အလုပ်လက်မဲ့အကျပ်အတည်း

အလုပ်လက်မဲ့အကျပ်အတည်း
Published 6 May 2021

Worldometers ၏ ဖော်ပြချက်အရ မေ ၆ ရက်အထိ ကမ္ဘာပေါ်တွင် COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၁၅၅,၈၈၈,၉၅၈ ဦးရှိပြီး သေဆုံးသူပေါင်း ၃,၂၅၇,၆၂၇ ဦး ရှိသည်။ မြန်မာနိုင်ငံတွင်လည်း မေ ၆ ရက်အထိ COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၁၄၂,၈၇၄ ဦး ရှိပြီး သေဆုံးသူပေါင်း ၃,၂၁၀ ဦး ရှိကြောင်း ရရှိနိုင်သမျှ စာရင်းဇယားများအားဖြင့် Worldometers ကပင် ဖော်ပြထားသည်။ ကမ္ဘာကြီးသည် ရောဂါကပ်ဘေးကြီးကို ကျော်လွှားနိုင်ခဲ့ပြီးလျှင်ပင် ပြင်းထန်သည့် စီးပွားရေးပျက်ကပ်ကြီးကို ခံရမည်မှာ သေချာ၍နေလေပြီ။ အဆိုးရွားဆုံးမှာ လူအများ အလုပ်အကိုင် မရှိတော့ဘဲ အလုပ်အကိုင်များ အသည်းအသန် ရှာဖွေနေရတော့မည့် အလုပ်လက်မဲ့ပြဿနာဖြစ်သည်။ အလုပ်လက်မဲ့နှုန်းက သမိုင်းတစ်လျှောက် မကြုံဖူးသည့်နှုန်းအထိ မြင့်တက်လာပေလိမ့်မည်။ လူအများ အလုပ်မရှိဘဲ အလုပ်အကိုင်များ အသည်းအသန်ရှာဖွေနေရသည့်အခါ အလုပ်လက်မဲ့ပြဿနာဖြစ်ပေါ်လာသည်။ အလုပ်လက်မဲ့နှုန်းဟူသည် အလုပ်လက်မဲ့များ ပျံ့နှံ့နေပုံကို တိုင်းတာချက်တစ်ရပ်ဖြစ်ပြီး အလုပ်လက်မဲ့အရေအတွက်ကို လက်ရှိအလုပ်အကိုင်ရှိသော သူအရေအတွက်ဖြင့် စားကာ ရာခိုင်နှုန်းရှာထားခြင်းဖြစ်သည်။ စီးပွားရေးပျက်ကပ်ကာလများအတွင်း စီးပွားရေးအဆောက်အအုံတစ်ခုအနေဖြင့် အလုပ်လက်မဲ့နှုန်း မြင့်မားခြင်းနှင့်ရင်ဆိုင်ရသည်။ အလုပ်လက်မဲ့ပြဿနာနှင့်ပတ်သက်၍ ဖြစ်ပွားရသည့်အကြောင်းရင်း၊ အကျိုးဆက်များနှင့် ဖြေရှင်းရန်နည်းလမ်းများသည် သဘောတရားရေးရာအရ အငြင်းပွားလျက်ရှိဆဲဖြစ်သည်။ ဂန္ထဝင်စီးပွားရေးပညာ၊ ဂန္ထဝင်သစ် စီးပွားရေးပညာနှင့် သြစတြီးယားစီးပွားရေးပညာတို့အရ အလုပ်လက်မဲ့ပြဿနာကိုဖြေရှင်းရာတွင် စျေးကွက်ဖြစ်စဉ်များသည် ယုံကြည်အားကိုး၍ရသော နည်းလမ်းများဖြစ်သည်ဟု ယူဆသည်။ ယင်းသဘောတရားများက သမဂ္ဂဖွဲ့ခြင်း၊ ဗျူရိုကရက်တို့၏ အလုပ်သမားဆိုင်ရာ စည်းမျဉ်းများ၊ အနိမ့်ဆုံးလစာသတ်မှတ်ချက်ဥပဒေ၊ အခွန်အတုပ်များနှင့် အလုပ်သမားငှားရမ်းခြင်းကိုအားမပေးသည့် အခြားထိန်းချုပ်ရေးစည်းမျဉ်းများကဲ့သို့သော ပြင်ပမှနေ၍ အလုပ်သမားစျေးကွက်အပေါ် သက်ရောက်သော စွက်ဖက်နှောင့်ယှက်မှုများကို ဆန့်ကျင်သည်။

