မြောက်အာဖရိကမှ စပိန်၏ ရွှေ့ပြောင်းနေထိုင်သူ ပြဿနာ

မြောက်အာဖရိကမှ စပိန်၏ ရွှေ့ပြောင်းနေထိုင်သူ ပြဿနာ
Photo:AP
Photo:AP
Published 23 May 2021
Ref:AFP

ယခုသီတင်းပတ်အစောပိုင်းက ရွှေ့ပြောင်းနေထိုင်သူ ၈,၀၀၀ ခန့်သည် မော်ရိုကိုနိုင်ငံမှ စပိန်နိုင်ငံ ဆယ်လ်တာမြို့သို့ ဝင်ရောက်လာခဲ့ပြီး ၎င်းတို့ထဲမှအများစုမှာ မြောက်အာဖရိကရှိ စပိန်နိုင်ငံပိုင် နယ်နိမိတ် သို့ရောက်ရှိရန် ရေကူးပြီး နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာကြသူများဖြစ်သည်။

ယင်းသို့ ရွှေ့ပြောင်းနေထိုင်သူများစွာ ဝင်ရောက်လာမှုသည် မော်ရိုကိုနှင့် စပိန်နိုင်ငံကြား တင်းမာမှုကို မြင့်တက်စေခဲ့ပြီး စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်သည် ပြင်သစ်နိုင်ငံ ပါရီမြို့တော်သို့သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းကာ နယ်စပ်ဒေသတစ်လျောက် စပိန်စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ဖြန့်ကျက်ချထားသည့် ဆယ်လ်တာမြို့ကို အစီအစဉ်မရှိဘဲ ရောက်ရှိလာခဲ့သည်။

ဆယ်လ်တာမြို့၏ တည်နေရာ

ဆယ်လ်တာမြို့သည် မြောက်အာဖရိကရှိ ကမ်းရိုးတန်းမြို့ဖြစ်ပြီး ၁၆ ရာစုကတည်းက စပိန်ကပိုင်ဆိုင်ခဲ့သည့် မြို့ဖြစ်သည်။

မော်ရိုကို ကန်းရိုးတန်းတွင် မီလီလာမြို့နှင့် စပိန်ပိုင်ဆိုင်သည့် အခြားနယ်မြေများကဲ့သို့ပင် ဆယ်လ်တာမြို့သည် မကြာသေးမီ နှစ်များအတွင်းက ဥရောပသို့ ဝင်ရောက်ရန် ကြိုးပမ်းနေကြသည့် မော်ရိုကိုနှင့်အာဖရိက  ဆာဟာရတိုက်ငယ်မှ ရွှေ့ပြောင်းနေထိုင်သူများအတွက် ဦးတည်ရာနေရာတစ်ခု ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်က ရွှေ့ပြောင်းနေထိုင်သူ ၂,၂၀၀ ခန့်သည် မော်ရိုကိုနိုင်ငံဘက်ခြမ်းမှ နယ်စပ်ခြံစည်းရိုးများကို ကျော်ဖြတ်ပြီး သို့မဟုတ် ရေကူးပြီး ဆယ်လ်တာနှင့် မီလီလာမြို့များသို့ ဝင်ရောက်ခဲ့ကြသည်။

လူဦးရေ ၈၅,၀၀၀ ခန့်နေထိုင်သည့် ဆယ်လ်တာမြို့သည် ကူးတို့သင်္ဘောများဖြင့် ကျဉ်းမြောင်းသည့်  ဂျီဘရော်တာ ရေလက်ကြားမှဖြတ်ပြီး စပိန်ပြည်မကြီးနှင့် ချိတ်ဆက်ထားသည်။

ဆယ်လ်တာမြို့၏ လက်ရှိအခြေအနေ 

ရွှေ့ပြောင်းနေထိုင်သူများသည် ယခင်ကတည်းက လူဦးရေအနည်းငယ်ဖြင့် နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လေ့ရှိခဲ့သော်လည်း ယခုသီတင်းပတ်အတွင်းမှာမူ ရွှေ့ပြောင်းနေထိုင်သူများ ထောင်နှင့်ချီဝင်ရောက်လာခဲ့သည်။  ၎င်းတို့သည် မော်ရိုကိုအာဏာပိုင်များ၏ ဟန့်တားမှုများကို ရှောင်ရှားပြီး နယ်စပ်ဒေသသို့ အရောက်လာနိုင်စွမ်းရှိခဲ့သည်။

