ပါလက်စတိုင်းပဋိပက္ခနှင့် အစ္စရေး-အာရပ် ဆက်ဆံရေး အက်ကြောင်း

ပါလက်စတိုင်းပဋိပက္ခနှင့် အစ္စရေး-အာရပ် ဆက်ဆံရေး အက်ကြောင်း
Photo:AFP
Photo:AFP
Published 20 May 2021
Ref: AFP

အစ္စရေးနှင့်ပါလက်စတိုင်းကြား တိုက်ပွဲများဖြစ်ပွားနေပြီး တင်းမာမှုမြင့်တက်နေခြင်းသည် မကြာသေးမီက အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများကြား တိုးတက်လာသည့် ဆက်ဆံရေးကို အကျပ်ရိုက်စေခဲ့ပြီး အစ္စရေးနှင့် ယင်းပင်လယ်ကွေ့နိုင်ငံများကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်သည့် Abraham Accords သဘောတူညီချက်ကို အက်ကြောင်းထင်မည့် အလားအလာရှိနေသည်။

ရာမဒန်ဥပုပ်ကာလ ပြီးဆုံးချိန်နှင့်တိုက်ဆိုင်နေသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် အစ္စရေး၏ မိတ်ဘက် အာရပ်နိုင်ငံအသစ်များထံမှ ဝေဖန်ရှုတ်ချမှုများ ထွက်ပေါ်လာခဲ့သည်။

အစ္စရေးနှင့် ယူအေအီး၊ ဘာရိန်း၊ ဆူဒန်၊ မော်ရိုကိုတို့ကြား အလှည့်အပြောင်းတစ်ခုအဖြစ် ဆက်ဆံရေးများ ပုံမှန်ပြန်လည်ထူထောင်သည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် တစ်နှစ်မပြည့်မီ အချိန်မှာပင် ယင်းသဘောတူညီချက်များသည် အကျပ်အတည်းနှင့်ကြုံတွေ့ရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

“ အာရပ်နိုင်ငံတွေက ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေဟာ ပါလက်စတိုင်းတွေကို အပြည့်အဝ ဆက်လက်ထောက်ခံပေးတဲ့ ပြည်တွင်းနဲ့ ဒေသတွင်း အာရပ်ပရိသတ်တွေအတွက် ပြည်သူ့ဆက်ဆံရေးတစ်ခုအဖြစ် ရည်ရွယ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ အကျပ်အတည်း စီမံဖြေရှင်းရေးအဖွဲ့မှ ကျွမ်းကျင်သူ အယ်လ်ဟမ်ဖက်ခရိုက AFP သတင်းဌာနကို ပြောကြားခဲ့သည်။

Abraham Accords သဘောတူညီချက်သည် ဆယ်စုနှစ်များစွာကြာမြင့်သည့် အာရပ်များ၏ သဘောဆန္ဒကို ရိုက်ခတ်သွားခဲ့ပြီး နယ်နိမိတ်တောင်းဆိုမှုများကို လျော့ပါးမည့်အရေးကို စိုးရိမ်နေသည့် ပါလက်စတိုင်း ခေါင်းဆောင်များကမူ ယင်းသဘောတူညီချက်သည် သစ္စာဖောက်မှုဖြစ်ကြောင်း ရှုတ်ချခဲ့သည်။

ယခင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ ယင်းသဘောတူညီချက်သည် အရှေ့အလယ်ပိုင်းဒေသအသစ်၏ အာရုံဦးဖြစ်ပြီး ၎င်း၏ သားမက်ဖြစ်ပြီး အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဂျရက်ကုရှ်နာကမူ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို အိမ်၊ ခြံ၊ မြေ အငြင်းပွားမှုပြဿနာတစ်ခုမျှသာ လျှော့ချပြောဆိုခဲ့သည်။

သို့သော်လည်း ယခုအခါတွင် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခသည် နိုင်ငံတကာ မီဒီယာများပေါ်တွင် ခေါင်းကြီးပိုင်းသတင်းများအဖြစ် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

“Abraham Accords ဟာ ပါလက်စတိုင်းတွေ ရင်ဆိုင်နေရတဲ့ စစ်ရေးအရ သိမ်းပိုက်ခံရမှု၊ မြေနေရာ လက်လွတ်ဆုံးရှုံးရမှုတွေကို ဖြေရှင်းပေးနိုင်တဲ့ အခြေအနေမျိုးကို ဘယ်တုန်းကမှ ရည်ရွယ်ခဲ့ခြင်းမရှိပါဘူး” ဟု ဖက်ခရိုက ပြောကြားခဲ့သည်။

အစ္စရေးဆန့်ကျင်မှုများ တိုးမြင့်လာခြင်း

ဘာရိန်းနိုင်ငံတွင် ပါလက်စတိုင်းတို့အား ထောက်ခံသည့်ဆန္ဒပြမှုများ နေ့စဉ်ဖြစ်ပွားနေပြီး ဘာရိန်းနိုင်ငံခြားရေးဝန်ကြီး အဗ္ဗ ဒူလာတစ်ဖ် အယ်ဇာယာနီကလည်း ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြခဲ့သည်။

