COVID-19 နှင့် သတင်းအမှားများ

COVID-19 နှင့် သတင်းအမှားများ
Photo:AFP
Photo:AFP
Published 18 May 2021
မြတ်သက်မှူးကို

နှာခေါင်းပေါက်ထဲသို့ သံပုရာရည် အနည်းငယ် ညှစ်ထည့်လိုက်လျှင် ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်လိမ့်မည်ဟု အမျိုးသားတစ်ဦးက ပြောကြားနေသည့် ဗီဒီယိုဖိုင်တစ်ခု WhatsApp လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်။

“ကျွန်တော်ပြောတဲ့အတိုင်း ခင်ဗျားတို့ယုံယုံကြည်ကြည်နဲ့ လိုက်လုပ်မယ်ဆိုရင် ငါးစက္ကန့်အတွင်း ခင်ဗျားကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျောက်သွားလိမ့်မယ်။ဒီသံပုရာသီးတစ်လုံးက ကာကွယ်ဆေးလိုပဲ ဗိုင်းရပ်စ်မကူးစက်နိုင်အောင် ကာကွယ်ပေးလိမ့်မယ်” ဟု ယင်းဗီဒီယိုတွင် ဘာသာရေးဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးကပြောကြားနေသည်။

ဗိုင်းရပ်စ် ကူးစက်ခံရသူများကို မှားယွင်းသည့် ကုသနည်းများ၊ ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများအပေါ် ကြောက်မက်ဖွယ်ဇာတ်ကြောင်းများအပြင် အစိုးရအပေါ်မယုံသင်္ကာဖြစ်မှုများ၊ လူမှုမီဒီယာမှတစ်ဆင့် အခြားနိုင်ငံများတွင်ပျံ့နှံ့နေသော ကောလာဟလများအပေါ် ယုံကြည်နေမှုများသည် အိန္ဒိယနိုင်ငံ၏ကျန်းမာရေး အကျပ်အတည်းအပေါ်များစွာ ရိုက်ခတ်မှုရှိနေသည်။

“မှားယွင်းတဲ့သတင်းအချက်အလက်တွေက လိုတာထက်ပိုများနေတဲ့အခါ အထိတ်တလန့်ဖြစ်မှုတွေက ပိုမိုမြင့်တက်လာနိုင်ပါတယ်”ဟု အိန္ဒိယရှိ လွတ်လပ်သော သတင်းအချက်အလက်စစ်ဆေးမှု အဖွဲ့အစည်းဖြစ်သည့် Face Crescendo ၏ တွဲဖက်တည်ထောင်သူ ရာဟူးနမ်ဘူရီက ဆိုသည်။

သံပုရာရည်နှင့် ကုသမှုများသည် အန္တရာယ်မဖြစ်နိုင်သည့်ပုံစံမျိုး တွေ့ရသော်လည်း လူအများအနေဖြင့် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုမပြုလျှင် သို့မဟုတ် ချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာမှုမရှိလျှင်အသက် သေဆုံးစေနိုင်သည့် အကျိုးသက်ရောက်မှုများ အထိဖြစ်ပေါ်စေနိုင်သည်။

“ပြီးခဲ့တဲ့ သီတင်းပတ်လောက်က ကျွန်မမြင်တွေ့ ကြားသိခဲ့ရတဲ့ ၀ါဒဖြန့်တာတွေ၊ သတင်းမှားတွေ၊ ယူဆချက်တွေ အားလုံးဟာအလွန့်အလွန် နိုင်ငံရေးဆန်နေပါတယ်”ဟု အိန္ဒိယနိုင်ငံ၏ သတင်းမှားများအကြောင်း လေ့လာနေသည့် အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားနိုင်ငံရေးဆိုင်ရာ သိပ္ပံတက္ကသိုလ်မှ ဆူမီတြာဘက်ရီနာသန်က ဆိုသည်။

“အချို့လူတွေက အစိုးရကိုဝေဖန်ဖို့  သတင်းမှားတွေကို အသုံးပြုနေချိန်မှာအချို့ကတော့ အစိုးရကိုထောက်ပံ့နိုင်ဖို့သတင်းမှားတွေကို အသုံးပြုနေကြတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

အနောက်နိုင်ငံမှ ကာကွယ်ဆေးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအပေါ် အယုံကြည်ကင်းမဲ့မှုများသည် အယောင်ဆောင် ကုသနည်းများနှင့် ပတ်သက်၍ သတင်းမှားများထွက်ပေါ်လာစေနိုင်သည်။

အထင်ကရ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့်အပြင် နိုင်ငံရေးသမားဟောင်းဖြစ်သည့် ဗီဂျေးဆန်ကက်ရှ်ဝါက နှာခေါင်းပေါက်အတွင်း သံပုရာရည်နှစ်စက်ထည့်ခြင်းသည် ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်အဆင့်ကို မြင့်တက်စေလိမ့်မည်ဟုဆိုသည်။

ဗီတာမင်စီသည် လူ့ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်အတွက် လိုအပ်သည်ဆိုသော်လည်း သံပုရာသီးများအား စားသုံးခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်သည်ဟူသည့် သက်သေအထောက်အထားမရှိပေ။

“ခင်ဗျားတို့အနေနဲ့ နေ့တိုင်းသံပုရာရည် သောက်မယ်ဆိုရင်တော့ ခင်ဗျားတို့တွေ ဗိုင်းရပ်စ်ကူးစက်ခံရမှာမဟုတ်ပါဘူး” ဟု အိန္ဒိယတွင် မိသားစုဝင်များ၊ဆွေမျိုးများရှိသည့် အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ကလင်တန်မြို့တွင်နေထိုင်သူ အမ်မာဆန်းချက်စ်က ပြောကြားခဲ့သည်။

မျိုးမပွားနိုင်ခြင်း ကောလာဟလ

COVID-19 ကာကွယ်ဆေးများသည် မျိုးမပွားနိုင်မှု ဖြစ်ပေါ်စေနိုင်သည်ဟူသည့် သတင်းမှားများကြောင့် အမေရိကန်နိုင်ငံသားများသည် ကာကွယ်ဆေးထိုးနှံရန် တွန့်ဆုတ်နေကြသဖြင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက လူမှုမီဒီယာတွင်မြင်တွေ့သည့် သတင်းတိုင်းမယုံကြည်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

Facebook တွင် ပျံ့နှံ့နေသော သတင်းအမှားများထဲမှတစ်ခုမှာ ကာကွယ်ဆေးထိုးနှံခဲ့သည့် အမျိုးသားများသည် လိင်ဆက်ဆံမှုမှတစ်ဆင့် ကာကွယ်ဆေးမထိုးနှံရသည့်အမျိုးသမီးများကို သား၊သမီးမထွန်းကားနိုင်ရန် ပြုလုပ်နိုင်သည်ဟူ၍ ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံခဲ့သူများ၏ ၉၇ ရာခိုင်နှုန်းသည် မျိုးမပွားနိုင်တော့ဘဲ ကာကွယ်ဆေးများသည် မျိုးဆက်တစ်ခုလုံးအား မြုံသွားစေနိုင်သည်ဟူသည့် သတင်းအမှားများ ထွက်ပေါ်လာခဲ့သည်။

ကာကွယ်ဆေး ထိုးနှံမှုနှေးကွေးနေချိန်တွင် ယင်းကဲ့သို့ သတင်းအမှားများသည် အမေရိကန်တွင် အုပ်စုလိုက် ကိုယ်ခံအားရရှိစေရန် ရည်ရွယ်ထားသည့် သမ္မတဂျိုးဘိုင်ဒင်အစိုးရ၏ ရည်ရွယ်ချက်ကို ခြိမ်းခြောက်နေပေသည်။

ကာကွယ်ဆေးမထိုးနှံရသေးသည့် လူထက်ဝက်ခန့်ကမူ ၎င်းတို့သည် အနာဂတ်တွင် မျိုးပွားမှုနှင့်ပတ်သက်၍ မကောင်းသည့်သက်ရောက်မှု ရှိလာမည်ကို စိုးရိမ်ပူပန်နေသောကြောင့် ကာကွယ်ဆေးမထိုးနှံခြင်း ဖြစ်ကြောင်းပြောကြားခဲ့ကြသည်ဟု Kaiser Family ဖောင်ဒေးရှင်းမှ ပြည်သူ့အမြင်နှင့် သုတေသနလေ့လာရေးအဖွဲ့၏ တွဲဖက်ညွှန်ကြားရေးမှူး အက်ရှ်လေကာဇင်ဂါက ပြောကြားခဲ့သည်။

လက်ဖွဲ့အဆောင်များဖြင့် ကာကွယ်ခြင်း

ထိုင်းနိုင်ငံရှိ တက္ကစီယာဉ်မောင်းတစ်ဦးသည် ဘုရားရှိခိုးပြီးနောက် လက်ဖွဲ့အဆောင်များချိတ်ဆွဲထားသည့် ဆွဲကြိုးတစ်ကုံးအား လည်ပင်းတွင်ဝတ်ဆင်ခဲ့ပြီးနောက် အလုပ်တာဝန်များကို စတင်လုပ်ဆောင်ခဲ့သည်။  ယင်းလက်ဖွဲ့အဆောင်သည် ၎င်းအားကိုရိုနာဗိုင်းရပ်စ် မကူးစက်ခံရအောင် ဘာသာရေးအရ ကာကွယ်ပေးနိုင်မည်ဟု ခံယူထားသောကြောင့် ဖြစ်သည်။

ဘန်ကောက်မြို့တော်ရှိ အသက် ၆၅ နှစ်အရွယ် ထိုတက္ကစီယာဉ်မောင်းသည် နေ့စဉ်နေ့တိုင်း ခရီးသွားများနှင့် ထိတွေ့နေရပြီး ကူးစက်မှုတတိယလှိုင်းနှင့် ကြုံတွေ့နေရချိန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရမည်ကို စိုးရိမ်ပူပန် နေသည်။

“ကျွန်တော်နေ့တိုင်း ဒီလက်ဖွဲ့အဆောင်လေးမှာ ဆုတောင်းတယ်။ကျွန်တော့်အနားကို ဗိုင်းရပ်စ်မရောက်လာဖို့ပေါ့။ ဒီအဆောင်လေးက ကျွန်တော့်ကို ဗိုင်းရပ်စ်မကူးစက်နိုင်အောင် ကာကွယ်ပေးပြီး ကျန်းမာရေးကောင်းစေလိမ့်မယ်လို့ ကျွန်တော်တကယ်ယုံကြည်ပါတယ်” ဟု၎င်းကဆိုသည်။

ဗုဒ္ဓဘာသာဝင်အများစုဖြစ်သည့် ထိုင်းနိုင်ငံတွင် နက်ရှိုင်းစွာအယူသီးသည့် ယဉ်ကျေးမှုတစ်ရပ်ရှိပြီး ကံကောင်းမှုများသည် မန်းမှုတ်ထားသောပစ္စည်းများမှ တစ်ဆင့်မိမိထံ ရောက်ရှိလာကြမည်ဟု နက်နဲစွာခံယူ ထားကြသည်။

လက်ဖွဲ့အဆောင်များမှာ သေးငယ်သည့် ဗုဒ္ဓရုပ်ပွားတော်သို့မဟုတ် ပလတ်စတစ်နှင့် ဖုံးအုပ်ထားသော ရှုပ်ထွေးသည့်ပန်းပု လက်ရာတစ်ခု စသည်ဖြင့်မျိုးစုံရှိသည်။

“ကျွန်တော့်တက္ကစီထဲမှာ ယုံကြည်သက်ဝင်မှု အကာအကွယ်မရှိတာထက် အဆောင်ရှိနေတာက ဗိုင်းရပ်စ်မကူးစက်အောင် ကာကွယ်ပေးနိုင်တယ်ဆိုပြီး ပိုပြီးယုံကြည်မှုရှိစေပါတယ်။တက္ကစီထဲက အဆောင်တွေအားလုံးရဲ့ တန်ဖိုးကဘယ်လောက်ဖြစ်ဖြစ် ကျွန်တော်ဂရုမစိုက်ပါဘူး” ဟု၎င်းကပြောကြားခဲ့သည်။

ပန်ဆေးဗေးနီးယားတက္ကသိုလ်မှ သုတေသီဘက်ရီနာသန်က အွန်လိုင်းပေါ်မှသတင်းအမှားများသည် ထိခိုက်စေလိုသည့်ကြိုးပမ်းမှုမရှိသော အန္တရာယ်ဖြစ်စေနိုင်မည်ကိုမသိသည့် အိမ်နီးချင်းနိုင်ငံ တစ်ခုခုမှထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“အင်တာနက်အသုံးပြုသူအသစ်တွေဟာ ဒီသတင်းတွေကို မှားနေတယ်ဆိုတာတောင်မသိကြပါဘူး။ သတင်းအမှားဖြစ်စဉ်တစ်ရပ်လုံးက သူတို့အတွက်သတင်းအသစ် တစ်ရပ်လိုပါပဲ” ဟု၎င်းကဆိုသည်။

“သတင်းအမှားတွေက လူတွေကိုကာကွယ်ဆေးထိုးနှံဖို့၊ ဆရာဝန်ရဲ့အကူအညီကိုရယူဖို့ ဒါမှမဟုတ် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်တဲ့ အခြေအနေကို လျှော့မတွက်ဖို့ စတဲ့အခြေအနေတွေ မလုပ်နိုင်စေဖို့ဟန့်တားစေနိုင်ပါတယ်” ဟု Fact Crescendo မှ နန်ဘူရီက ပြောကြားခဲ့သည်။

Most Read

Most Recent