ကလေးငယ်ဟုယူဆရသူ ၂,၀၀၀ အပါအဝင် လူ ၈,၀၀၀ ခန့်သည် မေ ၁၇ နှင့် ၁၈ ရက်တွင် ဆယ်လ်တာမြို့သို့ရောက်ရှိလာခဲ့ ပြီး ၎င်းတို့သည် နှစ်နိုင်ငံကြားမှရေပြင်ကို လှေငယ်များဖြင့်ဖြတ်ကူးပြီး သို့မဟုတ် ရေကူးပြီး ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် အာဖရိကဆာဟာရတိုက်ငယ်မှ ရွှေ့ပြောင်းနေထိုင်သူများဟုဆိုသော်လည်း အများစုမှာ မော်ရိုကိုနိုင်ငံသားများဖြစ်သည်။

စပိန်နိုင်ငံကမူ မေလ ၁၈ ရက်တွင် နယ်စပ်ဒေသသို့ စစ်သားများနှင့် သံချပ်ကာကားများ စေလွှတ်ခဲ့ပြီး ဆယ်လ်တာသို့ ရောက်ရှိလာသူများကို မော်ရိုကိုသို့ ပြန်လည်ပို့ဆောင်နေသည်။

ရွှေ့ပြောင်းဝင်ရောက်လာသူများထဲမှ လူငယ်တစ်ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီသည့်လူများမှာ ကိုယ်ပူရှိန် အလွန်အမင်းကျဆင်းမှုကြောင့် ဆေးဝါးကုသမှုခံယူခဲ့ရသည်ဟု ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။

အစုလိုက်အပြုံလိုက် ဝင်ရောက်မှု နောက်ကွယ်  

မော်ရိုကိုနိုင်ငံကမူ ၎င်း၏နယ်စပ်ထိန်းချုပ်မှုများကို အဘယ်ကြောင့် ဖြေလျှော့ပေးခဲ့သနည်းဆိုသည့် အချက်ကို နှုတ်ဆိတ်နေခဲ့သည်။ သို့သော်လည်း စပိန်နိုင်ငံသည် မော် ရိုကို စစ်သွေးကြွအဖွဲ့ခေါင်းဆောင် ဘရာဟင်ဂါလီကို စပိန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပေးပြီး ဆေးဝါးကုသခွင့်ပေးခဲ့မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု အများစုက ယူဆနေကြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မော်ရိုကိုအရာရှိနှစ်ဦးကမူ လူသိရှင်ကြား မှတ်ချက်ပေးခဲ့သည်။ ဂါလီဦးဆောင်သည့် ပိုလီဆာရီယိုတပ်ဦးအဖွဲ့သည်  ၁၉၇၀ ပြည့်နှစ်တွင် မော်ရိုကိုက သိမ်းယူခဲ့သည့် စပိန်၏ကိုလိုနီ လက်အောက်ခံဟောင်းဖြစ်သည့် အနောက်ဆာဟာရဒေသ လွတ်မြောက်ရေးအတွက်  တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

ဂါလီသည် ပြီးခဲ့သည့်လက စပိန်နိုင်ငံ လော့ဂရိုနိုမြို့ရှိ ဆေးရုံတစ်ရုံတွင် ဆေးဝါးကုသမှုခံယူခွင့်ရခဲ့မှုသည် မော်ရိုကိုအစိုးရအား ဒေါသထွက်စေခဲ့ပြီး ယင်းကဲ့သို့ ခွင့်ပြုမှုအတွက် အကျိုးဆက်များရှိလာလိမ့်မည်ဟု သတိပေးခဲ့သည်။

ကျွမ်းကျင်သူအချို့ကမူ ဂါလီ၏ အရေးသည် အနည်းငယ်သာဖြစ်ပြီး ပြီးခဲ့သည့်နှစ်က အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့် အစိုးရအဖွဲ့သည် အနောက်ဆာဟာရတွင် မော်ရိုကို၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုပေးခဲ့သကဲ့သို့ စပိန်အစိုးရကလည်း အသိအမှတ်ပြုပေးရန် မော်ရိုကိုနိုင်ငံက လိုလားနေသည်ဟု သုံးသပ်ခဲ့ကြသည်။

လက်ရှိ ရွှေ့ပြောင်းနေထိုင်သူ ပြဿနာ

စပိန်ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဆယ်လ်တာမြို့သို့ ဝင်ရောက်လာသူများအနက် ထက်ဝက်ခန့်ကို မော်ရိုကိုနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြခဲ့သည်။

စပိန်နှင့် မော်ရိုကိုနိုင်ငံကြား နှစ်ပေါင်း ၃၀ ကြာထားရှိခဲ့သည့် သဘောတူညီချက်အရ စပိန်အာဏာပိုင်များသည် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် အရွယ်ရောက်ပြီးသူများကို ပြန်လည်ပို့ဆောင်နိုင်သည်။

