဝင် ငါးဦးနဲ့အတူ ကိုရိုနာပါ ထပ်ရောက်လာတော့ လူတိုင်းကူးစက်ခံရတော့တာပါပဲ” ဟု လွန်ခဲ့သည့် ရက်အနည်းငယ်က အစ္စရေးဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဂါဇာမြောက်ဘက်ပိုင်းရှိ ဘိတ်လာဟီရာမြို့မှ ထွက်ပြေးတိမ်းရှောင်လာသော အယ်ဒါနက်ဖ်က ပြောကြားခဲ့သည်။

ကျောင်းဝန်းအတွင်း၌ ကလေးများ ဆော့ကစားနေကြပြီး အမျိုးသားများက ထိုင်၍ စကားပြောဆိုနေကြသည်ကို ကျောင်း၏ ဝရံတာတွင် စောင်များနှင့် လျှော်ဖွတ်ထားသော အဝတ်အထည်များကို လှမ်းနေသော အမျိုးသမီးများက လှမ်းကြည့်နေသည်။ ၎င်းတို့သည် နှာခေါင်းစည်းတပ်ဆင်ထားခြင်း သို့မဟုတ် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း မရှိကြပေ။

ဂါဇာကမ်းမြောင်၏ ကျန်းမာရေးအခြေခံအဆောက်အအုံသည် နောက်ဆုံးအကြိမ် စစ်မက်မဖြစ်ပွားခင်အချိန်ကတည်းက ယိုယွင်းနေသည်ဟု ယင်းနယ်မြေမှဒုက္ခသည် ၇၀ ရာခိုင်နှုန်းကို အရေးပါသည့်ထောက်ပံ့မှုများ လုပ်ဆောင်ပေးနေသော ကုလသမဂ္ဂ အေဂျင်စီဖြစ်သည့် UNRWA မှ ပြောရေးဆိုခွင့်ရှိသူ အက်နန် အဘူ ဟက်စ်နာက ပြောကြားခဲ့သည်။

ကျန်းမာရေးကဏ္ဍသည် အစ္စရေးနှင့် ဂါဇာ၏ ဟားမက်စ် အုပ်ချုပ်သူများအကြား ယခင်ဖြစ်ပွားခဲ့သည့် စစ်ပွဲ သုံးကြိမ်ကတည်းက ယိုယွင်းပျက်စီးနေသည်။

အရှေ့ဂျေရုဆလင်ရှိ Al-Aqsa ဗလီဝန်းအတွင်း၌ ပါလက်စတိုင်းဆန္ဒပြသူများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအကြား ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့ပြီး ဟားမက်စ်က ပါလက်စတိုင်းဆန္ဒပြသူများကို ထောက်ပံ့မှုအဖြစ် ဂျေရုဆလင်သို့ တာဝေးပစ်ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ချိန် မေ ၁၀ ရက်၌ စစ်ပွဲစတင်ဖြစ်ပွားခဲ့သည်။

ထိုအချိိန်မှစ၍ အစ္စရေးသည် ဂါဇာကို ပစ်မှတ်ထားပြီး ရာနှင့်ချီသည့် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဟားမတ်စ်ကလည်း အစ္စရေးသို့ ရော့ကတ်ပေါင်းထောင်ချီ ပစ်ခတ်ခဲ့သည်။ အစ္စရေးကမူ အရပ်သားများ ထိခိုက်သေကြေမှု မရှိစေရန် ကြိုးပမ်းနေပြီး ဟားမက်စ်၏ ခေါင်းဆောင်များနှင့် ၎င်းတို့၏ အခြေခံအဆောက်အအုံများကို ထိခိုက်ပျက်စီးရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့သည်။ သို့သော်ဂါဇာရှိ လူစည်ကားရာနေရာသို့ အင်အားပြင်းဗုံးများ ကြဲချခဲ့ရာ အခြေခံအဆောက်အအုံများ သိသိသာသာ ထိခိုက်ပျက်စီးခဲ့သည်။

