ပုဂံ-ညောင်ဦး-ပုပ္ပား ခရီးစဉ်ဒေသ၌ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့သည့် ဟိုတယ် ၁၀၇ လုံးရှိပြီး လက်ရှိတွင် ဟိုတယ် ၂၉ လုံးသာ ပြန်လည်ဖွင့်လှစ်နေ

ပုဂံ-ညောင်ဦး-ပုပ္ပား ခရီးစဉ်ဒေသ၌ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့သည့် ဟိုတယ် ၁၀၇ လုံးရှိပြီး လက်ရှိတွင် ဟိုတယ် ၂၉ လုံးသာ ပြန်လည်ဖွင့်လှစ်နေ
Published 6 May 2021
မင်းလတ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသအတွင်းရှိ ဟိုတယ်၊ တည်းခိုရိပ်သာများနှင့် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသရှိ ဟိုတယ်၊ တည်းခိုရိပ်သာများ ယာယီပိတ်ထားရာမှ ယခင်အစိုးရ မှ လက်ရှိအချိန်ပြန်ပြီး ဖွင့်လှစ်ခွင့်ရရှိခဲ့သည့် ဟိုတယ် ၁၀၇ လုံးရှိပြီး လက်ရှိပြန်လည်ဖွင့်လှစ် လုပ်ကိုင်နေသည့် ဟိုတယ်မှာ ၂၉ လုံးသာ ပြန်လည်ဖွင့်လှစ်နေသည်ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲထံမှ သိရသည်။

“ ကျွန်တော်တို့ ဟိုတယ်ခရီးကို ၂၁ရက်နေ့ မတ်လမှာ ပုဂံညောင်ဦးဒေသကို ဟိုတယ်တွေ ပြန်ဖွင့်ခွင့်ပြုခဲ့တယ်။ ပုဂံညောင်ဦးမှာ တရားဝင် ဖွင့်လှစ်ခွင့်ရတာက အရင်တုန်းက ဖွင့်ခွင့်ရခဲ့တာပေါင်းရင် အားလုံး ၉၄ လုံး ကျောက်ပန်းတောင်းက ဟိုတယ် ၁၃ လုံး စုစုပေါင်း ၁၀၇ လုံးရှိတယ်။ ပုဂံ၊ ညောင်ဦး၊ ပုပ္ပားခရီးစဉ်ဒေသမှာ ပြန်ပြီးဖွင့်လှစ်ခွင့်ရရှိခဲ့တယ်။ ပြန်ဖွင့်လှစ်တာရရှိပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် တကယ်ပြန်ပြီးဖွင့်လှစ်နေတာက ပုဂံညောင်ဦးမှာ ဟိုတယ် ၂၅ လုံး ပုပ္ပားမှာ လေးလုံး စုစုပေါင်း ၂၉ လုံးသာ ဖွင့်လှစ်လုပ်ကိုင်နေကြပါတယ်။ ပြန်ပြီး ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ဟိုတယ်တွေက ဝန်ထမ်းတွေကို ဟိုတယ်ခရီးညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲကနေ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတယ်။ ထိုးချင်တဲ့သူရှိရင် ထိုးနေတယ်။ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဟိုတယ်ခရီးညွှန်ကြားမှုဦးစီးဌာန ကျန်းမာရေးဦးစီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ထိုးပေးနေတာ ယနေ့အထိ စုစုပေါင်း ၃၇၅ ဦးရှိပါပြီ။ ဟိုတယ်မှာရှိတဲ့ ဝန်ထမ်းတွေ လုံခြုံစိတ်ချရတဲ့ခရီးသွားလုပ်ငန်းဖြစ်ဖို့ ထိုးပေးခဲ့ပါတယ်။ ပြည်တွင်းခရီးသွား ဘုရားဖူးတွေ ပြီးခဲ့တဲ့ ဧပြီလမှာဆို ပုဂံ ညောင်ဦးဒေသရှိ ရွှေစည်းခုံဘုရားကို လာရောက်ကြတာ ၁၉၄၆၂ ဦးဝင်ရောက်ခဲ့ပြီး ဗူးဘုရားမှာ ၂၀၄၈၈ ဦးဝင်ရောက်ခဲ့တာ စစ်တမ်းကောက်ယူထားတယ်။ ခရီးသွားဧည့်သည်တွေက ပုဂံညောင်ဦးဒေသကို ၃၀၀ လာရောက်ကြတယ်။ အခါရက်ကြီး လပြည့်နေ့တွေမှာတော့ ၅၀၀ ကနေ ၁၀၀၀ ဝင်ရောက်လည်ပတ်တာ တွေ့ရပါတယ်” ဟု ဟိုတယ်နင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံ ညောင်ဦးရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ညောင်ဦးခရိုင် ညောင်ဦးမြို့နှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသသည် ခရီးသွားလုပ်ငန်းအပေါ် အခြေပြုသည့် ဒေသဖြစ်ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဒေသအတွင်း ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ Inn စုစုပေါင်း ၂၀၀ ခန့်ရှိကြောင်း သိရသည်။

Most Read

Most Recent