မေလ ၁၈ ရက်တွင် စပိန်စစ်သားများသည် ရွှေ့ပြောင်းနေထိုင်သူများကို နယ်စပ်သို့ ပြန်လည်သွားရောက်ရန် အမိန့်ပေးခဲ့ပြီး ရဲအရာရှိအချို့ကမူ ရွှေ့ပြောင်းနေထိုင်သူများကို လက်ကိုင်တုတ်များဖြင့် ခြောက်လှန့် မောင်းထုတ်ခဲ့ကြသည်။

စပိန်အစိုးရသည် အဖော်မပါဘဲရောက်ရှိလာသည့် ကလေးငယ်များကို ပြန်လည်ပို့ဆောင်ခြင်းမရှိကြောင်း ထွက်ဆိုထားသော်လည်း နယ်စပ်သို့ပြန်လည် ပို့ဆောင်ခံရသူများအနက် ကလေးသူငယ်များလည်းပါဝင်သည်ဟု ယင်းနေရာတွင်ရှိခဲ့သည့် အေပီသတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

အဖော်မပါဘဲ ရောက်ရှိလာသည့် ကလေးငယ်အများစုကို ကြက်ခြေနီအဖွဲ့ပိုင်ဆိုင်သည့် ယာယီနေထိုင်ရေးစခန်းတွင် ကွာရန်တင်းဝင်ခိုင်းခဲ့သည်။

စပိန်နိုင်ငံအတွက် ဂယက်ရိုက်မှုများ

ဆယ်လ်တာမြို့တွင်ဖြစ်ပွားနေသည့် အခြေအနေသည် ၂၀၀၂ ခုနှစ်ကတည်းက စပိန်နှင့်မော်ရိုကိုကြား တင်းမာမှုများဖြစ်ပွားစေခဲ့သည့် အချက်တစ်ခုဖြစ်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်းစပိန်သည် ကာနာရီကျွန်းစုအပါအဝင် ၎င်း၏တောင်ပိုင်း ကမ်းရိုးတန်းပေါ်တွင် ရွှေ့ပြောင်းနေထိုင်သူများ အစုလိုက်အပြုံလိုက်ရောက်ရှိလာသဖြင့် ၂၀၁၉ ခုနှစ်တွင် ပါလီမန်သို့ ဝင်ရောက်လာသည့် လက်ယာအစွန်းရောက် Vox ပါတီ၏ အတိုက်အခံလုပ်မှုကို အရှိန်မြင့်တက်လာစေခဲ့သည်။

Vox ပါတီက ဆယ်လ်တာမြို့တွင် ဖြစ်ပွားနေသည့် အခြေအနေအတွက်အစိုးရ၏ အရေးယူလုပ်ဆောင်ခြင်းမရှိမှုအပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး ၎င်းပါတီမှ ခေါင်းဆောင်များသည် မေလ ၁၈ ရက်တွင် ဆယ်လ်တာမြို့သို့ သွားရောက်ခဲ့သည်။

ဥရောပအပေါ် အကျိုးသက်ရောက်မှု

ဆယ်လ်တာမြို့၏ အခြေအနေကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဂရုတစိုက် စောင့်ကြည့်နေကြသည်။ ၂၀၁၅ ခုနှစ်က ဥရောပတွင် ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်း ဖြစ်ပွားခဲ့ပြီးကတည်းက ဥရောပသမဂ္ဂသည် မော်ရိုကို၊ တူရကီ၊ လစ်ဗျား အပါအဝင် နိုင်ငံများနှင့် သဘောတူညီမှုများ ပြုလုပ်ခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူများကို ပြန်လည်ပို့ဆောင်ခဲ့သည်။

ဥရောပသမဂ္ဂ၏ ပြည်တွင်းရေးရာ မဟာမင်းကြီး အီဗာဂျွန်ဟန်ဆင်ကမူ ဆယ်လ်တာမြို့အခြေအနေကို စိုးရိမ်မိကြောင်းနှင့် စပိန်နှင့် မော်ရိုကိုနယ်စပ်သည် ဥရောပသမဂ္ဂ၏ အပြင်ပိုင်းနယ်စပ်ဖြစ်ကြောင်း မှတ်ချက်ပြု ခဲ့သည်။ ထို့ပြင် မော်ရိုကိုနိုင်ငံအနေဖြင့်လည်း ရွှေ့ပြောင်းနေထိုင်သူများ တရားမဝင် ဝင်ရောက်နေမှုကို ဟန့်တားရန် ဂျွန်ဟန်ဆင်က တောင်းဆိုခဲ့သည်။

Most Read

Most Recent