စီးပွားရေး အကျပ်အတည်းကြောင့် ထိခိုက်ခဲ့သော လက်ဘနွန် ပညာရေးစနစ်

စီးပွားရေး အကျပ်အတည်းကြောင့် ထိခိုက်ခဲ့သော လက်ဘနွန် ပညာရေးစနစ်
Photo:AFP
Photo:AFP
Published 18 May 2021
Ref: AFP

လက်ဘနွန်နိုင်ငံ အရှေ့ဘက်ပိုင်းရှိ ဆီးရီးယားဒုက္ခသည်များအတွက် စခန်းတစ်ခု တွင်မိုဟာမက်နှင့် ၎င်း၏အမသုံးဦးတို့သည် အွန်လိုင်းမှ ပညာသင်ယူမှုစနစ်နှင့် အလှမ်းကွာဝေးနေသောကြောင့် သုံးနှစ်ဆက်တိုက် ပညာရေးနှင့် ဝေးကွာနေမည်ကို စိုးရိမ်ပူပန်နေကြသည်။

“ကျွန်တော့်ဖုန်းကိုကြည့်ကြပါဦး။ ဒီအခြေအနေမှာ ကျွန်တော့်သား ပညာသင်ယူနိုင်ဖို့ ဘယ်လိုမျှော်လင့်နေရမှာဦးမှာလဲ။ ဖုန်းမျက်နှာပြင်က ကွဲနေရုံတင်မကဘူး ကျွန်တော်တို့မှာ အင်တာနက်လဲ မရှိပါဘူး” ဟု ဘီကာတောင်ကြားရှိ မိသားစုတဲအိမ်လေးအတွင်းမှ ခြေထောက်ချိတ်ထိုင်နေသော မိုဟာမက်၏ ဖခင်ဖြစ်သူ အက်ဘ်ဒဲလ် နက်ဆာက ပြောကြားခဲ့သည်။

အသက် ၁၁ နှစ်အရွယ် မိုဟာမက်နှင့် ၎င်း၏ မွေးချင်းများမှာ သောင်းနှင့်ချီသည့် ဆီးရီးယား၊ လက်ဘနွန်နှင့် ပါလက်စတိုင်းကလေးငယ်များတွင် အပါအဝင်ဖြစ်ပြီး ၎င်းတို့သည် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များကြောင့် လပေါင်းများစွာ စာသင်ယူနိုင်ခြင်းမရှိပေ။

စီးပွားရေး အကျပ်အတည်း မြင့်တက်လာခြင်းသည် ကပ်ရောဂါမတိုင်မီ ပညာသင်ယူခွင့်ရရှိရန် ရုန်းကန်နေကြရသော ဒုက္ခသည်များအတွက် ကျောင်းပြန်တက်နိုင်ခြေ မရှိသည့် သဘောသက်ရောက်နေပြီး လူ့အခွင့်အရေးအဖွဲ့များကမူ ပညာရေးပိုင်းဆိုင်ရာ ကပ်ဘေးတစ်ရပ်ဖြစ်သည်ဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။

“ကျွန်မတို့တွေ ကလေးတွေအတွက် ဆဲလ်ဖုန်း ဝယ်ပေးဖို့မတတ်နိုင်ပါဘူး။ သူတို့ကို ပုံမှန်အစားအစာကျွေးနိုင်ဖို့က ဦးစားပေး ကိစ္စဖြစ်ပါတယ်” ဟု မိုဟာမက်၏ မိခင် ရှာမားက ပြောကြားခဲ့သည်။

ဆီးရီးယားတွင် ဆက်တိုက်ဖြစ်ပွားနေသော ပဋိပက္ခအတွင်း လူပေါင်း ၃၈၈,၀၀၀ သေဆုံးပြီး လူပေါင်းသန်းချီ အိုးအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည့် ၂၀၁၂ ခုနှစ်တွင် မိုဟာမက်သည် ဆီးရီးယားမှ လက်ဘနွန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

လက်ဘနွန်၏ ပြည်သူ့ကျောင်းစနစ်၌ ၂၀၁၃ ခုနှစ်မတိုင်မီအထိ ဆီးရီးယားဒုက္ခသည်များအတွက် ဖွင့်လှစ်ပေးထားခြင်း မရှိသောကြောင့် မိုဟာမက်သည် ၂၀၁၉ ခုနှစ် မတိုင်မီအထိ ကျောင်းတက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ နောက်ပိုင်းတွင်လည်း အရေအတွက် အကန့်အသတ်ဖြင့်သာ ကျောင်းတက်ရောက်ခွင့်ပြုခဲ့သည်။

မိုဟာမက်၏ပထမဆုံး စာသင်နှစ်သည် COVID-19 ကပ်ရောဂါ ဖြစ်ပွားချိန်နှင့် တိုက်ဆိုင်နေပြီး စာသင်နှစ် ဒုတိယနှစ်ဝက်တွင် စာသင်ကျောင်းများအားလုံးကို ပိတ်ထားခဲ့သည်။

“သူ(မိုဟာမက်)က တစ်နဲ့တစ်မြှောက်ရင် ဘယ်လောက်ရလဲဆိုတာတောင် မသိရှာဘူး” ဟု ၎င်း၏ဖခင်က ဆိုသည်။

အလွန်ဆိုးရွားသည့်အခြေအနေ

မိုဟာမက်၏အမများဖြစ်သော အသက် ၁၂ မှ ၁၄ နှစ်အရွယ်ရှိ ဟင်၊ ဆာရာနှင့် အေမယ်တို့သည် လေးနှစ်ကြာ ကျောင်း တက်ရောက်သင်ကြားခဲ့ကြပြီး ပညာရေးဝန်ကြီးဌာနက၂၀၂၀ ခုနှစ် မတ်လ၌ အွန်လိုင်းမှ စာသင်ကြားမှုပုံစံ ပြောင်းလဲမည်ဟု ထုတ်ပြန်ခဲ့သည်။

“အဲ့အချိန်မတိုင်ခင်က သမီးအလွန်ပျော်ရွှင်ခဲ့ပါတယ်။ သမီး အာရပ်၊ အင်္ဂလိပ်၊ သိပ္ပံနှင့် ပထဝီဘာသာရပ်တွေကို သင်ယူခဲ့တယ်” ဟု အသက် ၁၄ နှစ်အရွယ် အေမယ်က ပြောကြားခဲ့သည်။

“ ဒါပေမဲ့ အခုတော့ သမီးမိဘတွေက သမီးကို အွန်လိုင်းကနေ စာသင်ပေးဖို့ မတတ်နိုင်တော့ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

လက်ဘနွန်တွင် လွန်ခဲ့သည့်နှစ် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ချိန်ကတည်းက ကလေး ၁.၂ သန်းကျော်တို့သည် စာသင်ကျောင်းနှင့် ဝေးကွာခဲ့သည်ဟု ဗြိတိန်အခြေစိုက် Save the Children ပရဟိတအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကလေးများသည် ကျောင်းနှင့် အလွန် အလှမ်းဝေးကွာသွားခြင်း သို့မဟုတ် ၎င်းတို့၏မိသားစုများက ကလေးများကို ကျောင်းအပ်နှံရန်မတတ်နိုင်ခြင်းတို့ကြောင့် ကလေးအများအပြားသည် စာသင်ခန်းသို့ ပြန်လာနိုင်လိမ့်မည် မဟုတ်ကြောင်း ယင်းအဖွဲ့က လွန်ခဲ့သည့်လက သတိပေးခဲ့သည်။

“လက်ဘနွန်မှာရှိတဲ့ ထောင်နဲ့ချီတဲ့ ကလေးတွေရဲ့ ပညာရေးကတော့ အလွန်ဆိုးရွားတဲ့အခြေအနေ ရောက်နေပါတယ်” ဟု ၎င်းက ဆိုသည်။

၁၉၇၅-၁၉၉၀ ခုနှစ်အတွင်း ပြည်တွင်းစစ်ဖြစ်ပွားချိန်ကတည်းက လက်ဘနွန်နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းသည် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေပြီး လက်ရှိအချိန်တွင် လူဦးရေ၏ထက်ဝက်ကျော်သည်  ဆင်းရဲချို့တဲ့စွာ နေထိုင်နေကြသည်။

ဆီးရီးယားနိုင်ငံသားများအကြား ဆင်းရဲမွဲတေနှုန်းမှာပိုမိုမြင့်မားနေပြီး မိသားစုများ၏ ၉၀ ရာခိုင်နှုန်းမှာ အသက်ရှင်သန်နိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်။

ယင်းကဲ့သို့ ဆင်းရဲမွဲတေမှုသည် ပညာရေးကို အကျိုးသက်ရောက်မှု ရှိနေသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ၏တာဝန်ရှိသူ လီဆာ အဘော့ ခါလစ်က ပြောကြားခဲ့သည်။

“အချို့ ဆီးရီးယား ကလေးတွေက သူတို့ရဲ့ ပညာရေးကို စွန့်လွှတ်ပြီး မိသားစုဝင်တွေကို ကူညီဖို့ အလုပ်လုပ်နေကြရတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆီးရီးယားကျောင်းသား ၂၅,၀၀၀ သည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် တစ်တန်းတက်ရောက်ရန် ကျောင်းအပ်နှံသင့်သော်လည်း လာရောက်အပ်နှံခြင်းမရှိဟု လက်ဘနွန်ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်အချက်အလက်များတွင ်ရည်ညွှန်း၍ လီဆာက ပြောကြားခဲ့သည်။

“အမှန်တကယ် ကျောင်းအပ်နှံသင့်တဲ့ ကလေးအရေအတွက်က ပညာရေးဝန်ကြီးဌာနက ထုတ်တဲ့အရေအတွက်ထက် ပိုများနေမယ်လို့ ကျွန်မထင်ပါတယ်” ဟု ၎င်းက ထပ်မံပြောကြားလျက် လက်ရှိတွင် ဆီးရီးယား ကျောင်းနေအရွယ်ကလေးများ၏ ထက်ဝက်ကျော်သည် ကျောင်းတက်ရောက်နိုင်ခြင်း မရှိဟု ခန့်မှန်းထားသည်။

စိတ်ပျက်ဖွယ်ကောင်းခြင်း

၂၀၁၉ ခုနှစ်တွင် စီးပွားရေးအကျပ်အတည်း ကျရောက်ချိန်ကတည်းက အလုပ်အကိုင် ဆုံးရှုံးခဲ့သော သို့မဟုတ် ဝင်ငွေသိသိသာသာ လျော့ကျခဲ့သော သောင်းနှင့်ချီသည့် လက်ဘနွန်နိုင်ငံသားများအတွက် ပညာရေး ကပ်ဘေးသည် အမှန်တကယ် ကျရောက်နေသည်။

ဘေရွတ်မြို့တော်အရှေ့ပိုင်းရှိ ဘာ့ဂျ် ဟမ်မွတ် ဆင်ခြေဖုံးရှိ ကျဉ်းကျဉ်းကျုတ်ကျုတ် တိုက်ခန်းတစ်ခုတွင် အသက် ၁၁ နှစ်အရွယ် ပါမယ်လာသည် ကွန်ပျူတာကီးဘုတ်တစ်ခုကို ညွှန်ပြနေသည်။ ယင်းကွန်ပျူတာကီးဘုတ်သည် လွန်ခဲ့သည့်နွေရာသီက ဘေရွတ်ဆိပ် ကမ်းပေါက်ကွဲမှုကြီးအတွင်း ပျက်စီးခဲ့သည့် စားပွဲတင်ကွန်ပျူတာမှ ကျန်ရှိခဲ့သည့် တစ်ခုတည်းသောပစ္စည်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လ ၄ ရက်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြီးအတွင်း လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး နေအိမ်အများအပြားပျက်စီးခဲ့ကာ ယင်းပျက်စီးခဲ့သည့်အိမ်များတွင် ပါမယ်လာ၏အိမ်လည်းအပါအဝင် ဖြစ်သည်။

လက်ဘနွန်နိုင်ငံသုံး ငွေကြေးတန်ဖိုး လျော့ကျနေသည့်အတွက် နေအိမ်တစ်လုံး အစားထိုးဝယ်ယူရန် စျေးမြင့်တက်နေသောကြောင့် အိမ်ဝယ်ရန်မတတ်နိုင်ကြောင်း ပါမယ်လာက ပြောကြားခဲ့သည်။

“ အဲ့ဒါကြောင့် သမီးရဲ့ဆဲလ်ဖုန်းကနေ သင်ခန်းစာတွေကို စတင်သင်ယူပါတယ်။ အမြင်အာရုံ မကောင်းတာကြောင့် မျက်နှာပြင် သေးသေးလေးက စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်”ဟု ၎င်းက ဆိုသည်။

သို့သော် တစ်နေ့လျှင်မီး ၁၈ နာရီကြာ ပျက်နေသည့်အတွက် ဖုန်းအားရှိရန်နှင့် အင်တာနက်ချိတ်ဆက်နိုင်ရန် ရုန်းကန်နေရသ ဖြင့် နောက်ဆုံးတွင် လက်လွှတ်လိုက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

“အွန်လိုင်းပညာရေးက အလွန်စိတ်ပျက်ဖို့ကောင်းပါတယ်။ သမီး ဆက်မလုပ်နိုင်တော့ဘူး” ဟု ပြောကြားခဲ့သည်။

သို့သော် ပါမယ်လာသည် ကျောင်းပြန်တက်မည့် ၎င်း၏အိပ်မက်ကို အပြည့်အဝ မစွန့်လွှတ်သေးပေ။

“သမီးကျောင်းတက်ချင်ပါတယ်။ အဲ့ဒါမှသာ နောက်ပိုင်းမှာ သင့်တင့်လျောက်ပတ်တဲ့အလုပ်တစ်ခုကို ရနိုင်လို့ပါ။ အဲ့ဒီအခါကျရင် မိဘတွေကိုလည်းကူညီနိုင်မှာပါ” ဟု ပါမယ်လာက ပြောကြားခဲ့သည်။

Most Read

Most Recent