ကော်မတီ၊ ကော်မတီ၊ ကော်မတီ (Committees)

ကော်မတီ၊ ကော်မတီ၊ ကော်မတီ (Committees)
Published 23 May 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

မြန်မာလို ခေါ်လျှင်လည်း ကော်မတီ၊ အင်္ဂလိပ်လို ခေါ်ဆိုလျှင်လည်း ကော်မတီ (Committees) ဆိုသော တူညီသည့် အသံထွက်နှင့် အဓိပ္ပာယ်ဖွင့်ဆိုထားရှိသောစကားလုံး၊ စကားရပ်ကို အခြေခံပြီး ခေါင်းစဉ်တွင် အမည်သုံးကြိမ် ဖော်ပြထားရှိသည့် စာရေးသူ သဘောပေါက်နားလည်ခဲ့ရသော အခြေခံသဘောတရား သုံးရပ်ဖြစ်သည့် ၁။ တွေ့ကြုံ ခဲ့ရသည့် အတွေ့အကြုံ၊ ၂။ သိမြင်ကြားသိခဲ့ရသည့် မှတ်သားဖွယ်ရာများနှင့် ၃။ လေ့လာသိရှိခဲ့ရသည့် အချက်အလက်များအပေါ်တွင် မူတည်ကာ အဆိုးမြင်နှင့် အကောင်းမြင် ရှုထောင့်နှစ်မျိုးဖြင့် တင်ပြပါမည်။

ယခု ဆောင်းပါးသည် စာရေးသူ၏ အတွေ့အကြုံ၊ သိမြင်နားလည်မှုနှင့် လေ့လာမှုကိုသာ အခြေခံတင်ပြမည် ဖြစ်ပါသဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အသုံးပြုလျက်ရှိနေကြသည့် ကော်မတီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ သဘောတရားများနှင့် ထပ်တူမတူညီနိုင်သည့်အပြင် ကွဲလွဲနေသည့် အခြေအနေများလည်း တည်ရှိနိုင်ပါသည်။

နိုင်ငံရေးစနစ်အမျိုးမျိုးအောက်တွင် ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်လေ့ရှိကြသဖြင့် မူလဖွဲ့စည်းစဉ်ကပင် သဘောတရားအရ ကွဲပြားခြားနားနေသကဲ့သို့ ဖြစ်စေပါသည်။စာရေးသူအနေဖြင့် အထက်တန်းနှင့် ဘွဲ့ကြိုအဆင့် ကျောင်းသားဘဝတွင် စာသင်ခန်းအတွင်း၌ အခန်းခေါင်းဆောင် (တာဝန်ခံ)၊ အတန်းခေါင်း ဆောင် (တာဝန်ခံ) အီးစီ (Executive Committees(E.C))၊ အတွင်းရေးမှူး စသည်တို့ကို တစ်ခါတစ်ရံ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ရသော်လည်း ထဲထဲဝင်ဝင်သိမြင် နားလည်ခဲ့ခြင်းမရှိခဲ့ပါ။ ထဲထဲဝင်ဝင် စတင်သိမြင်ခွင့်ရခဲ့သည်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် လက်အောက်ခံ ခပေါင်းဆောင်တွင် အဆောင်နည်းပြအဖြစ် စတင်ဝင်ရောက်ခဲ့သည့်အချိန်က ဖြစ်ပါသည်။ အဆောင်နည်းပြ စုစုပေါင်းသုံးဦးရှိခဲ့ပြီး ယခုအချိန်ကျန်နှစ်ဦးမှာ ကွယ်လွန်သွားပြီ ဖြစ်ပါသည်။

တစ်ဦးမှာ စာရေးသူနှင့် အတန်းတူညီသည့် ဘောဂဗေဒဌာနမှဖြစ်ပြီး အခြားတစ်ဦးမှာ စာရေးသူနှင့် ဘာသာရပ်လည်း တူညီသည့်အပြင် စာရေးသူ၏ ဆရာလည်းဖြစ်သည့်အတွက် စာရေးသူမှာ ကံကောင်းသူ တစ်ဦးဖြစ်ခဲ့ပြီး အစစအရာရာ အနီးကပ်သင်ယူလေ့လာခွင့် ရရှိခဲ့ပါသည်။ စာရေးသူမှာ အဆောင်နည်းပြအဖြစ် ၁၆ နှစ်ကျော် ကြာမြင့်ခဲ့ပါသည်။

စာရေးသူကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ရရှိခဲ့သည့် ပထမကော်မတီအမျိုးအစားအနေဖြင့် ခပေါင်းဆောင်တွင် အဆောင်နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်တွင် ကော်မတီတစ်ရပ်၏ လျှို့ဝှက်ချက်များကို စတင်လေ့လာခွင့် ရရှိခဲ့ပါသည်။

အဆောင်သာယာရေး ကော်မတီသည် သာမန်အနေဖြင့်ကြည့်လျှင် အဆောင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေကိုသာ တွေ့မြင်ရမည် ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများကို တာဝန်ခံမှု၊ တာဝန်ယူမှုအတွက် စိတ်ချရစေမည့် လုပ်ငန်းစဉ်၊ ဖြစ်စဉ် တည်ရှိနေပါသည်။ အဆောင်မှူး၊ အဆောင်နည်းပြများနှင့် ကျောင်းသားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားရှိသည့် အဆောင်သာယာရေး ကော်မတီက ဆုံးဖြတ်ချက်များချမှတ်ပြီး အဆိုပါတာဝန်ခံမှုနှင့် တာဝန်ယူမှုကို ကော်မတီကပင် ကြားခံအနေဖြင့် ဆောင်ရွက်ပေးပါသည်။ လုပ်ငန်းစဉ် တစ်ရပ်သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အဓိပ္ပာယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကော်မတီက ဆုံးဖြတ်ချက် ချမှတ်ပြီး ကော်မတီဝင်များက လက်မှတ်ရေးထိုးထားရှိသည့် အစည်းအဝေးဆုံးဖြတ်ချက် အထောက်အထားရှိလျှင် မှားယွင်းသည့်လုပ်ရပ်အဖြစ် ဖြစ်ပေါ်လာလျှင်ပင် မည်သူ့ကိုမျှ အပြစ်ပေးအရေးယူရန် မလိုအပ်ပါ။ ကော်မတီ၏ သက်တမ်းကာလသည်လည်း စာသင်နှစ် (Academic Year) တစ်နှစ် ကြာမြင့်ပါသည်။

ထိုစဉ်အချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကျင့်သုံးအကောင်အထည် ဖော်ဆောင်နေသည့်ကာလဖြစ်သဖြင့် ကျောင်းဆောင်နှင့်ပတ်သက်သည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆောင်မှူးနှင့် အဆောင်နည်းပြများအား စီမံခန့်ခွဲရေးနည်းလမ်းဖြင့်လည်းကောင်း၊ အဆောင်ကျောင်းသားများအား စည်းရုံးရေးနည်းလမ်းဖြင့်လည်းကောင်း အသုံးပြုဆောင်ရွက်ထားရှိသည်ဟု သိရပါသည်။ ဆိုရှယ်လစ်စနစ်၏ အနှစ်သာရဖြစ်သည့် စုပေါင်းတာဝန်ခံခြင်း၊ စုပေါင်းတာဝန်ယူခြင်းဖြစ်သည့်အတွက် အဆောင်နှင့်ပတ်သက်သည့် မည်သည့်ကိစ္စရပ်မျိုးမဆို ကျောင်းဆောင်သာယာရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ရသည့်အတွက် ကော်မတီတွင်သာ တာဝန်ရှိပါသည်။

စာရေးသူ၏ ကိုယ်ပိုင်အမြင်ဖြင့် တင်ပြရပါလျှင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ကျဆုံးပျက်စီးသွားရသည့် အကြောင်းရင်းတစ်ရပ်မှာ အရေးအကြီးဆုံးဖြစ်သည့် တာဝန်ခံမှုနှင့် တာဝန်ယူမှု အခန်းကဏ္ဍကို လျစ်လျူရှုပြီး စုပေါင်းတာဝန်ခံမှုနှင့် စုပေါင်းတာဝန်ယူမှု ပြုလုပ်ထားသဖြင့် အမှန်တကယ် တာဝန်ခံရမည့်သူ၊ တာဝန်ယူရမည့်သူများ ပျောက်ဆုံးသွားပြီးလျှင် လွှမ်းမိုးချုပ်ကိုင်နိုင်သူများက ကော်မတီများအား မိမိတို့စိတ်တိုင်းကျ အသုံးချသွားခြင်းပင် ဖြစ်ပါသည်။ သာမန်အခြေအနေ၌ပင်လျှင် တာဝန်ခံရန်၊ တာဝန်ယူရန် ကြောက်ရွံ့တတ်ကြသည့် နိုင်ငံဝန်ထမ်းများအပေါ်တွင် သြဇာအာဏာအမျိုးမျိုးကို အသုံးပြုနိုင်သူများအနေဖြင့် အခွင့်အရေး၊ အခွင့်အလမ်းပေါင်းများစွာရယူခံစား၊ စံစားနိုင်ခဲ့ကြပါသည်။

စာရေးသူကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ရရှိခဲ့သည့် ဒုတိယကော်မတီ အမျိုးအစားများအနေဖြင့် တိုင်းပြည်နိုင်ငံတော်တွင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် အကောင်အထည်ဖော်ဆောင်ရွက်ကြစဉ်က ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်အရ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းစဉ်များကို စနစ်တကျ ပြောင်းလဲကျင့်သုံးနိုင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များ ဖြစ်ထွန်းပေါ်ပေါက်စေရန်လည်း ပါဝင်ခဲ့ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် UNICEF က ဦးဆောင်ပြီး  The World Bank,ILO,WFP စသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် နည်းပညာ အထောက်အကူရရှိနိုင်စေရန် အဓိကကူညီပံ့ပိုးပေးခဲ့ကြပါသည်။ ဤတွင် ကော်မတီများ ဖွဲ့စည်းရမည့် အခြေအနေတစ်ရပ်မှာ မဖြစ်မနေ စတင်ကြုံတွေ့လာရပါတော့သည်။

လူမှုကာကွယ်စောင့်ရှောက်ရေး ဒီဇိုင်းပုံစံများနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် UNICEF ဒီဇိုင်းပုံစံ ၊ The World Bank ဒီဇိုင်းပုံစံ၊ ILO ဒီဇိုင်းပုံစံ၊ WFP ဒီဇိုင်းပုံစံ စသည်ဖြင့် အငြင်းပွားနေစဉ်တွင် မိမိတို့တိုင်းပြည်နိုင်ငံတွင်လည်း ဒီဇိုင်းပုံစံအသစ်တစ်ခုကို တရားဝင်ဖြစ်စေမည့် နည်းလမ်းများသည်လည်း ရှုပ်ထွေးလျက် ရှိနေပါသည်။ ဤတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ အတွေ့အကြုံရှိသည့် ဆရာကြီးတစ်ဦးက စာရေးသူမိမိအား ရှင်းလင်းပြောပြရာတွင် မိမိတို့တိုင်းပြည်နိုင်ငံတွင် မူဝါဒတစ်ရပ်မရှိဘဲ မည်သည့်လုပ်ငန်းစဉ်မှ ရှေ့ဆက်ပြီး အကောင်အထည်ဖော်၍ မရနိုင်ကြောင်း၊ မူဝါဒချမှတ်ပြီး တရားဝင်ခွင့်ပြုချက်ရပြီးလျှင် ဦးဆောင် သို့မဟုတ် ဦးစီးကော်မတီ၊ အလုပ်အမှုဆောင်ကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းရကြောင်း၊ ယခုလုပ်ငန်းစဉ်အရ ဆိုပါလျှင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်တွင်း ပြည်ပအစိုးရ မဟုတ်သောအဖွဲ့အစည်းများ ပါဝင်နေသည့်အတွက် နည်းပညာအထောက်အကူပြု ကော်မတီကိုပါ ဖွဲ့စည်းရမည်ဖြစ်ကြောင်း စသည်ဖြင့် စာရေးသူအနေဖြင့် ကော်မတီအမျိုးအစားများ အရေးပါပုံနှင့် တရားဝင်ဖြစ်မှု အခြေအနေများကိုပါ သိမြင်နားလည်ခဲ့ရပါသည်။ 

ကော်မတီ၏ သက်တမ်းကာလသည် အစိုးရတစ်ရပ်၏ သက်တမ်းကာလ ငါးနှစ်အဖြစ် မှတ်ယူရမည်ဖြစ်ပါသည်။ တတိယအနေဖြင့် စာရေးသူ လေ့လာသိရှိခဲ့ရသည့် Reference: အရ ကော်မတီ အမျိုးအစားများအနေဖြင့် ဒုတိယကမ္ဘာစစ်တွင် The D-day Landing နှင့် The King James Bible အား ဘာသာပြန်ဆိုခြင်းတို့ကို ကော်မတီဖွဲ့စည်းပြီး စီမံကိန်း ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြင့် အောင်မြင်မှုရရှိခဲ့သည်ကို ဥပမာများဖြင့် ဖော်ပြထားရှိပြီး ထိုကဲ့သို့ အောင်မြင်မှုရရှိစေရန် အရိုးရှင်းဆုံး၊ ပါ၀ါအပြည့်ဝဆုံး၊ အင်အားအကောင်းဆုံး မဟာဗျူဟာကျသည့် စီမံအုပ်ချုပ်ရေးနည်းလမ်းများ (Strategic Rules) ကို အောက်ပါအတိုင်း ချမှတ်ကျင့်သုံးရမည်ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ကြပါသည်။

၁။ တိကျ ပြတ်သားရှင်းလင်းသည့် ပန်းတိုင်များဖြင့် စတင်ရန် (Start with clear goals)

၂။ လက်တွေ့ဖြစ်နိုင်သည့် လုပ်ငန်းများကိုသာ ကြိုးစားဆောင်ရွက်ရန် (Try practical possibilities)

၃။ ကျဆုံးခြင်းများ ဖြစ်နိုင်စေမည့် လုပ်ငန်းများကို ပြတ်ပြတ်သားသား၊ ရက်ရက်စက်စက် ဖြတ်တောက် လျှော့ချရန် (Ruthlessly prune failure)

၄။ ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ်တွင်သာ အာရုံထားပြီး တည်ဆောက်ရန် (Build on what works)

ဖော်ပြပါ ကမ္ဘာ့စစ်မက်ရေးရာနှင့် ဘာသာပြန်ဆိုခြင်း လုပ်ငန်းများကို ကော်မတီဖြင့် အောင်မြင်ပြီး မြောက်စေသည်အထိ ဆောင်ရွက်နိုင်စေခြင်းမှာ အဓိကကျသည့် မဟာဗျူဟာစီမံအုပ်ချုပ်မှု လေးချက်သာမက လုပ်ငန်းစဉ်အဆင့်တိုင်းတွင် မှန်ကန်စွာ ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက်နိုင်ခဲ့ကြခြင်းကြောင့် ဖြစ်ပါသည်။ ယခု လေ့လာတွေ့ရှိချက်တွင် နိုင်ငံအချင်းချင်း စုပေါင်းပြီး ပန်းတိုင်များကို အောင်မြင်ပြီးမြောက်စေရန် ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ကျွမ်းကျင်မှု မတူညီသည့် ပညာရှင်များကို အတူတကွ ပူးပေါင်းဆောင်ရွက်စေပြီး ဘာသာပြန်ဆိုခြင်းကို ကော်မတီဖွဲ့စည်းဆောင်ရွက်စေခြင်းတို့ ဖြစ်ကြပါသည်။

ဤတွင် မိမိတို့တိုင်းပြည်နိုင်ငံအတွင်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် ကော်မတီများနှင့် ပတ်သက်ပြီး မေးခွန်းပေါင်း မြောက်မြားစွာ ပေါ်ထွက်လာပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံတွင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် ကော်မတီများသည် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှု၊ သင့်တော်မှု ရှိပါသလား။ ကော်မတီ ဖွဲ့စည်းပုံများသည် ကိုလိုနီအုပ်ချုပ်ရေးစနစ်၊ ပါတီစုံဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်စနစ်၊ စစ်အုပ်ချုပ်ရေးစနစ် စသည် စနစ်အမျိုးမျိုးအောက်တွင် ပြောင်းလဲဖွဲ့စည်းခြင်းမပြုဘဲ ပုံသေတစ်သမတ်တည်း ဖွဲ့စည်းနိုင်ပါသလား။ ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများအား အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းတို့ကို လေ့လာစိစစ်အကဲဖြတ်သည့် လုပ်ငန်းစဉ်များ တည်ရှိပြီးဖြစ်ပါသလားစသည်ဖြင့် မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်လာစေပါသည်။ ဖော်ပြပါ မေးခွန်းများကို ယခုဆောင်းပါးတစ်ပုဒ်ဖြင့် အဖြေပေးရန် မဖြစ်နိုင်ပါ။ စာရေးသူအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် တည်ရှိနေသည့် လုပ်ငန်းစဉ်အမျိုးအစားများ၊ ဌာနဆိုင်ရာများ ဖွဲ့စည်းထူထောင်ခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်ကြသည့် အခြေအနေများ၊ မိမိတို့တိုင်းပြည်နိုင်ငံတွင် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ကြခြင်းကြောင့် ကောင်းကျိုး၊ ဆိုးကျိုးတို့ကို တွေ့ရှိသိမြင်သည့်အတိုင်း တင်ပြပါမည်။

မိမိတို့ တိုင်းပြည်နိုင်ငံတွင် ကော်မတီနှင့် ပတ်သက်သည့် ပြောစရာစကားလုံးများမှာ များပြားလှပါသည်။ “ကော်မတီ အမျိုးအစားများ အလွန်များပြားသည့်အတွက် ကော်မတီများကို လျှော့ချနိုင်ရန် ကော်မတီ ဖွဲ့စည်းဆောင်ရွက်ရမည်” ဟူ၍ပင် ပြောစမှတ်ပြုကြပါသည်။ အချို့တာဝန်ရှိသူများကလည်း “ကော်မတီ ဖွဲ့စည်းပြီးလျှင် ငါတို့တာဝန်ပြီး ပြီ။ နောက်ကျမှ ဘာပဲဖြစ်ဖြစ်ကွာ” ဆိုပြီး “မျက်နှာလွှဲ၊ ခဲပစ်” ပြောဆိုသံများကိုလည်း ကြားဖူးပါသည်။ “လူကြီးများပျင်းလျှင် ကော်မတီဖွဲ့ခြင်းဖြင့် ကစားကြသည်” ဟူ၍လည်း တစ်မျိုးမရိုးနိုင်အောင် ပြောစကားများ တည်ရှိနေပါသည်။ စာရေးသူအနေဖြင့် တင်ပြရမည်ဆိုပါလျှင် ယခုကဲ့သို့ ဖြစ်ပေါ်နေရခြင်းမှာ ကော်မတီဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်က ချမှတ်ပြဋ္ဌာန်းထားရှိသည် စံ၊ လုပ်ထုံးလုပ်နည်းများသည် အခြေအနေ၊ အချိန်အခါအရ ပြောင်းလဲကျင့်သုံးနိုင်ခြင်းမပြုဘဲ တစ်သမတ်တည်း အထိုင်များပြုလုပ်ထားခြင်းကြောင့် ဖြစ်ပါသည်။

မိမိတို့ တိုင်းပြည်နိုင်ငံတွင် အာဏာလုပ်ပိုင်ခွင့်နှင့် ရာထူးနေရာရရှိလာကြသည်နှင့် တစ်ပြိုင်နက် ကော်မတီပေါင်း မြောက်မြားစွာရှိ အရေးကြီးသော ရာထူးနေရာများကို ရယူလေ့ရှိကြပါသည်။ မိမိဖခင်၏ ပြောပြချက်အရ  “တာဝန်သိမှု၊ တာဝန်ယူမှုနှင့် တာဝန်ကို ပြီးမြောက်အောင်မြင်စေရန် ဆောင်ရွက်လိုသူ ဖြစ်ပါလျှင် ခေါင်းတစ်လုံးတည်းဖြင့် အိုးပေါင်းမြောက်မြားစွာကိုရွက်ထားရသည့်အတွက် ဇက်-လည်ပင်းသည် တောင့်ခံနိုင်မည်မဟုတ်ပါ။ ဟန်ပြသာ ဆောင်ရွက်နိုင်ပါမည်” နံနက်အစောပိုင်း သုဝဏ္ဏဘောလုံးကွင်း ပြင်ပပတ်လမ်းတွင် မိမိနှင့်အတူ လမ်းလျှောက်သည့် ဆရာကြီးတစ်ဦးက ပြောပြသည်မှာ “ဒီနိုင်ငံမှာက အာဏာလုပ်ပိုင်ခွင့်နှင့် ရာထူးနေရာရရှိလာလျှင် ကော်မတီများတွင် နေရာများရယူပြီး “ လေ - ရှယ်ယာနဲ့တောင် တော်တော်အလုပ်ဖြစ်တာ ကျောင်းဆရာရဲ့” ဟု ပြောပြပါသည်။  နံနက်ခင်းလမ်းအတူ လျှောက်သည့် ဆရာကြီးအချို့က စာရေးသူအား ကျောင်းဆရာဟု ခေါ်ဆိုကြပါသည်။

အကြမ်းအားဖြင့် ကော်မတီဖွဲ့စည်းခြင်းသည် ပေါ်လစီ (မူဝါဒ) များ ချမှတ်ရန်ဖြစ်ပြီး ချမှတ်လိုက်သည့် မူဝါဒများအရ ပေါ်ထွက်လာသည့် လုပ်ငန်းအမျိုးအစားများ အပေါ်မူတည်ကာ ဌာနဆိုင်ရာများအဖြစ် ဖွဲ့စည်းထူထောင်ပြီးလျှင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြစ်ပါသည်။ ပေါ်လစီချမှတ်ရာတွင် အခြေခံရမည့်အချက်များနှင့် လုပ်ငန်းများ စနစ်တကျ အောင်မြင်ပြီးမြောက်စေရန် ချဉ်းကပ်ပုံများကို ပုံတွင်ဖော်ပြထားပါသည်။ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အကြမ်းအားဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်ပါက (၁) ပင်မခေတ်ရေစီးကြောင်းအရ ပုံမှန် (Mainstream) လုပ်ငန်းများ၊ (၂) ပရိုဂရမ် (Programme) လုပ်ငန်းများ (၃) ပရောဂျက် (Project) လုပ်ငန်းများနှင့် (၄) အရေးပေါ် (Ad hoc) လုပ်ငန်းများ စသည်ဖြင့် ခွဲခြားနိုင်ပါသည်။

စာရေးသူအနေဖြင့် အကြံပြုတင်ပြလိုသည်မှာ မိမိတို့တိုင်းပြည်နိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ခုနှစ်အရ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါလျှင် ပင်မခေတ်ရေစီးကြောင်းအရ ပုံမှန်(Mainstream) လုပ်ငန်းများကို အစိုးရတစ်ရပ်၏ မဖြစ်မနေ ဖွဲ့စည်းထူထောင်ရမည့် ဝန်ကြီးဌာနများ၊ ဌာန (Department) များ ဖွဲ့စည်းထူထောင်ဆောင်ရွက်သင့်ပြီး ကျန်ဝန်ကြီးဌာနများ၊ ကော်မရှင်များ၊ အဖွဲ့အစည်းများအား ကော်မတီများက အများသဘောတူ ချမှတ်ထားရှိသည့်မူဝါဒများကို အခြေခံကာ ဖွဲ့စည်းသင့်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ကြရာတွင် နိုင်ငံတော်နှင့် ပြည်သူပြည်သားများအတွက် အကျိုးမဖြစ်ထွန်းစေဘဲ တစ်နည်းအားဖြင့် ကောင်းကျိုးရလဒ် ပေါ်ထွက်ခြင်း မရှိနိုင်စေမည့် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်းများကို ရှောင်ရှားကြပြီးလျှင် ခေတ်အဆက်ဆက်က လူတစ်ဦး၊ လူတစ်စု၊ အဖွဲ့တစ်ဖွဲ့အတွက်သာ အကျိုးဖြစ်ထွန်းစေနိုင်မည့် မလိုအပ်ဘဲ ကော်မတီများ ဖွဲ့စည်းတတ်သည့် အကျင့်ဆိုးများကို ပယ်ဖျောက်ကာ ထိရောက်ထက်မြက်ပြီး ရှင်းလင်းလွယ်ကူစေမည့် ပန်းတိုင်များကို ရရှိ၊ ရောက်ရှိစေရန် မဖြစ်မနေ ဖွဲ့စည်းဆောင်ရွက်ရမည့် ကော်မတီအမျိုးအစားများကိုသာ ဖွဲ့စည်းဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference: “How to make Planning by committee a success” , https://www.ft.com/content/3a024734-78b1-11ea-bd25-7fd923850377

Most Read

Most Recent