စစ်ပွဲတစ်ပွဲစီအတွင်း ဆေးရုံများနှင့် ဆေးခန်းများ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ကျန်းမာရေးဝန်ထမ်းများစွာလည်း သေဆုံးခဲ့သည်။၂၀၀၇ ခုနှစ် ဟားမက်စ်တို့ အာဏာရရှိခဲ့ချိန်ကတည်း အစ္စရေးနှင့်အီဂျစ်တို့သည် ဂါဇာကမ်းမြောင်ကို ဝန်းရံပိတ်ဆို့ခဲ့ကြသည့်အတွက် စစ်ပွဲတစ်ပွဲပြီးဆုံးပြီးနောက် အာဏာပိုင်များက ပျက်စီးသွားသည့် အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်တည်ဆောက်ရန် နှေးကွေးခဲ့သည်။

ထို့ပြင် စနစ်ပေါ် ဝန်ပိနေသည့်အခြား ဝရုန်းသုန်းကား အခြေအနေများလည်း ရှိနေသည်။ လွန်ခဲ့သည့်နှစ်နှစ်ကျော်က အပတ်စဉ်သောကြာနေ့တိုင်း ဝန်းရံပိတ်ဆို့မှုများကို ဆန့်ကျင်သည့် နယ်စပ်ရှိ ပါလက်စတိုင်းဆန္ဒပြသူများကို အစ္စရေးက ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လူ ၃၅,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အများစုမှာ ဘဝတစ်သက်တာ မသန်စွမ်းဘဝနှင့်နေထိုင်ကြရပြီး လူ ၁၀၀ နီးပါးမှာမူ ကိုယ်လက်အင်္ဂါ ပြန်လည်အစားထိုး ကုသမှုခံယူနိုင်ရန် စောင့်ဆိုင်းလျက်ရှိသည်။

လက်ရှိအချိန်တွင် ကျန်းမာရေးအဆောက်အအုံများသည် စစ်ပွဲ၏ထိခိုက်သေကြေမှုများတွင် သာမက ဂါဇာဒေသခံနှစ်သန်း၏ နေ့စဉ်လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရုန်းကန်နေကြရသည်။

“အကျပ်အတည်းကတော့ တစ်ခုပေါ် တစ်ခုဆင့်နေပါတယ်။ အကျပ်အတည်း တစ်ခုနဲ့တစ်ခုကြား ပြန်လည်တည်ဆောက်ရေးလုပ်ဖို့ အချိန်လုံလုံလောက်လောက် မရှိပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က တဖြည်းဖြည်းခြင်း သိသိသာသာ အားနည်းလာပါတယ်။ ဒီစနစ်ကြီး ပျက်စီးတော့မယ်လို့ ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမဲ့ပျက်စီးဖို့တော့ နီးလာပါပြီ” ဟု ဂါဇာရှိ UNRWA ၏  ညွှန်ကြားရေးမှူး မက်သီးယက်စ် ဆက်ချ်မေးက ပြောကြားခဲ့သည်။

ကလေးငယ်များ အပါအဝင် ပါလက်စတိုင်း ၂၄၃ ဦးသည် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး ၁,၆၀၀ ကျော်ဒဏ်ရာ ရရှိခဲ့သည်ဟု ဂါဇာကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ရော့ကတ်များကြောင့် အစ္စရေးတွင် လူ ၁၂ ဦး သေဆုံးခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ဂါဇာဒေသခံ ၅၆,၀၀၀ ကျော်သည် နေအိမ်များကိုစွန့် ခွာ၍ UNRWA က ဖွင့်လှစ်ထားသည့် စာသင်ကျောင်း ၅၉ ခုသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ကုလသမဂ္ဂအေဂျင်စီ ၎င်းတို့အား ရေနှင့် နှာခေါင်းစည်းမျက်နှာဖုံးအပါအဝင် အခြေခံတစ်ကိုယ်ရည်သုံး သန့်ရှင်းရေး ပစ္စည်းများကို ထောက်ပံ့ပေးနေသည်။