အင်တာနက်အသုံးပြုသူများကလည်း  ပါလက်စတိုင်းများ ဝတ်ဆင်သည့် လည်စည်းများကို ဝတ်ဆင်ကာ ဓာတ်ပုံများရိုက်ပြီး အင်တာနက်ပေါ်တွင်မျှဝေခဲ့ပြီး လူမှုအဖွဲ့အစည်းများကလည်း အစ္စရေးနှင့် ဆက်ဆံရေးများ ဖြတ်တောက်ရန် တောင်းဆိုခဲ့သည်။

လူမှုမီဒီယာအသုံးပြုမှုများကို တင်းကျပ်ထားသည့် ယူအေအီးနိုင်ငံတွင် အသုံးပြုသူများသည် အစ္စရေးတပ်ဖွဲ့များ၏ ရက်စက်မှုများနှင့် သိမ်းပိုက်မှုများကို ရှုတ်ချသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေခဲ့ကြသည်။

ဂါဇာကမ်းမြောင်ဒေသအတွင်းမှ အစ္စရေးနိုင်ငံအတွင်းသို့ ရော့ကတ်များပစ်ခတ်နေချိန်တွင် အဘူဒါဘီခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိသူများက ဂါဇာဒေသအတွင်းမှ ဟားမာ့စ်အဖွဲ့၏ အကြမ်းဖက်မှုသည် အစ္စလာမ်နိုင်ငံရေးနှင့် ပတ်သက်လာလျင် လုံးဝသည်းခံမှုမရှိသည့် ယူအေအီး၏ ပုံရိပ်ကို ထင်ဟပ်စေကြောင်း စွပ်စွဲခဲ့သည်။

Abraham Accords သဘောတူညီမှု ကြေညာချက်အပြီး ဝေဖန်မှုများစွာရှိခဲ့သည့် နေ့ရက်များအတွင်း မွတ်စလင်နိုင်ငံများမှ ထင်ရှားသည့် စော်ဘွားများသည် အာရဗီနှင့် ဟီဘရူး ဘာသာစကား ပေါင်းစည်းထားသည့် နှုတ်ဆက်စကားဖြစ်သည့် “Shalom Aleikum” ဆိုသည့်စကားလုံးကို Twitter ပေါ်တွင် ရေးသားခဲ့ကြသည်။

ဥရောပကောင်စီ၏ ပြည်ပဆက်ဆံရေး လေ့လာသူ ဟုချ် လိုဗက်ကမူ ယခုဖြစ်ပွားနေသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် အစ္စရေးနှင့် ဆက်ဆံရေးတွင် နှစ်ပေါင်းများစွာကြာ ငြိမ်သက်စွာ တိုးတက်ခဲ့သည့် ယူအေအီးနိုင်ငံအတွက် ပထမဆုံး စမ်းသပ်ချက်တစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ နေတန်ယာဟု (အစ္စရေးဝန်ကြီးချုပ်) ရဲ့ ရှုထောင့်အရဆိုရင် Abraham Accords ဟာ ပါလက်စတိုင်းတွေကို အစ္စရေးရဲ့ ဘေးမှာထားပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်အောင်လုပ်ဆောင်နိုင်မယ်ဆိုတဲ့ သူ့ရဲ့ ကာလကြာရှည် ယုံကြည်ချက်ကို သက်သေထူခဲ့တဲ့ သဘောပဲဖြစ်ပါတယ်” ဟု လိုဗက်က ပြောကြားခဲ့သည်။

“ ယူအေအီးဟာ ပါလက်စတိုင်းတွေအတွက် အစ္စရေးနဲ့ဆက်ဆံရေးကို အထိခိုက်ခံဖို့ ပြင်ဆင်ထားပါ့မလား။ လက်ရှိအချိန်မှာတော့ မဖြစ်နိုင်ဘူးလို့ ပြောရမှာပါပဲ” ဟု လိုဗက်က ပြောကြားခဲ့ပြီး ယူအေအီးနှင့် အစ္စရေးကြား နည်းပညာမိတ်ဖက်ဆက်ဆံမှုများနှင့် အမေရိကန်ထံမှ စစ်ဘက်ဆိုင်ရာ အကြီးစား စက်ပစ္စည်းများ ရရှိနေသည့်အချက်ကို ထောက်ပြခဲ့သည်။

“ အဲဒီလို အပြန်အလှန်အကျိုးစီးပွားတွေက အစ္စရေးနဲ့ ယူအေအီးကြား ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်မှုကို ထောက်ပံ့ပေးထားပြီး ပါလက်စတိုင်းပဋိပက္ခဟာ သူတို့ နှစ်နိုင်ငံဆက်ဆံရေးအတွက် လမ်းပေါ်မှာ ကားတွေကို အရှိန်လျှော့ဖို့ လုပ်ဆောင်ထားတဲ့ အသေးစားကုန်းလေးတစ်ခုသာဖြစ်ပြီး အခိုင်အမာကာရံထားတဲ့ အုတ်နံရံကြီးတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု လိုဗက်က ပြောကြားခဲ့သည်။

