ဘဏ်များတွင် အပ်နှံထားသည့်ငွေများ မည်သည့်အကြောင်းနှင့်မျှ ဆုံးရှုံးရန်မရှိကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား

ဘဏ်များတွင် အပ်နှံထားသည့်ငွေများ မည်သည့်အကြောင်းနှင့်မျှ ဆုံးရှုံးရန်မရှိကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 7 May 2021

ဘဏ်များတွင် အပ်နှံထားသည့်ငွေများ မည်သည့်အကြောင်းနှင့်မျှ ဆုံးရှုံးရန် မရှိကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို မေ ၇ ရက် မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

“နောက်တစ်ခုကတော့ ကျွန်တော်အဓိကပေးချင်တဲ့ Message ကတော့ ဘဏ်တွေမှာ ဖွင့်ထားတဲ့ ငွေစာရင်းထဲက ငွေတွေ ဘယ်လိုအကြောင်းကြောင်းနဲ့မှ ဆုံးရှုံးစရာမရှိဘူးဆိုတဲ့ Message ပါ။ ဘာလို့ဆို ဒီကိစ္စအပေါ်မှာ မူတည်ပြီး ဒီပြဿနာ ဖြစ်လာတာပါ။ ဘဏ်ဆိုတာက အားလုံးတက်လာတဲ့မီဒီယာတွေ အားလုံး သိပါတယ်။ ဘဏ်ဆိုတာ ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းချက်တွေနဲ့အညီ ထိန်းကျောင်းခံ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကို Central Bank ကနေပြီးတော့ ဌာနကြီး ခုနစ်ခုနဲ့ ဒီ Institution ကြီးကနေပြီးတော့ အားလုံးကို ကွပ်ကဲနေတာ ဖြစ်ပါတယ်။ အဲဒီတော့ အများပြည်သူအနေနဲ့က ကိုယ်အပ်နှံထားတဲ့ငွေတွေကို ဆုံးရှုံးသွားဖို့အကြောင်း လုံးဝမရှိဘူးဆိုတာကို ကျွန်တော် သေချာလေး တင်ပြလိုပါတယ်။ အသိပေးလိုပါတယ်။ သမိုင်းဖြစ်စဉ်တွေကိုကြည့်ပါ။ ကိုယ်ကြုံတွေ့ဘူးတဲ့ Bank Crisis တွေ၊ ပြဿနာတွေပေါင်းစုံ ကျွန်တော်တို့သမိုင်းမှာရှိခဲ့ပါတယ်။ အဲဒီမှာ ငွေဆုံးရှုံးခဲ့တယ်ဆိုတာ မရှိခဲ့ဘူး”ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။

ဥပဒေအကျိုးအကြောင်းအရ ဘဏ်များတွင် အပ်နှံထားသော အပ်နှံသူများ၏ ငွေကို မည်သည့်အခြေအနေမျိုး တွင်ဖြစ်စေ ပြန်လည်ပေးရမည်ဆိုသည့် တာဝန်နှင့် ဥပဒေရှိပြီးသားဖြစ်သည့်အတွက် ဥပဒေအရ ထိန်းကျောင်းနေသော ဗဟိုဘဏ်အနေဖြင့် အပ်နှံသူများ၏ ငွေသည် ဆုံးရှုံးရန်အကြောင်း မရှိကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ဆုံးရှုံးရန် မရှိသော်လည်း ယခုကဲ့သို့ ဘဏ်များမှ အထပ်ထပ်အခါခါ ငွေထုတ်ယူရမှုကို သည်းခံရန် လိုအပ်ပြီး ထိုသို့ ဖြစ်နေခြင်းသည် နိုင်ငံရေးနှင့်ဆိုင်ကြောင်း၊ တိုင်းပြည်တစ်ခုတွင် နိုင်ငံရေးနှင့်ဆက်စပ်၍ တက်လာသော အစိုးရ၏ စီမံချက်များအပေါ် ပျက်စီးစေရန် လုပ်ဆောင်လာသော အနေအထားမျိုးနှင့် စီးပွားရေးကဏ္ဍကို ပျက်စီးစေရန် လုပ်ဆောင်လာသော အနေအထားမျိုးအပေါ် မူတည်၍ ဗဟိုဘဏ်အနေဖြင့် ကန့်သတ်မှုများ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

“ အခုလို ကန့်သတ်ချက်ကလည်းပဲ နိုင်ငံတကာမှာ ဗဟိုဘဏ်တွေမှာ ကန့်သတ်ဖို့၊ ကန့်သတ်နိုင်တဲ့ အခွင့်အာဏာရှိကြောင်း ပြောကြားလိုပါတယ်။ ဒီကန့်သတ်ချက်ကလည်းပဲ ကျွန်တော်တို့ ယာယီပဲ ဖြစ်ပါတယ်။ ယာယီပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကာလတစ်ခုကိုပဲ ကျွန်တော်တို့က ကန့်သတ်သွားမှာ ဖြစ်ပါတယ်” ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။

 

ယခင်က အင်တာနက်လိုင်း မရရှိမှုကြောင့် ATM များတွင် ငွေထုတ်ယူရန် တန်းစီစောင့်ဆိုင်းရမှုများ ရှိခဲ့သော်လည်း ယခုအခါ ဧပြီ ၂၈ ရက်မှစ၍ Mobile DATA များ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ပြီဖြစ်ကာ Wave Money၊ MPT Pay ကဲ့သို့သော Mobile Banking များ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ အဲဒီတော့ လက်ဝယ်မှာ ငွေသားထားရှိသူတွေက ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုတာက လက်ဝယ်မှာ ငွေသားတွေ ထားတဲ့သူတွေက လုံခြုံမှုရှိပြီးတော့ အတိုးရမယ့်ဘဏ်မှာ အပ်နှံစေချင်ပါတယ်” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ငွေသားလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပြီး ပြင်ပတွင် ရာခိုင်နှုန်းတစ်ခု ယူ၍ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်နေခြင်းသည် ဗဟိုဘဏ်ဥပဒေအရဖြစ်စေ၊ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးဆိုင်ရာ ဥပဒေအရဖြစ်စေ တရားဝင်သည့်ကိစ္စများ မဟုတ်ကြောင်းလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူး ကောင်းထက်စံက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ ကျွန်တော်တို့တွေ ဒါကို ထိထိရောက်ရောက်နဲ့ အရေးယူသွားပါမယ်။ ကျွန်တော်တို့ကို သတင်းပေး တိုင်ကြားလို့လည်း ရပါတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့တွေလည်း အခု လိုက်လံပြီးတော့မှ စုံစမ်းလျက်ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့တွေ ဒါတွေကို ထိထိရောက်ရောက်နဲ့ အရေးယူသွားမယ်ဆိုတာကို ပြောကြားလိုပါတယ်” ဟု ဗိုလ်မှူး ကောင်းထက်စံက ပြောကြားသည်။

ဘဏ်လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့်ပတ်သက်၍ ငွေကြေးလည်ပတ်မှုများ ပြန်လည်အဆင်ပြေစေရန် Online Banking System အား အကောင်အထည်ဖော်လျက်ရှိရာ လက်ရှိအချိန်တွင် ၇၀ ရာခိုင်နှုန်းခန့် အောင်မြင်နေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူး ကောင်းထက်စံက ပြောကြားသည်။

နိုင်ငံရေးအပြောင်းအလဲတွင် ဝန်ထမ်းများသည် CDM လုပ်ကြကြောင်း၊ CDM လုပ်သည့်အတွက် ဝန်ထမ်းအခက်အခဲကိစ္စမှ အခြေခံကာ ဘဏ်များအားလုံးမဖွင့်နိုင်ချိန်တွင် ဖွင့်သည့်ဘဏ်တွင် လူများစု၍ တန်းစီလာရောက်ထုတ်ယူခြင်း ဖြစ်ပေါ်လာကြောင်း၊ ယင်းအပေါ် နိုင်ငံရေးအမြတ်ထုတ်သူများမှ ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်၏စီပွားရေးနှင့် ဘဏ်စနစ်နှစ်ခုလုံးကို ဖျက်စီးလိုသည့်စိတ်ဖြင့် ဘဏ်များ စိတ်မရဟုဆိုကာ ဘဏ်များတွင်ရှိသည့်ငွေများ အကုန်ထုတ်မည်ဆိုသည့် လှုပ်ရှားမှု ပြုလုပ်လာကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ကပြောကြားသည်။

“ဘဏ်မှာရှိတဲ့ငွေတွေ အကုန်ထုတ်မယ်ဆိုတဲ့ Campagin တွေ တက်လာပြီးတော့ ငွေမထုတ်ဘဲနဲ့လည်း တန်းစီပြီးတော့ ပြည်သူလူထုတွေက ဘဏ်အပေါ်မှာ ယုံကြည်မှုပျက်အောင် ဒီအနေအထားတွေ လုပ်လာပါတယ်။ အဲဒီအခါမှာ ဗဟိုဘဏ်အနေနဲ့က ဒီဘဏ်စနစ်ကို တည်ငြိမ်မှုကို ထိန်းသိမ်းဖို့အတွက် ကန့်သတ်ချက်ကို ထုတ်လိုက်တာဖြစ်ပါတယ်။ ဒါကန့်သတ်ချက်ထုတ်ရတဲ့ အကြောင်းအရင်း ဇစ်မြစ်ကို ကျွန်တော် ရှင်းပြတာဖြစ်ပါတယ်။ အဲတော့ ဒီကန့်သတ်ချက်ကလည်းပဲ ယာယီကန့်သတ်ချက်ပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ တည်ငြိမ်မှုရှိလာတာနဲ့ဖြေလျော့ပေးသွားမှာဖြစ်ပါတယ်။ အဲ့တော့ ဘယ်အချိန်မှာ ဖြေလျော့မလဲ၊ ဘယ်လောက်အထိ ကြာမလဲဆိုတဲ့ အချက်တွေနဲ့ပတ်သက်ပြီးတော့ ပြောရမယ်ရရင်တော့ ကျွန်တော် အသိပေးချင်တာလေးတစ်ခု ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချက်အလက်က အခြားအကြောင်းအရင်းတွေအပြင်ကို အခုလို တန်းစီပြီးတော့ ထုတ်နေတဲ့လူတွေ၊ ခုနတုန်းက များနေသူတွေပေါ့။ ဘဏ်မှာပြန်ပြီးတော့ ကိုယ့်ရဲ့ငွေကို စိုးရိမ်စိတ်နဲ့ ထုတ်လိုသူတွေက ထုတ်လာတာနဲ့တစ်ပြိုင်တည်းပဲ အဲ့လိုတန်းစီပြီးတော့ ပြည်သူလူထု ယုံကြည်မှုပျက်စေသော အကြောင်းတရားတွေ ဖြစ်လာအောင် တန်းစီထုတ်တယ်။ အဲ့တော့ ထုတ်တဲ့လူက ပထမ ရိုးရိုးထုတ်တယ်။ နောက် နိုင်ငံရေး ခုတုံးလုပ်တယ်။ တကယ်မလိုပဲနဲ့ ထုတ်ယူပြီးတော့ တန်းစီပြီးတော့ လုပ်တယ်။ ဒီအကြောင်းတွေအပေါ် မူတည်ပြီးတော့ တစ်ပြိုင်တည်းဖြစ်တဲ့ပြဿနာက အပ်မယ့်လူတွေက ဘဏ်မှာ ငွေလာပြီးတော့ မအပ်တော့ဘဲနဲ့ အဲ့ငွေတွေကို အိမ်မှာ သိမ်းတဲ့ ပြဿနာပေါ်လာတယ်။ ပေါ်လာပြီးတော့ အဲငွေတွေ များလာတဲ့အခါမှာ လုံခြုံမှုလည်းမရှိဘူး၊ စိုးရိမ်ပူပန်မှုတွေက ဖြစ်လာတယ်” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။

ထို့ကြောင့် ဗဟိုဘဏ်အနေဖြင့် ငွေသားအပ်နှံမည်ဆိုပါက ဘဏ်စာရင်းအသစ်ဖွင့်၍ အပ်နှံနိုင်ကြောင်းကို ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ငွေသားများထုတ်ယူပြီး နေအိမ်တွင် ထားရှိရာတွင် မလုံခြုံသည့်အခြေအနေကို ခံစားနေရပြီး တစ်ဖက်တွင်လည်း ဘဏ်သို့အပ်နှှံပါက ပြန်ထုတ်ရာတွင် ကန့်သတ်ချက်ရှိနေသည့် အခြေခံပေါ်မူတည်၍ ဖြေရှင်းရန် ဘဏ်စာရင်းသစ်ဖွင့်လှစ်၍ ငွေအပ်နှံစေခြင်း ဖြစ်ကြောင်း၊ ဘဏ်စာရင်းဟောင်းတွင်လည်းအပ်နှံနိုင်ပြီး ယင်းစာရင်းဟောင်းသည်လည်း လိုအပ်ချက်အရ ယာယီကန့်သတ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ မလိုတဲ့သူတွေက ထုတ်တယ်။ စိုးရိမ်မှုပေါ့။ စိုးရိမ်မှုကို အပြစ်မတင်ပါဘူး။ အဲဒါကြောင့်မို့လို့ စိုးရိမ်စရာ မလိုဘူးဆိုတာကို တင်ပြခြင်းဖြစ်ပါတယ်။ စိုးရိမ်မှုနဲ့ထုတ်တာတွေ လျှော့ချလိုက်ပါ။ ပြီးရင်အိမ်မှာ ကျွန်တော်တို့ နောက်ထပ်ထုတ်ပြန်တဲ့ ညွှန်ကြားချက်အရဆိုရင် အပ်တဲ့ငွေတွေကို အရင်အတိုင်းပဲ ကြိုက်သလောက် ထုတ်လို့ရပြီ။ အဲဒါကြောင့်မို့လို့ အဲဒီငွေတွေကို အိမ်မှာရှိတဲ့သူတွေ အပ်လိုက်ကြပါတယ်။ အဲဒါဆိုရင် Banking Process အပ်တဲ့သူအပ်မယ်။ လိုတဲ့သူတွေ ထုတ်မယ်ဆိုတဲ့အချက်က အင်မတန်ရိုးစင်းလွယ်ကူတဲ့အချက်ပါ။ အဲဒီရိုးစင်းတဲ့အချက်ကို ဝိုင်းလုပ်ပေးရမှာက ပြည်သူလူထုပဲ။ အခုလိုတန်းစီနေတဲ့ပြည်သူလူထုပဲ။ ငွေထုတ်လို့မရ၊ အပ်လို့မရတဲ့ ပြည်သူလူထုပဲ။ ဒီပြည်သူလူထုကပဲ Banking System ကြီးကို Healthy ဖြစ်အောင်လုပ်ဖို့ဆိုတာ တစ်ယောက်တစ်လှည့်ဝိုင်းပြီး လုပ်လို့ရတဲ့ ကိစ္စရပ်ပါ” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။

Most Read

Most Recent