၂၀၁၄ ခုနှစ်က ရက် ၅၀ ကြာတိုက်ခိုက်မှုများအတွင်း UNRWA ၏ ကျောင်းများနှင့် အခြားယာယီနေရာများထံ လာရောက်တိမ်းရှောင်သူ ၂၉၂,၀၀၀ ဦးရှိသည်ဟု ဆိုသည်။ ထိုအချိန်မှစ၍ အေဂျင်စီသည် ရေချိုးခန်းများ ပိုမိုစီစဉ်ခဲ့ပြီး နောက်ထပ်ဒေသခံများ လိုအပ်သည့်အချိန်တွင် အသုံးပြုနိုင်ရန် ကျောင်းအချိူ့၌ လျှပ်စစ်မီးများနှင့် သုံးရေများ ပိုမိုစီစဉ်ပေးခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။

၂၀၁၄ ခုနှစ်က အစ္စရေးတို့သည် ဆေးရုံများနှင့် ဆေးခန်းများကို တိုက်ရိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့သော်လည်း လက်ရှိတိုက်ခိုက်မှုများတွင် ၂၀၁၄ ခုနှစ်ကကဲ့သို့ ကျန်းမာရေး အဆောက်အအုံများကို တိုက်ရိုက်ဖျက်စီးခြင်း မရှိပေ။

သို့သော် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဆေးရုံ ၁၈ ခုနှင့် ဆေးခန်းများ ထိခိုက်ပျက်စီးခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ မရှိမဖြစ် လိုအပ်သောဆေးဝါးများ၏ ထက်ဝက်နီးပါးသည်လည်း ပြတ်လပ်နေသည်။ ထိခိုက်ပျက်စီးခဲ့သော အဓိက ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများတွင် ဂါဇာရှိ COVID-19 ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးသည့် ဆေးခန်းလည်းပါဝင်ပြီး ရလဒ်အနေဖြင့် ဗိုင်းရပ်စ်စစ်ဆေးမှုများကို ရပ်တန့်ခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနရှိ ကြိုတင်ကာကွယ်မှုဆိုင်ရာ ဆေးဝါးအကြီးအကဲ ဒေါက်တာ မက်ဂျ်ဒီ ဒိုင်ဟာက ဆိုသည်။

“ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊ မရှိ မစစ်ဆေးရတဲ့လူတွေက သူတို့ကူးစက်ခံရလား၊ မခံရဘူးလားဆိုတာ မသိရတဲ့အတွက်ဒါဟာ ချိန်ကိုက်ဗုံးလိုပါပဲ” ဟု ၎င်းက ဆိုသည်။

မေ ၁၇ ရက်က ဆေးခန်းပျက်စီးချိန် ဂါဇာတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၅,၀၀၀  ကျော် စံချိန်တင်မြင့်တက်ခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၈၆ ဦး ရှိသည်။ နှေးကွေးနေသော ဂါဇာ၏ ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်လည်း ရပ်တန့်သွားခဲ့ပြီဟု WHO ၏ ဂါဇာဆိုင်ရာထိပ်သီးအရာရှိ ဆာချာ ဘုစ်မားက ပြောကြားခဲ့သည်။

ဂါဇာလူဦးရေ၏ နှစ်ရာခိုင်နှုန်းဖြစ်သော လူ ၃၉,၀၀၀ အောက်ကိုသာ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဖြစ်သည်။ နောက်ထပ်လူ ၁၅,၀၀၀ အတွက်သာ လုံလောက်သည့်ကာကွယ်ဆေးများသည်လည်း ဇွန်လတွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် အချိန်မီ အသုံးပြုထိုးနှံပေးနိုင်ခြင်း မရှိမည်ကို စိုးရိမ်နေကြသည်။

“ဒီလိုအချိန်မျိုးမှာ ကျန်းမာရေးဌာနတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်” ဟု ဆက်ချ်မေးက ပြောကြားခဲ့သည်။

Ref: AP

Most Read

Most Recent