လက်ရှောင်၊ နှုတ်ဆိတ်မှုများ

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက Abraham Accords ကို လက်မှတ်ရေးထိုးပြီးနောက် ကမ္ဘာ့နိုင်ငံအသီးသီးသည် အစ္စလာမ်၏ အမြင့်မြတ်ဆုံး နေရာများတည်ရှိပြီး ဒေသတွင်း အင်အားကြီးမားသည့် ဆော်ဒီအာရေဗျနိုင်ငံ၏ သဘောထားကို စောင့်ကြည့်ခဲ့ကြသည်။

သို့သော်လည်း သဘောထားပြောင်းလဲမှုမရှိသည့် ဆော်ဒီသည် ပါလက်စတိုင်းပြဿနာနှင့်ပတ်သက်သည့် ကြေညာချက်မပါဘဲ အစ္စရေးနှင့် ဆက်ဆံရေးပုံမှန်ပြန်လည်ထူထောင်ရန် ငြင်းဆိုခဲ့သည်။

ဆော်ဒီဘုရင်ဆယ်မန်သည် ဂျေရုဆလင်တွင် အစ္စရေး၏ လုပ်ဆောင်ချက်များကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ပါလက်စတိုင်းဘက်မှ ရပ်တည်မည်ဟု ပြောကြားခဲ့သည်။

ယူအေအီး နိုင်ငံခြားရေးဝန်ကြီး ရှိတ် အဗ္ဗဒူလာ ဘင်ဇာယက် အယ်နာယန်ကမူ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို အလွန်စိုးရိမ်ကြောင်း၊ အပစ်ခတ်ရပ်စဲရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း အစ္စရေးကို ဝေဖန်ရန် နှုတ်ဆိတ်နေသည့် ယူအေအီး၏ ရပ်တည်ချက်သည် အစ္စရေးနှင့် ဆက်ဆံရေးနီးစပ်လာသည့် အခြားအာရပ်နိုင်ငံများအတွက် ပိုမိုအခက်တွေ့စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းနိုင်ငံများ၏ လူ့အဖွဲ့အစည်းသည် ပါလက်စတိုင်းတို့ကို ထောက်ခံနေခြင်းကြောင့် ဖြစ်သည်။

အစ္စရေးနှင့်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ပြီး အနောက်ဆာဟာရတွင် ၎င်း၏အချုပ်အခြာအာဏာကို အမေရိကန်၏ အသိအမှတ်ပြုခံခဲ့ရသည့် မော်ရိုကိုနိုင်ငံအနေဖြင့် အစ္စရေး-ပါလက်စတိုင်းပြဿနာတွင် စေ့စပ်ညှိနှိုင်းသည့်အခန်းကဏ္ဍက ပါဝင်သင့်သည်ဟု ရာဘက်တက္ကသိုလ်မှာ နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခ တာဂျက်ဒင်း ဟော့စနီက ပြောကြားခဲ့သည်။

ပြည်တွင်း၌ ပါလက်စတိုင်းထောက်ခံကြောင်း ဆန္ဒပြမှုများကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည့် မြောက်အာဖရိကနိုင်ငံ မော်ရိုကိုသည် အရှေ့ဂျေရုဆလင်တွင် အစ္စရေးတပ်ဖွဲ့များ၏ လုပ်ရပ်များကို ဝေဖန်ရှုတ်ချခဲ့သည်။

“ မော်ရိုကိုအနေနဲ့ ကြားဝင်စေ့စပ်မှု မလုပ်ဘူးဆိုရင် အစ္စရေးနဲ့ ဆက်ဆံရေးမပျက်ဖို့ ဒီပြဿနာကို လက်ရှောင်သွားဖွယ် ရှိနေပါတယ်” ဟု ဟော့စနီက ပြောကြားခဲ့သည်။

အမေရိကန်၏ အကြမ်းဖက်မှုအား ထောက်ခံသည့်နိုင်ငံများစာရင်းမှ ပယ်ဖျက်ခွင့်ရရန် အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ခဲ့သည့် ဆူဒန်နိုင်ငံကမူ အစ္စရေးကို ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှု သံသရာလည်နေလိမ့်မည်ဟု သတိပေးခဲ့သည်။

“ အစ္စရေးရဲ့ မဟာဗျူဟာအလုံးစုံဟာ Abraham Accords သဘောတူညီချက်နဲ့ ပါလက်စတိုင်းပြဿနာကို သက်ဆိုင်မှု မရှိစေဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာတော့ အစ္စရေးရဲ့ အမှားတွေကြောင့် Abraham Accords နဲ့ ပါလက်စတိုင်းပြဿနာဟာ ထိတ်တိုက်တွေ့လာခဲ့ပါတော့တယ်” ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အဆင့်မြင့် နိုင်ငံတကာလေ့လာရေးကျောင်းမှ ပါမောက္ခ ဗာလီနက်ဆာက Twitter တွင် ရေးသားခဲ့သည်။

Most Read

Most Recent