ကျောက်တော်တောင်ဘုရားပွဲနှင့် ရေပေါ်သင်္ကြန်

ကျောက်တော်တောင်ဘုရားပွဲနှင့် ရေပေါ်သင်္ကြန်
ကျောက်တော်တောင်ဘုရားကို အဝေးမှ ဖူးတွေ့ရစဉ်
ကျောက်တော်တောင်ဘုရားကို အဝေးမှ ဖူးတွေ့ရစဉ်
Published 16 May 2021
ပွင့်သစ် (တမန်းသား)

ကျောက်တော်တောင် ဘုရားပွဲလို့ပြောလိုက်တာနဲ့ ရခိုင်ဒေသ ပြည်သူတွေအပြင် ရခိုင်အားလုံးက စိတ်ဝင်တစားရှိကြတယ်။ ဒီဘုရားပွဲတော်ဟာ ရခိုင်ပြည်နယ်အတွင်းမှာ စည်ကားတဲ့ပွဲတစ်ခုဖြစ်သလို ပျော်စရာလည်း ကောင်းလှပါတယ်။ ကျောက်တော်ဆိုတာဟာလည်း ဘုရားရှင်ကိုယ်တိုင် ကောင်းကင်ခရီးနဲ့ ကြွရောက်ခဲ့စဉ် ဆင်းသက်ရပ်တန့်တော်မူခဲ့တဲ့တောင် ဖြစ်တယ်လို့လည်း သမိုင်းအရ သိရပါတယ်။

ကျောက်တော်တောင်ဘုရားပွဲကို မကျင်းပဖြစ်တာ နှစ်နှစ်တောင်ရှိခဲ့ပြီဖြစ်ပါတယ်။ ကာလံဒေသ အခြေအနေအရလို့ဆိုရမလား။ ဒေသတွင်းမှာ မငြိမ်သက်တဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်လည်း ဒေသခံ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အတွက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ လိုလားချက်တွေအတွက် ဒီနှစ်ထဲမှာတော့ ပွဲတော်ကို အကျဉ်းချုံးပြီး ကျင်းပဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သုံးနှစ်မြောက်မှာအခုလို ပွဲတော်ကျင်းပလိုက်တဲ့အတွက် ပြည်သူတွေနဲ့ ဒေသခံတွေကလည်း ပျော်ရွှင်ကြပါတယ်။

ဒီပွဲဟာ သင်္ကြန်အပြီး ရခိုင်ပြည်နယ်အတွင်းမှာ စည်ကားတဲ့ ပွဲတော်တစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ပြည်သူများ စိတ်ဝင်စားတဲ့ လှေပြိုင်ပွဲ (ပြိုင်လောင်းပြိုင်ပွဲ) နဲ့ မြစ်ပြင်ထဲမှာ လှေစီးပြီးရေပက်ကြတာ ဖြစ်တယ်။ လှေတွေနဲ့ ကစ္ဆပမြစ်ပြင်ထဲမှ တစ်ဦးနဲ့တစ်ဦး ရေပက်ကြရတာဟာ အင်မတန် ပျော်ရွှင်ဖွယ်ကောင်းလှပါတယ်။ လှေတွေကိုလည်း စုစည်းထားတဲ့အတွက် ဘဲအုပ်ကြီး ရေထဲ မျောနေသလို မြင်တွေ့ရပါတယ်။ နောက်ပြီး ကျောက်တော်တောင်ကိုလည်း ပြည်သူတွေသွားလာလို့ အဆင်မပြေတာ ကြာခဲ့ပြီဖြစ်တဲ့ ဘုရားဖူးချင်ကြတဲ့ ရခိုင်ပြည်သူတွေ အတွက်လည်း ပွဲတော်ကာလဟာ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

ဧပြီ ၂၇ ရက်မှ မေ ၂ ရက်အထိ ခြောက်ရက်တိုင် ကျင်းပခဲ့တဲ့ပွဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အစောပိုင်းနေ့တွေမှာ ရေပေါ်မှာ လှေစီးရေပက် ကြတာမတွေ့ရပါဘူး။ ဒီလိုလှေ မစီးကြတာကလည်း ညအချိန်မှာ မြစ်အတွင်းက အော်သံတွေကို ကြားနေရတဲ့အတွက်လို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။ ဒီလိုမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ကျယ်ပြန့်တဲ့ မြစ်ပြင်မှာ လှေစီးရမှာ ဆိုတော့ သတိမထားရင် အသက် ဆုံးရှုံးမှုတွေရှိနိုင်တာကြောင့်လည်း ဖြစ်တယ်။ ဒါပေမဲ့ လိုအပ်တဲ့၊ လုပ်သင့်လုပ်ထိုက်တာတွေကိုလည်း ပွဲနဲ့ပတ်သက်ပြီး တာဝန်ယူထားတဲ့ သူတွေ၊ ဦးဆောင် ဦးရွက်ပြုသူတွေက လုပ်ဆောင်ခဲ့ကြပြီးမှ နောက်ဆုံး နှစ်ရက်မှာ လှေစီးခွင့်ပြု ခဲ့တယ်လို့လည်း သိရပါတယ်။

“ပျော်ရွှင်စရာကောင်းတဲ့ ပွဲတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သင်္ကြန်အပြီးမှာ ကျင်းပတဲ့ ဒုတိယပွဲတော် ဖြစ်တယ်။ အရင် နှစ်နှစ်တိုင်တိုင် မကျင်းပနိုင်ခဲ့တဲ့အတွက် ဒီနှစ်မှာ ကျင်းပတော့ ရပ်နီးရပ်ဝေးက လာရောက်ကြတယ်။ ကျောက်တော်တောင်ဘုရားကိုလည်း ဖူးမြော်ခွင့်ရခဲ့တယ်။ တစ်ပါတည်း မဟာမြတ်မုနိဘုရားကိုလည်း သွားရောက်ဖူးမြော်နိုင်တဲ့အတွက် ပျော်မိပါတယ်”

ပွဲတော်လာ ပရိသတ်တစ်ယောက်ရဲ့ စကား။ မြောက်ဦး၊ မင်း ပြား၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံ အစရှိတဲ့မြို့တွေက လာရောက်တာများပါတယ်။ ပွဲဆိုရင် ဘယ်ပွဲပဲဖြစ်ဖြစ်သွားကြတဲ့ သူတွေများကြပါတယ်။ ဒါကြောင့်လည်း ပွဲကျင်းပတိုင်း စည်ကားတတ်ပါတယ်။ နေပူပူအောက်မှာ ရေလောင်း၊ ရေပက်ရတာကလည်း အရသာတစ်မျိုးရှိလှပါတယ်။ စာရေးသူတို့ ငယ်ငယ်ကဆိုရင် ကျောက်တော်တောင်ပွဲကို သွားချင်ပေမဲ့ ခရီးလမ်းမဖြောင့်တာကြောင့် မသွားခဲ့ရ။ အခုတော့ရပ်နီးရပ်ဝေးက လူတွေ လာရောက်နိုင်ပြီ ဖြစ်တယ်။

“ကျောက်တော်တောင်ပွဲ၊ မဟာမြတ်မုနိဘုရား၊ မြောက်ဦးဘုရားတွေကို သွားရောက်ဖူးချင်လိုက်တာကွာ။ တစ်ခေါက်လောက် ဖူးခွင့်ရရင် သေပျော်ပါပြီ” အဘိုး ပြောခဲ့သော စကားများ။ အဘိုး သေသွားပေမဲ့ အဲဒီဘုရားတွေကို မရောက်ဖြစ်ခဲ့။ ဒါပေမဲ့ အဘွားကတော့ ကံကောင်းတယ်လို့ပြောရမယ်။ လမ်းတွေကောင်းလာတော့ ရောက်ဖြစ်ခဲ့တယ်။ အဘွားနဲ့အတူ အဘိုးလည်း ဘုရားဖူးချင်လိမ့်မယ်။ အဘွားလည်း အဘိုးနဲ့အတူ ဘုရားဖူးချင်ပေမဲ့ သွားလေသူကြီးအတွက်တော့ အမျှဝေသာဓုခေါ်ခွင့်ရခဲ့တယ်လို့ မသေခင် ပြောပြရှာပါတယ်။

ကိုယ့်ပြည်ကိုယ့်မြေက တန်ခိုးကြီးဘုရားတွေကို လူတိုင်း ရောက်ချင်၊ ဖူးချင်ကြတယ်။ အဲဒါကလည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ တူညီတဲ့ ဆန္ဒတွေများ ဖြစ်နေမလားလို့ တွေးမိပါတယ်။ ဒီနှစ်ထဲမှာတော့ စာရေးသူတို့ မိသားစုအားလုံး၊ တစ်အိမ်လုံးက လူတွေ ကျောက်တော်တောင်ဘုရားဖူးဖို့ ပွဲတော်ရက်မှာ ရောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနေ့က လှေစီးတဲ့လူတွေ မရှိသေးတဲ့အတွက် လှေစီးခွင့်၊ ရေပက်ခွင့်မရခဲ့ပါဘူး။ စစ်တွေ-ကျောက်တော် နေ့ချင်းပြန်ဘုရားဖူးဖြစ်ပါတယ်။

ကျောက်တော်တောင်ကိုရောက်တော့ မျောက်တွေအတွက် အစာတွေဝယ်ကျွေးကြတယ်။ ရာနှင့်ချီတဲ့ မျောက်တွေဟာ အခုဆိုရင် ဆယ်ဂဏန်းလောက်သာရှိတော့တာလား မဆိုနိုင်။ သိပ်မတွေ့ရသလို အကောင်အကြီးတွေလည်း သိပ်မတွေ့ခဲ့ရပါ။ နှစ်နှစ်ဆိုတဲ့ အချိန်ကာလမှာ ဘေးမဲ့ပေးထားတဲ့ မျောက်တွေတောင် ထွက်ပြေးသွားကြပြီလို့ ထင်ပါတယ်။

တကယ်တော့ ကျောက်တော်တောင် ခြေနဲ့ကပ်လျက်မှာ ကစ္ဆပမြစ်ဟာ တောင် မြောက် သွယ်တန်း စီးဆင်းနေတဲ့အတွက် တောင်ပေါ်ကကြည့်ရင် မြို့တစ်ခုလုံးကိုမြင်နိုင်ပါတယ်။ ကစ္ဆပနဒီတံတားကိုလည်း အပေါ်စီးကနေ မြင်တွေ့ခွင့်ရတဲ့နေရာဖြစ်ပါတယ်။ စေတီရင်ပြင်ပေါ်က တောင်မြောက်လေးဘက်ကို ကောင်းကောင်းကြီး ရှုမြင်ခွင့်ရခဲ့သလို ကျောက်တော်ဝန်းကျင်ရဲ့ ပထဝီ အနေအထားနဲ့ လှပတဲ့ပတ်ဝန်းကျင်မြင်ကွင်းက တောင်အတက်မှာ မောခဲ့သော အမောတို့ ပြေပျောက်သွားစေပါတယ်။

ခြောက်သွေ့တဲ့လယ်ကွင်း ပြင်တွေ၊ စိမ်းစိုတဲ့တောအုပ်တွေ၊ သစ်တောသစ်ပင်တွေက ပန်းချီ ဆရာတွေတောင် လက်မှိုင်ချရမယ့် အနေအထားဖြစ်ပါတယ်။ တောင်ပေါ်စေတီရင်ပြင်မှာ စည်ကားစွာရောက်ရှိလာတဲ့ လူတွေကလည်း မနည်းလှ။ သို့သော်ဘုရား လူကြီးတွေ၊ အလှူခံမဏ္ဍပ်တွေကိုတော့ အရင်နှစ်တွေကလို မတွေ့ခဲ့ရပေ။ တစ်စုံတစ်ခုအကြောင်းရှိလို့သာ ဖြစ်လိမ့်မည်ဟု သိလိုက်ပါတယ်။ သို့သော်လည်း ပွဲတော်ဟာ စည်ကားသိုက်မြိုက်ခဲ့သည်သာ ဖြစ်ပါတယ်။

ပွဲတော်ကာလအတွင်း ထိခိုက်ဒဏ်ရာရသူများ၊ အသက်ပေးရသူများမရှိပါစေနှင့် မဖြစ်ပေါ်ပါစေနှင့်ဟု ဆုတောင်းခဲ့ပါတယ်။ ထိုတောင်းဆုမှာ ပြည့်စုံလိမ့်မည်ဟု မျှော်လင့်မိပါတယ်။ တစ်ခါတစ်ရံတွင် လှေမှပြုတ်ကျသူ၊ ထိခိုက်ဒဏ်ရာရသူများရှိတတ်ပါတယ်။ ယင်းအတွက် ထိုသို့ဆုတောင်းခြင်းဖြစ်ပါတယ်။

ခြုံ၍ဆိုရလျှင် ကျောက်တော်တောင် ဘုရားပွဲသည်  ဗုဒ္ဓပူဇနိယပွဲတော်တစ်ခုဖြစ်သည်နှင့်အညီ ဗုဒ္ဓဘာသာဝင်တို့၏ပွဲလည်း ဖြစ်ပါတယ်။ ယင်းပွဲတွင် ပျော်ပွဲရွှင်ပွဲများအဖြစ် လှေပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပလေ့ရှိကြပါတယ်။ ရခိုင်ရိုးရာကျင် ပွဲများထည့်သွင်းလေ့ရှိကြပါတယ်။ သို့သော်လည်း စိတ်ပန်းလူပင်ပန်းမှုများကို လှေစီးပြီး ရေပက် အမောဖြေကြလေ့ရှိသည့်အတွက် လွန်စွာ ပျော်ရွှင်ဖွယ်ကောင်းသော ပွဲတော်တစ်ခုဖြစ်သည့်အပြင် ပွဲတော် ကျင်းပရေးကော်မတီများအနေဖြင့်လည်း အများအတွက် ထည့်တွက် စဉ်းစားပေးခြင်းဖြစ်သည့်အတွက် ပွဲတော်မှာ အဆင်ပြေလှခြင်း ဖြစ်ပါတယ်။ နောင်နှစ်များမှာလည်း ထိုပွဲတော်သို့ လာရောက်ဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်။

ဘုရားဖူးပြီး တောင်ပေါ်မှ အတွေးနယ်ချဲ့ကာ တောင်ပေါ်မှ ဆင်းလာခဲ့သော စာရေးသူမှာ တောင်အတက်မှာ မောခဲ့သမျှ တောင်အဆင်းတွင် သက်သောင့်သက်သာရှိလှသော်လည်း ခြေလှမ်းတို့မှာ လေးလံနေမိပါတယ်။

Most Read

Most Recent