Keynesian စီးပွားရေးပညာက အလုပ်လက်မဲ့ပြဿနာ၏ သံသရာလည်တတ်သော သဘောသဘာဝကို အထူးပြုဖော်ပြခဲ့ပြီး စီးပွားရေးပျက်ကပ်များအတွင်း အလုပ်လက်မဲ့လျော့ပါးရေးကို သေချာစေမည့် စီးပွားရေးတစ်ရပ်အတွင်း အစိုးရ၏ ဝင်ရောက်ဆောင်ရွက်မှုများကို အကြံပြုထားသည်။ Keynesian စီးပွားရေးပညာက အလုပ်သမားလိုအပ်ချက်မြင့်မားစေရန် ရည်ရွယ်ရေးဆွဲထားသည့် အစိုးရ၏ ပါဝင်ဆောင်ရွက်မှုများကို အကြံပြုထားသည်။ ယင်းတွင် ငွေကြေးလည်ပတ်စီးဆင်းမှုထဲသို့ အရင်းအနှီးများ ထည့်သွင်းခြင်း၊ အများပြည်သူဆိုင်ရာ ရန်ပုံငွေဖြင့် အလုပ်အကိုင်များဖန်တီးခြင်းနှင့် ငွေကြေးဆိုင်ရာ မူဝါဒများချမှတ်ခြင်း အစရှိသည်တို့ပါဝင်သည်။ Keynes က အလုပ်လက်မဲ့ ပြဿနာ၏အရင်းအမြစ်သည် ထုတ်ကုန်များ ပိုမိုထုတ်လုပ်ရေးထက် ငွေကြေးအမြတ်အစွန်း ပိုမိုရရှိရေးကိုသာ အလိုရှိသည့် ရင်းနှီးမြှုပ်နှံသူများ၏စိတ်ဆန္ဒဖြစ်သည်ဟု ယုံကြည်သည်။

အဆိုပါသဘောတရားများအပြင် စီးပွားရေးစနစ်အတွင်း အလုပ်လက်မဲ့ဆိုင်ရာ သက်ရောက်မှုများအပေါ် ပို၍တိကျစွာ အခြေခံထားသော အလုပ်လက်မဲ့ပြဿနာ အမျိုးအစားအနည်းငယ် ရှိသေးသည်။ အဓိကအလုပ်လက်မဲ့ပြဿနာ အမျိုးအစားများထဲတွင် ဖွဲ့စည်းပုံဆိုင်ရာ အလုပ်လက်မဲ့ပြဿနာနှင့် အလုပ်သမားစျေးကွက်အတွင်း စွမ်းရည်များ မဆီမလျော်ဖြစ်မှုတို့ ပါဝင်သည်။ ပထမပြဿနာသည် စီးပွားရေးစနစ်အတွင်း ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများအပေါ်အဓိကထားပြီး ဒုတိယပြဿနာတွင် လိုအပ်သော ကျွမ်းကျင်မှုများအရ အလုပ်သမားလိုအပ်ချက်နှင့် ဖြည့်ဆည်းမှု မကိုက်ညီမဆီလျော်ဖြစ်ခြင်း ပါဝင်သည်။ ဖွဲ့စည်းပုံဆိုင်ရာပြဿနာသည် နည်းပညာများနှင့် ဂလိုဘယ်လိုင်ဇေးရှင်းတို့ ဝင်ရောက်နှောင့်ယှက်ခြင်းနှင့် ပတ်သက်ပြီး အကြောင်းရင်းများနှင့် ဖြေရှင်းရန် နည်းလမ်းများအပေါ် အခြေပြုစဉ်းစားသည်။ အမူအကျင့်ဆိုင်ရာ စီးပွားရေးပညာရှင်များကလည်း အလုပ်လက်မဲ့ပြဿနာနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်ရာတွင် တစ်သီးပုဂ္ဂလဆိုင်ရာ ဘက်လိုက်မှုများ ရှိနေခြင်းကို အထူးပြုပြောဆိုကြသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံအတွင်း၌ အလုပ်လက်မဲ့နှုန်း လျှော့ချနိုင်ရန် စနစ်တကျ မူဝါဒများ ချမှတ်လျက် ရင်းနှီးမြှုပ်နှံသူများပါ ပူးပေါင်းပါဝင်ကာ ၀ိုင်းဝန်းဖြေရှင်းရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားဖော်ပြအပ်ပါသည်။

မေလ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent